ဗလငါးတန် အခြေခံဖြင့် အနာဂတ်ဆီ ရည်မျှော်သည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗလငါးတန် အခြေခံဖြင့် အနာဂတ်ဆီ ရည်မျှော်သည်



ဗလငါးတန်လို့ ဆိုလေတိုင်း လူငယ်တွေကို ဗဟိုပြုလေ့ရှိတယ်။ လူငယ်နဲ့ ဗလငါးတန်၊ ငါးတန်သော ဗလအင်အားနဲ့ လူငယ်တွေကို ယှဉ်တွဲမြင်ကြည့်တဲ့အခါ ကာယ၊ ဉာဏ၊ ဘောဂ၊ စာရိတ္တ၊ မိတ္တအင်အားတို့နဲ့ ပြည့်စုံတဲ့ တိုင်းပြည်တိုင်းဟာ တိုးတက်ဖွံ့ဖြိုးမှုအဆင့်တစ်ခုမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ကြတယ်ဆိုတာ တွေ့ရပါတယ်။


အဝေးအနီး၊ ကမ္ဘာ့မြင်ကွင်း၊ မြန်မာ့မြင်ကွင်း ဘယ်လိုကြည့်ကြည့်ပါ... ။ လက်ရှိ အခြေအနေတွေအပေါ် အခြေခံပြီး မှန်းမျှော်ကြည့်ရင် လူ့စွမ်းအားအရင်းအမြစ် ကောင်းကောင်း၊ ညီညီညွတ်ညွတ်နဲ့ အားထည့်ရမယ့်အရာ များစွာရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ အားလုံးစုစည်းလိုက်ရင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင်းအမြစ် အင်အားကြီးငါးရပ်သာ အဓိကပါပဲ။ ဖြည့်ဆည်းရမယ့်အပိုင်း၊ တိုးတက်ရမယ့်အပိုင်းများစွာ ကျန်ရှိနေပါတယ်။ ကမ္ဘာရော၊ မြန်မာမှာပါကြည့်လျှင် အတိတ်က ဒီလိုအင်အားတွေ ချို့တဲ့ခဲ့လို့ လက်ရှိငါတို့ဘဝတွေ ဒီလိုဖြစ်နေရတယ်။ လက်ရှိကာလကြီးမှာ မပြုပြင်မတည်ဆောက်ဘဲ ဆက်နေသွားရင် လက်ရှိမှာလည်း အရှုံး၊ အနာဂတ်မှာလည်း အဆုံးနဲ့သာ ရင်ဆိုင်ကြရပါလိမ့်မယ်။


စိတ်ဓာတ်တွေ မပြင်သရွေ့


မလုပ်တာမဟုတ်၊ လုပ်တော့လည်း လုပ်နေကြပါတယ်။ နေရာစုံ၊ ထောင့်စုံကနေ တက်တက်ကြွကြွ လုပ်နေကြပါတယ်။ အပျက်အစီး၊ အဖျက်အဆီးကြားထဲ အပြုသဘောဆောင်တဲ့အရာတွေလည်း ရှိပါတယ်။ လုပ်နေတဲ့ကြားထဲ ထပ်ကာထပ်ကာပေါ်လာတဲ့ ဖြည့်ဆည်းစရာတွေ၊ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ အပြောင်းအလဲတွေ၊ အရှိန်နဲ့ရွေ့နေတဲ့ အရွေ့တွေကြားထဲ အရှိန်အဟုန်နဲ့ကို တွန်းတွန်းတိုက်တိုက် လုပ်နေကြရပါတယ်။ Force တော့ ရှိပါရဲ့၊ distance ရှိမှလည်း Work ဟူသော အလုပ်က မည်မှာကိုး။ မပြည့်သေးရင် ဖြည့်ရမယ့်တာဝန်၊ မရွေ့သေးရင် ရွှေ့ရမယ့်တာဝန်ကား များစွာရှိနေဆဲပါ။


ပြောင်းတယ်ဆိုရာမှာ အဓိကအရေးကြီးဆုံးက အကျင့်တွေ ပြောင်းဖို့ကို ပိုပြီး ဦးစားပေးစေချင်တယ်။ အာဃာတအမုန်းနဲ့ သူတစ်လူ၊ ငါတစ်မင်း တိုက်ချင်ခိုက်ချင်တဲ့ စိတ်၊ မနာလိုဝန်တို၊ ပြောသမျှယုံ၊ အစွန်းမလွတ်၊ အတ္တကြီးတဲ့စိတ်တွေ များစွာပြင်ရဦးမှာပါ။ ပျက်စီးရာပျက်စီးကြောင်းတွေမှာ စိတ်ဓာတ် (mind set) ပျက်စီးတာက ပိုဆိုးပါတယ်၊ စိတ်ဓာတ်မကောင်းရင် ခံယူချက်လည်းပျက်၊ နယ်ပယ်အသီးသီးမှာ ပျက်စီးသွားပါတယ်။ အဖွဲ့အစည်းတွေမှာ တာဝန်ယူ၊ တာဝန်ခံမှုတွေ လျော့လာလို့ သိပ်ဆိုးရွားလာရင် အချင်းချင်း နားလည်မှု ယုံကြည်မှုပါ လျော့ကျပြီး ခေါင်းဆောင်မှုနဲ့ စည်းလုံးညီညွတ်မှုကိုပါ ထိခိုက်လာတတ်ပါတယ်။ နောက်ဆုံး လူအချင်းချင်း လူသားဝါဒပါကင်းမဲ့လာပြီး တိုက်ခိုက်သတ်ဖြတ်ခြင်းနဲ့သာ ဦးတည်ရာမဲ့လာကြတော့တယ်။ ဒါကြောင့် အရာရာစိတ်ကသာ ရှေ့ဆောင်မူတည်တာဖြစ်တဲ့အတွက် စိတ်ဓာတ်တွေကို အရင်ပြောင်းသင့်တယ်လို့ယူဆခြင်း ဖြစ်ပါတယ်၊ စိတ်ဓာတ်မပြောင်းဘဲနဲ့တော့ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလို ဖြစ်နေမှာပါပဲ။


နိုင်ငံအနေနဲ့လည်း ဤဗလငါးတန်ကိုသာ


လူ့အဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖွံ့ဖြိုးရေးကို ရယူလိုက ပညာအခြေခံတဲ့ အထက်ပါအင်အားငါးရပ်ကို ပီပီပြင်ပြင် ထိထိရောက်ရောက် မတည်ဆောက်ဘဲနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ ကာယ၊ ဉာဏ၊ ဘောဂ ၊ စာရိတ္တ ၊ မိတ္တ ထိုအင် အားငါးရပ်ဟာ တစ်ခုနဲ့တစ်ခု အမှီသဟဲ အထောက်အပံ့ပြု အညမည ဖြစ်နေကြသလို ထိုသို့ဖြစ်မှလည်း ဒီအင်အားတွေဟာ အတူတကွ ဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတဖြစ်လာမှာပါ။


ကာယဗလဆိုရာမှာ လူငယ်တွေအတွက်တော့ ကျန်းမာခြင်းလာဘ်တစ်ပါး၊ နိုင်ငံအတွက်တော့ အရည်အသွေးပြည့်တဲ့လူ့စွမ်းအားမှသည် ခိုင်မာတောင့်တင်းတဲ့ ကာကွယ်ရေးအင်အား ဖြစ်လာသည်အထိ ယနေ့ခေတ်မှာ အရေးကြီးပါတယ်။


ဉာဏဗလဆိုရာမှာ ပညာတတ်လူငယ်တွေကို အခြေခံပြီး စဉ်းစားဉာဏ်နဲ့ ဆင်ခြင်ပိုင်းခြားတွေးခေါ် တတ်တဲ့၊ နိုင်ငံသားများနေထိုင်တဲ့ လူ့အဖွဲ့အစည်းမျိုး၊ ထိုသို့သော နိုင်ငံသားများကသာ နိုင်ငံကို ရေရှည်ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဓန အင်အားဖြစ်တဲ့ ငွေကြေး၊ သယံဇာတ၊ လုပ်အား စတဲ့ စီးပွားအရင်းအမြစ်တွေ အားကောင်းဖွံ့ဖြိုးမှုဟာ ပြည်သူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများမှာ အောင်မြင်မှုရစေမယ့် အခွင့်အလမ်းများနဲ့လည်း ဆက်စပ်နေပါတယ်။


ရိုးသားဖြောင့်မတ်၊ ဝီရိယရှေ့ထားပြီး အတ္တ၊ ပရ မျှမျှတတနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ လူငယ်များကို ပြုစုပျိုးထောင်နိုင်တာနဲ့အမျှ ဒီလိုစိတ်ဓာတ်တွေနဲ့ တည်ထားတဲ့နိုင်ငံဟာ ဘယ်တော့မှ အပျက်ဘက်ကို ရောက်နိုင်စရာမရှိပါဘူး။ ပညာကြောင့် မိတ်ဆွေ အပေါင်းအသင်း ရွေးချယ်ပေါင်းတတ်လာပါမယ်၊ ဘယ်သူက မိတ်ဆွေတု၊ ဘယ်သူက မိတ်ဆွေစစ် ကွဲပြားလာပြီး နိုင်ငံတစ်နိုင်ငံအနေနဲ့ဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံများရဲ့ ဝန်းရံခြံရံမှုကို ရရှိလာနိုင်မှာဖြစ်ကာ ကမ္ဘာ့အလယ်မှာ ထည်ဝါတင့်တယ်လာမှာ ဖြစ်ပါတယ်။


ဉာဏဗလ အရင်းခံ၍


အခက်အခဲများ၊ ဖိအားများ၊ စိန်ခေါ်မှုများစွာနဲ့ အဘက်ဘက်မှာ အားနည်းချက်တွေရှိနေပေမယ့် ယနေ့ခေတ်မှာ သမိုင်းကြောင်းကောင်းအောင်၊ သမိုင်းကောင်း ရေးခွင့်ရသူတွေ နိုင်ငံမှာ အများကြီး ရှိနေပါတယ်။ စိတ်ပျက်အားလျော့စရာ မရှိသလို နောက်ကျခြင်းလည်းမရှိပါဘူး။ အထူးသဖြင့် လူငယ်တွေပါ၊ နောင်တတွေ၊ သင်ခန်းစာတွေကို အကျိုးရှိအောင်အသုံးချတတ်ရင် အသုံးတည့်ပါတယ်။ ပုံပြင်ဆန်ဆန် သံဝေဂယူစရာတွေကြားထဲက ယိုင်တဲ့နေရာပြန်တည့်၊ ကျနေတဲ့အားအင်တွေ ပြန်တက်လာအောင် အပြင်းအထန် ကြိုးစားရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့သမိုင်းကြောင်းကိုတော့ နားလည်ထားဖို့လိုပါတယ်။ စာများများ ဖတ်ပြီး သုံးသပ်နိုင်စွမ်းကသာ အမှားကို အရင်းခံတဲ့၊ အပြုသဘောမဆန်တဲ့ စိတ်ခံစားမှုများကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ယနေ့ပကတိ အခြေအနေမှန်ကိုလည်း အနီးစပ်ဆုံး ပုံဖော်လာနိုင်မှာ ဖြစ်ပါတယ်။


ရှေးဘုရင်များခေတ်မှစပြီး ခေတ်အဆက်ဆက် နိုင်ငံသမိုင်း၊ ဘာသာသာသနာနဲ့ တပ်မတော်သမိုင်းများကို သိခွင့်လည်းရ၊ သိအောင်လည်းလေ့လာနေမှသာ... နိုင်ငံသားတွေမှာ ဇာတိသွေးဇာတိမာန်တွေ မြင့်တက်လာပါမယ်၊ နိုင်ငံနဲ့လူမျိုးကို ချစ်တဲ့စိတ် မြန်မာဆိုတဲ့အမည်နဲ့ ဘာသာသာသနာကို ချစ်မြတ်နိုးတဲ့စိတ်တွေ တဖွားဖွား ပေါ်လာပါမယ်။ သမိုင်းကျေတဲ့အတွက် အတိတ်နဲ့ပစ္စုပ္ပန် ပြည်တွင်းနဲ့ပြည်ပ ပယောဂများကို ချိတ်ဆက်ပြီး ဆက်စပ်သိမြင်လာပါမယ်၊ နိုင်ငံသမိုင်းကို ကမ္ဘာ့သမိုင်းနဲ့ပါ ယှဉ်တွဲသိလာပြီး အမြော်အမြင်ရှိရှိနဲ့ အနာဂတ်အမြင်ကိုပါ ဖော်ထုတ်တတ်လာမယ်၊ ကိုယ်ကျိုးအတ္တများတဲ့ ခံယူချက်ကနေ အများအတွက်ဆိုတဲ့ခံယူချက်ဆီကို ပြောင်းလဲလာမယ်ဆိုတာ ပြောရဲပါတယ်၊၊


ညံ့တဲ့ခေါင်းဆောင်တွေကြောင့် ညံ့တဲ့ခေတ်တွေရှိခဲ့သလို တော်တဲ့ကောင်းတဲ့ ခေါင်းဆောင်တွေခေတ်မှာ နိုင်ငံတိုးတက်ခဲ့တာကို ခွဲခြားမြင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ခေါင်းဆောင်ကောင်းနဲ့ စည်းလုံးညီညွတ်မှုဟာ ခေတ်အဆက်ဆက်မှာ အရေးကြီးကြောင်း သမိုင်းသာဓကများစွာ ရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အနာဂတ် မျိုးဆက်အတွက် ဘယ်လောက်အရေးကြီးကြောင်း မိမိကိုယ်တိုင် သိလာရတဲ့အခါ ယနေ့ခေတ်ခေါင်းဆောင်တွေ အနေနဲ့ အားလုံးပါဝင်တဲ့ ညီညွတ်မှုတစ်ခုခုကို ဘာကြောင့် မရရအောင် တည်ဆောက်နေကြရသလဲ ဆိုတဲ့အသိ သိမြင်စွမ်းအားများလည်း မြင့်မားလာပါလိမ့်မယ်။


ပညာအသိနဲ့ ခိုင်မာတဲ့ စာရိတ္တအခြေခိုင်ရင်


ကမ္ဘာ့သမိုင်းကိုကြည့်ရင် နိုင်ငံသားတွေလည်း ညံ့၊ ခေါင်းဆောင်တွေလည်း ညံ့တဲ့ တိုင်းပြည်တွေဟာ ဆုတ်ယုတ်ပျက်စီးမှု မြန်ဆန်ကြောင်း တွေ့ရပါတယ်။ လေ့လာတဲ့အခါ အင်အားဖရိုဖရဲနဲ့ ဆင်းရဲတဲ့ နိုင်ငံငယ်တွေအပေါ် ပြင်ပအင်အားကြီးတွေရဲ့ ဘေးပယောဂကြောင့်လည်း ပါပါတယ်။ တဖြည်းဖြည်း ဆုတ်ယုတ်အားနည်းလာပြီး၊ အားနည်းရာကနေ ကျဆုံး၊ နောက်ဆုံးအလုံးစုံပြိုလဲအဆင့်တွေအထိ ရောက်သွားတဲ့ ဒီမိုကရေစီနဲ့လစ်ဘရယ် မရင့်ကျက် သေးတဲ့နိုင်ငံများရဲ့ဥပမာများစွာကို သင်ခန်းစာယူစေချင်ပါတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်စီမံမှုနယ်မြေများအရေး၊ ရာဇဝတ်မှုခင်း၊ မူးယစ်၊ လက်နက် စတဲ့ အရေးကိစ္စတွေကို ဗလငါးတန်အခြေခံတဲ့ အမျိုးသားရေးအားမာန်များက တစ်ဆင့်သာ ရှောင်ရှားတိုက်ဖျက်ရပါမယ်။


ဒီမိုကရေစီဆိုတဲ့ အယူအဆဟာ ဉာဏနဲ့စိတ္တဗလကိုမှအခြေမခံရင် အလုပ်မဖြစ်ပါဘူး။ မြင့်မားတဲ့ ပညာအသိနဲ့ ခိုင်မာတဲ့စာရိတ္တကြောင့်သာ စည်းမဲ့ဘောင်မဲ့မဖြစ်၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအချို့ကို ယနေ့မြင်တွေ့ခွင့်ရတာ ဖြစ်ပါတယ်။ ပညာနဲ့စိတ်ဓာတ်ချို့တဲ့ခြင်းမှတစ်ဆင့် တာဝန်ယူမှုမရှိတဲ့ လွတ်လပ်ခွင့်၊ တလွဲအယူစွဲတွေကြောင့်လည်း ဒီမိုကရေစီဟာ အကျည်းတန်နေရခြင်းဖြစ်ကြောင်းကို ယနေ့အချိန်မှာ သင်ခန်းစာကျေညက်သင့်ကြပြီလို့ ယူဆပါတယ်။


ငါ ဆိုတဲ့ တစ်ဦးချင်း အခွင့်အရေးမှာ ရပ်တည်ခဲ့ကြလို့


ကျွန်တော်တို့ကိုယ်တိုင် တစ်ဦးချင်းအခွင့်အရေးကို ဦးစားပေးရမယ်ဆိုတဲ့အမြင်ကြီးကို လက်ခံမိခဲ့ ပါသလား... ပြန်စဉ်းစားကြည့်မိပါတယ်၊၊ လက်ခံပုံ မတူကြတဲ့အပြင် အသုံးချပုံတွေမှာပါ ကွဲပြားခဲ့ကြသည်ကို မေ့လျော့ခဲ့ကြပြီး လုံးဝမသိတာထက် ခပ်တိမ်တိမ်အသိက ပိုဆိုးကြောင်း ဝန်ခံပါတယ်၊၊ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အခွင့်အရေးနဲ့ ယှဉ်ပြီးမကောင်းတဲ့နေရာမှာ မကောင်းတဲ့သူတွေက အသုံးချဖြစ်တဲ့အထိ ကံဆိုးမိုးမှောင်ကျသွားတဲ့အခါ ယခုလိုအချိန်မှာ လူ့အသက်ပေါင်းများစွာနဲ့ ဆုံးရှုံးပျက်စီးမှု အရာအားလုံးအတွက် လိပ်ပြာမသန့်ခဲ့ပါဘူး။


အသိအမြင်တွေကို ယနေ့လူငယ်တွေ နားလည်အောင် မျှဝေဖို့


ကျွန်တော်တို့အားလုံး ရင့်ကျက်မှုတစ်ခုအထိ ရောက်ဖို့မစောင့်နိုင်ခဲ့ကြဘူး။ ငါ့လူမျိုး၊ ငါ့ဒေသ၊ ငါ့အရင်းအမြစ်စတဲ့ ငါဆိုတဲ့ တစ်ဦးတစ်ယောက် အခွင့်အရေးမှာသာ ရပ်တည်ခဲ့ကြလို့ လူတွေအားလုံး နဲ့ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း၊ လူမျိုးစုအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားထုကြီး၊ အစဉ်အလာ ပထဝီဒေသအနှံ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီး မပြိုကွဲအောင် ယနေ့အချိန်မှာ အပြင်းအထန် ကြိုးစားနေရပါတယ်။ ယနေ့ အခြေအနေများက အတ္တဘက်ပိုရောက်နေတဲ့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း အခွင့်အရေးကို ဦးစားပေး နေခြင်းများကြောင့်ဆိုတာ ယနေ့လူငယ်တွေ မြင်တတ်ရင်ကို ကျေနပ်စရာကောင်းနေပါပြီ။ ဘာပဲဖြစ်ဖြစ် အချိန်မီပါသေးတယ်။ အဓိကအရေးကြီးဆုံးက ပြည်ထောင်စုကြီးနှင့် အမျိုးဘာသာ၊ သာသနာအတွက်ဆိုတဲ့ အသိအမြင်တွေကို အနာဂတ်ကို ထုဆစ်မယ့် ယနေ့လူငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာအောင်နဲ့ နားလည်သဘောပေါက်အောင် အမြန်မျှဝေဖြန့်ကြက်ဖို့ပါပဲ။


အချုပ်တင်ပြချက်အနေနဲ့တော့ ယခုအချိန်မှာ ဦးစားပေးက ကျွန်တော်တို့ကိုယ်တိုင်က စိတ်ဓာတ်တွေ၊ ခံယူချက်တွေ ပြုပြင်ကြဖို့ဖြစ်ပါတယ်၊၊ တစ်ဦးတစ်ယောက်၊ ဒေသတစ်ခု၊ လူတစ်စု အခွင့်အရေးထက် အားလုံးရဲ့စုစည်းညီညွတ်အားဖြင့် ပညာအခြေခံခိုင်မာအားကောင်းတဲ့ လူ့အဖွဲ့အစည်းကြီးဖြစ်ဖို့က အဓိက အခရာဖြစ်နေပါပြီ။


- နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဗလငါးတန်မှတစ်ဆင့် ကျွန်တော်တို့နိုင်ငံတော်ကြီးရဲ့ အရင်းအမြစ်အင်အားကို စုစုစည်းစည်းနဲ့ ခိုင်မာအောင်တည်ဆောက်ပြီး နိုင်ငံရဲ့ နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို အကောင်းဆုံးထိန်းချုပ်နိုင်အောင် ကြိုးစားကြပါစို့။

- ပြည်တွင်း ပြည်ပအန္တရာယ်များနဲ့ ရန်သူနည်းနိုင်သမျှနည်းအောင် ကြိုးစားပြီး ပြည်ထောင်စုကြီး အဓွန့်ရှည်အောင် အစွမ်းကုန်ကြိုးစားအားထုတ်ကြပါစို့။

- အမျိုးသားရေးအားမာန်နဲ့ အမျိုးဘာသာသာသနာတာဝန်ကို ကျေပွန်စွာထမ်းရွက်ကြပါစို့... ဟူ၍သာ အလေးထားတင်ပြလိုက်ရပါသည်။   ။


မိုးကေနိုင်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)