ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား တံတားအမှတ် (၂၆၃) ခပေါင်းတံတားအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား တံတားအမှတ် (၂၆၃) ခပေါင်းတံတားအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး





နေပြည်တော်၊ မတ် ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မတ် ၁၂ ရက် ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား မိုင် ၁၆၄/၁၂-၁၃ ကြား တံတားအမှတ် (၂၆၃) အရှည်ပေ ၆၈၀ သံပေါင်တံတား (ခပေါင်းတံတား) ပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက်စီးခဲ့ကြောင်း တွေ့ရှိရပြီး တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်းပိုင်းအား ခေတ္တပိတ်ခဲ့ရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက တံတားကြံ့ခိုင်မှုနှင့် ရထားလမ်းပိုင်းအား စစ်ဆေးဆောင်ရွက်ခဲ့ကာ တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်းပိုင်းကို ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း မိုင်းဖောက်ခွဲခံရသည့် ခပေါင်းတံတားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း တောင်ငူနှင့် သောင်းတိုင်ကုန်းဘူတာအကြား အဓိကတံတားတစ်စင်းဖြစ်ပြီး ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေစဉ် အဆိုပါတံတားတစ်စင်းတည်းကိုသာ အစုန်/ အဆန်ရထားများ ဖြတ်သန်းနေရသဖြင့် မိုင်းဖောက်ခွဲမှုကြောင့် တံတားထိခိုက်ပျက်စီးခဲ့ပါက ရထားသွားလာမှုရပ်ဆိုင်းသွားနိုင်၍ ခရီးသွားပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း အကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း အကြိမ် ၅၀၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေးရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)