ထားဝယ်မြို့တွင် အမှတ်စဉ်(၈) စက်ချုပ်နှင့် မုန့်မျိုးစုံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် အမှတ်စဉ်(၈) စက်ချုပ်နှင့် မုန့်မျိုးစုံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ




ထားဝယ် မတ် ၃၁


အမှတ်စဉ်(၈) စက်ချုပ်နှင့် မုန့်မျိုးစုံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက အိမ်တွင်း မှု အသက်မွေးဝမ်းကျောင်းပညာများကို ဖွင့်လှစ်ပေးခြင်းဖြင့်အမျိုးသမီးများ ကိုယ်ပိုင်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်ရရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလာခြင်း၊ ဆင်းရဲမှုလျှော့ချခြင်းနှင့် လူမှုစီးပွားဘဝ မြင့်တက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည့်အပြင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ မြင့်မားလာကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့ကျမှုကို အထောက်အပံ့ဖြစ်စေ ကြောင်း၊ ယခုသင်တန်းကရရှိသော ပညာရပ်များကို အမျိုးသမီးများ၏ဘဝ ရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်ပိုင်တစ်နိုင်ရရှိနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက် လည်း များစွာအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကရရှိသော ပညာရပ်များကို မိမိကိုယ်တိုင်၊ မိသားစုနှင့် ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိစွာ ပြန်လည်အသုံးချသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် ကျောင်းအုပ်၊ ဒေါ်နှင်းသီတာက ဒေသခံအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်၊ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် မိမိကိုယ်မိမိရပ်တည်နိုင်ရန်နှင့် တဖက်တလမ်းမှ ဝင်ငွေများရရှိစေရန်၊ နိုင်ငံတော်ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားစေရန်နှင့် အမျိုးသမီးများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွက်ချက်ဖြင့် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းသူများ ကိုယ်စားသင်တန်းသူ ဒေါ်ဇာနီစိုးက ကျေးဇူးတင်စကားပြောကြားကာ တာဝန်ရှိသူများက သင်တန်းသူများ လက်တွေ့ပြုလုပ်ထားသော အမျိုးသမီးအသုံးအဆောင် ပစ္စည်းများအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)