ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေများပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေများပေးအပ်လှူဒါန်း




နေပြည်တော်၊ မတ် ၅

ပြန်ကြားရေးဝန်ကြီးဌာနက ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် ကွန်းခိနေထိုင်ကြသော အဘိုး၊ အဘွားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါဘိုးဘွားရိပ်သာရတနာပုံခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် အဘိုး၊ အဘွားများတက်ရောက်ကြသည်။

ရှေးဦးစွာ “နုပျိုဆန်းသစ် ၇၈ နှစ်မှသည် ပြည်သူ့အတွက် MRTV” ဗီဒီယိုဖိုင်ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဘိုးဘွားများအား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့သည့် ဘိုးဘွားများအား ရိုသေလေးစားသည့်အနေဖြင့်လည်းကောင်း၊ ရှေ့တန်းရောက် တပ်မတော်သားများအား ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဖြစ်သည့်အတွက် သက်ကြီးဝါကြီးများအား လှူဒါန်းထောက်ပံ့သည့်အနေဖြင့်လည်းကောင်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေများ လာရောက်လှူဒါန်းရခြင်းဖြစ်ပါကြောင်းနှင့် ဤကဲ့သို့ ပေးအပ်လှူဒါန်းရသည့်အတွက် များစွာဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ်သိန်း ၅၀ ၊ ဘိုးဘွားများအတွက် တစ်နေ့တာအာဟာရကုသိုလ်အဖြစ် ငွေကျပ် ၉ သိန်းနှင့် MRTV DTH စလောင်းစက်နှင့် DVB T2 set top box များကို ပေးအပ်လှူဒါန်းရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့် (ငြိမ်း) က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့် (ငြိမ်း) က အလှူငွေများ လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များနှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင်တို့က ငြိမ့်ညောင်းသာယာ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည့်အပြင် ဘိုးဘွားရိပ်သာရှိအဘွားတစ်ဦးနှင့် စစ်သည်ဟောင်းတစ်ဦးတို့ကလည်း တေးသီချင်းများဖြင့် ပါဝင်သီဆိုကြရာ အဘိုးအဘွားများက ပျော်ရွှင်စွာကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက အဘိုး၊ အဘွားများအား ငွေသားကံစမ်းမဲများ မဲဖောက်ပေးကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာအတွင်း အဘိုး၊ အဘွားများနေထိုင်သည့် စံပယ်ဆောင်သို့ရောက်ရှိပြီး နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေများကိုမေးမြန်းကာ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားသည်။

နှစ်ပေါင်းများစွာ နိုင်ငံတော်နှင့်တပ်မတော်အတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်သည်တော်များ၊ ကျဆုံးစစ်သည်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် စစ်သည်တော်များ၏ မိသားစုများအတွက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာကို ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိရိပ်သာတွင် အဘိုးဆောင်ကိုးဆောင်၊ အဘွားဆောင်ခြောက်ဆောင်၊ အဘိုးအဘွားစုံတွဲဆောင်နှစ်ဆောင်၊ ဆေးကုသဆောင်တစ်ဆောင် ဖွင့်လှစ်၍ အဘိုး ၁၂၆ ဦး၊ အဘွား ၅၉ ဦး၊ ကျဆုံးစစ်သည် မိသားစုဝင်ရှစ်ဦးနှင့် အငြိမ်းစားစစ်သည်ခုနစ်ဦး စုစုပေါင်း ၂၀၀ တို့ကို စောင့်ရှောက်ထားရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)