စံပြအုပ်ချုပ်ရေးနှင့် စံပြတရားစီရင်ရေးဖြစ်စေဖို့ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်မှုပေးပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စံပြအုပ်ချုပ်ရေးနှင့် စံပြတရားစီရင်ရေးဖြစ်စေဖို့ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်မှုပေးပါ



ယနေ့တိုင်းပြည်ကို ဦးဆောင်နေတဲ့ အစိုးရဟာ သာမန်အစိုးရမဟုတ်ပါဘူး။ ဒါကတော့ အစိုးရအဖွဲ့အကြီးအကဲများကိုယ်တိုင် သိပါတယ်။ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဂျင်းထည့်၊ မှိုင်းတိုက်ခိုက်ခဲ့တဲ့ ပြည်ဖျက်ပါတီလက်ထဲကနေ အာဏာလွှဲပြောင်းရယူပြီး တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်နေရတဲ့ အစိုးရဖြစ်ပါတယ်။

မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားခဲ့တဲ့ ပြည်ဖျက်ပါတီ ဦးဆောင်သူတွေရဲ့ အဂတိလိုက်စားမှုတွေကို စိစစ်ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နေရတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။

ဆိုသည့်အတွက်အကြောင့် လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားဟာ တည့်မတ်နေမှာသာ နစကအစိုးရရဲ့ သမိုင်းမှတ်တမ်းတစ်ခုကို တွင်ကျန်ရစ်စေမှာဖြစ်ပါတယ်။ အဂတိလိုက်စားသူတွေကို အရေးယူနေပြီး နစကအစိုးရရဲ့ ယန္တရားမှာလည်း အဂတိတွေများလွန်းလိုက်တာဆိုရင် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်တဲ့အစိုးရတစ်ရပ်လို့ ဘယ်လိုမှ မဆိုနိုင်ပါဘူး။

ပြည်ဖျက်ပါတီအာဏာလက်မဲ့ဖြစ်ပြီး တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရရယ်လို့ ဖြစ်လာတဲ့အချိန်မှာလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူကောင်းကျိုးဖြစ်စေဖို့၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပြခြင်းမျိုးမဟုတ်ဘဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက်သာ အသုံးချခဲ့သူတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဗေထိဆိုတာနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နောက်တော့ နိုင်ငံတော်အဆင့် ယုံကြည်စွာ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ ဦးစိုးထွဋ်တို့လို ပုဂ္ဂိုလ်မျိုးတွေရဲ့ အဂတိမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီလို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များက စံပြမဖြစ်ဘဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက်ပဲ တလွဲအသုံးချခဲ့ကြတဲ့ အတွက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ လွဲမှားဆောင်ရွက်ချက်တွေ၊ အဂတိလိုက်စားမှုတွေဟာ အများပြည်သူ သည်းခံနိုင်ခြင်း မရှိတော့တဲ့ အခြေအနေမျိုးအထိ ဖြစ်လာပါတယ်။ တချို့သော ခရိုင်တရားရုံးများမှာ၊ မြို့နယ်တရားရုံးများမှာ ငွေများတရားနိုင်လုပ်နေတာတွေ အလွန်အကြူး ဖြစ်နေတာကို ကြားသိရတယ်။ တချို့သော တရားရုံးများမှာ အကြမ်းဖက်သမားများကို အမှုတွေ လျော့ပေါ့ပေးပြီး ကိုယ်ကျိုးရှာတာတွေ ကြားသိနေရတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး စီးပွားရှာနေကြတာတွေကို ပြည်သူများက ဆက်သွယ်ပြောဆိုလာကြပါတယ်။

တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများဟာ တိုင်းပြည်ကို ကောင်းကျိုးပြုမယ်ဆိုတဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးပြီး တပ်မတော်ဦးဆောင်တဲ့ အစိုးရအပေါ် အများပြည်သူ ရွံမုန်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတယ်။ အစိုးရအဖွဲ့ကို တပ်မတော်ဦးဆောင်နေတဲ့ အချိန်နဲ့ တပ်မတော်နဲ့ ပြည်သူကို ခြိမ်းခြောက်တယ်။ တဖက်မှာ အကြမ်းဖက်အန္တရာယ်က ရှိနေပြန်တော့ တပ်မတော်ကလည်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရားကို ဖိဖိစီးစီး ကြပ်မက်ထိန်းကျောင်းနိုင်ခြင်း မရှိဘူး။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ရုံတင် မဟုတ်တော့ဘဲ အိမ်ကြောင်တွေကပါ လက်ခမောင်း တဖောင်းဖောင်းခတ်နေတဲ့ သဘောမျိုး ဖြစ်လာပါတယ်။

အုပ်ချုပ်ရေးနဲ့ တရားစီရင်းအပေါ် ပြည်သူများက အရိုအသေမရှိတာ ဒီအစိုးရလက်ထက်မှသာ မဟုတ်ပါဘူး။ အစိုးရအဆက်ဆက်မှာပါ။ အထူးအားဖြင့်တော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အများပြည်သူအပေါ်က ဂုပ်သွေးစုပ်ကြလွန်းလို့ပဲ ဖြစ်ပါတယ်။ ယခုလို အချိန်ကာလမှာတော့ အကြမ်းဖက်သမားများနဲ့ပူးပေါင်း ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို အကြမ်းဖက်သမားလက်ထဲ ရောင်းစားပြီး ကိုယ်ကျိုးရှာသည်အထိ အော့နှလုံးနာဖွယ် လုပ်ရပ်မျိုးတွေကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ရှုထောင့်ကကြည့်ရင် အင်မတန် အကုသိုလ်များလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ လောဘရမ္မက် အားကြီးလွန်းလာတဲ့ ပုဂ္ဂိုလ်တွေမှာ ရလိုမှုတစ်ခုကိုသာ ရှေ့တန်းတင်ပြီး ကုသိုလ်၊ အကုသိုလ် ဆိုတာလည်း မသိတော့ဘူး။ ဗြဟ္မစိုရ်တရားလည်း ခေါင်းပါးလာကြတယ်။

ဒါကြောင့် စာရေးသူအနေနဲ့ နိုင်ငံတော်အကြီးအကဲများကို မေတ္တာရပ်ခံပါတယ်။ အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်နေသော ပုဂ္ဂိုလ်များကို မေတ္တာရပ်ခံပါတယ်။ တရားစီရင်ရေးယန္တရားရဲ့ အကြီးအကဲများကိုလည်း မေတ္တာရပ်ခံပါတယ်။ နိုင်ငံတော်အကြီးအကဲများအနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရားမှာ ရှိနေသော တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အထိ "လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ပြည်သူလူထုကို မလိမ့်တပတ်လုပ်ပြီး မဲလိမ်မဲခိုး အာဏာသက်ဆိုးရှည်ချင်တဲ့ ပြည်ဖျက်ပါတီကို လုပ်ရပ်တွေကို ပြန်လည်ပြုပြင်ဆောင်ရွက်နေရတဲ့ ပြုပြင်ရေးအစိုးရ၊ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူနေရတဲ့ အစိုးရဖြစ်လို့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူများအနေနဲ့ အတတ်နိုင်ဆုံး အဂတိင်းစင်ဖို့၊ အများပြည်သူကို မလိမ့်ပတ်လုပ်ပြီး ဂုပ်သွေးစုပ်လိုမှုတွေကို ဘရိပ်အုပ်ထားကြဖို့၊ အကြမ်းဖက်သမားများနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာလိုမှုတွေ ရပ်တန်းက ရပ်ကြဖို့" လမ်းညွှန်မှု ပြုပေးနိုင်ရန် မေတ္တာရပ်ခံလိုခြင်း ဖြစ်ပါတယ်။

သတင်းများအရ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များမှာ ပြန်လည်ရှင်းလင်းတင်ပြ ဆွေးနွေးတာတွေ ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကြီးအကဲများ၊ အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူကိုင်တွယ်နေတဲ့ အကြီးအကဲများ၊ တရားစီရင်ရေးယန္တရားကို တာဝန်ယူကိုင်တွယ်နေသော အကြီးအကဲများအနေနဲ့ အထက်ပါမေတ္တာရပ်ခံချက်ကို မိမိတို့လက်အောက်ရှိ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူများကို ဆင့်ကဲ မေတ္တာရပ်ခံပေးဖို့ တောင်းဆိုလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသက်တမ်းဟာ ရွေးကောက်တင်မြှောက်ခံအစိုးရတစ်ရပ် သက်တမ်းနီးပါး ဖြစ်လာပါပြီ။ အများပြည်သူနစ်နာဆုံးရှုံးနေတဲ့ ကိစ္စရပ်တွေကို သမာသမတ်ရှိရှိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူး။ အထူးအားဖြင့် မြေယာပြဿနာ၊ လယ်ယာမြေပြဿနာတွေမှာ မြို့နယ်၊ ခရိုင်အဆင့် တာဝန်ရှိသူတွေရဲ့ လွဲမှားဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတော်အကြီးများက အများပြည်သူအကျိုးအတွက် မည်သို့ပင် ညွှန်ကြားစေကာမူ လုပ်ငန်းဖော်ဆောင်မှု မရှိသလောက်နည်းပါတယ်။ ပြဿနာတွေကို မဖြေရှင်းပါဘူး။ ဖြေရှင်းရင်လည်း တာဝန်ရှိသူတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ရှက်ဖွယ်လိလိ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

နီပိန်းများဟာလည်း အာဏာရမ္မက်ထနေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး မလုပ်သင့်တဲ့ အလုပ်တွေ လုပ်နေတဲ့အခါကြတော့ အများပြည်သူ နစ်နာဆုံးရှုံးနေရတဲ့ ကိစ္စတွေ တင်ပြပြောဆိုဖို့ရာမှာ ဘယ်လိုမှ တိုးမပေါက်နိုင်အောင် ဖြစ်နေပါတယ်။ နီပိန်းတွေ အသိတရားရပြီး အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်မှသာလျင် ပြည်သူက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို ပြန်လည်ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။

ယခုအခါကာလကတော့ နီပိန်းတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေဟာ အများပြည်သူရပိုင်ခွင့်တွေကို မသမာသောနည်းလမ်းများနဲ့ လက်ဝါးကြီးအုပ်ပြီး ရယူသိမ်းပိုက်နေကြတယ်။ 

မြန်မာပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်(ဗြိတိသျှ) တို့ရဲ့ ဆိုးမွေအဖြစ် အများပြည်သူကို ကောင်းကျိုးပြုလိုခြင်း မရှိဘဲ ဂုပ်သွေးဆုပ်လိုသော အကျင့်ဆိုး၊ စရိုက်ဆိုးများကို ပြုပြင်ထိန်းသိမ်းသငင့်ပါပြီ။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များကလည်း အဂတိကင်းရှင်းဖို့လိုသလို တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူ အဆင့်ဆင့်က မလျော်သြဇာသုံးပြီး ကိုယ်ကျိုးရှာလိုမှုတွေကို လျော့ချမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရဖို့ မလျော်ကန်သောနည်းနဲ့ ကြိုးစားတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရလာတဲ့အခါ အများပြည်သူအပေါ်က ခေါင်းပုံဖြတ် ဂုပ်သွေးစုပ်မယ်ဆိုရင် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေရဲ့ အကျင့်ဆိုးတွေ (သွေးတွေ) စီးနေတုန်းပဲလို့ ပြောရပါလိမ့်မယ်။ တကယ်တော့ အင်္ဂလိပ်(ဗြိတိသျှ)တွေဟာ သူတို့စိုးမိုးခွင့်ရတဲ့ ကိုလိုနီနိုင်ငံများမှာသာ ဂုပ်သွေးစုပ်တဲ့စနစ်ကို ကျင့်သုံးပြီး သူတို့နိုင်ငံမှာ ကောင်းမွန်မှန်ကန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားကို ဖော်ဆောင်ထားပြီးဖြစ်တာကို အထူးပြောဖို့ မလိုပါဘူး။

ထို့ကြောင့် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်(ဗြိတိသျှ) တွေရဲ့ အကျင့်ဆိုးတွေကိုဖျောက် Good Government, Clean Government ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါ်လွင်အောင် နိုင်ငံတော်အကြီးအကဲများအနေနဲ့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမှ တာဝန်ရှိသူအဆင့်ဆင့်ကို စံပြအုပ်ချုပ်ရေး၊ စံပြတရားစီရင်ရေးဖြစ်အောင် ကောင်းမွန်မှန်ကန်တဲ့ လမ်းညွှန်မှုတွေ ဆောင်ရွက်ပေးကြဖို့ အထူးအားဖြင့် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)