ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်


ပုသိမ် မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဂန္ဓကုဋိတိုက်အတွင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ ပြီး မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက  ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။ ထို့နောက် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်း ဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားများနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးသည် ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်  မြတ်စွာ ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖူးမြော်ကြည်ညိုခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးက ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန် အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ ညောင်ပင်ဈေး ရပ်ကွက်ရှိ ၆၆ ကေဗွီ (ဟင်္သာတ-ရေကြည်)-ဇလွန်ဓာတ်အားလိုင်း (၁၃.၆၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၂၀)အမ်ဗွီအေ ဇလွန်ဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ် အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း)၊ စီမံကိန်း မန်နေဂျာရုံး (၃)ရွှေတောင်မှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဇလွန်မြို့နယ်အား လက်ရှိတွင် (၁၆) မိုင်ခန့်ကွာဝေးသော ဟင်္သာတမြို့မှ ပို့လွှတ်သော (၁၁) ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားလက်ခံဖြန့်ဖြူးထားပြီး ဇလွန်မြို့နှင့် ကျေးရွာပေါင်း ၁၂၃ ရွာသို့ ဓာတ်အားဖြန့်ဖြူးထားရှိသည်။ ယခု ၆၆/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ ဇလွန်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးပါက ဇလွန်မြို့နှင့် ကျေးရွာပေါင်း (၁၂၃) ရွာသို့ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ကျေးရွာပေါင်း (၇၀) သို့လည်း တိုးမြှင့်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင် မည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇလွန်မြို့နယ်၊ ကျုံခမွန်ကျေးရွာသို့ ရောက်ရှိ၍ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံခမွန်-မြောက်စုကျေးရွာခြင်းဆက် ကျောက်ချောလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကျောက်ချောလမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀) ပေ၊ အကျယ် (၁၂) ပေနှင့် ထု (၆) လက်မရှိကြောင်း သိရသည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုသို့ ရောက်ရှိ၍ တောင်သူ ဦးကိုဌေး၏ တစ်နှစ်သုံးသီးစိုက် မိုးစပါး-မတ်ပဲ-နွေစပါး စိုက်ဧက(၂)ဧကတွင် နွေစပါး ရက် (၉၀) စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှု၊ နွေစပါး နယူးဧရာ(၁)စပါးမျိုး (၁)ဧက ပျိုးထောင်စိုက်ပျိုးထားရှိမှုနှင့်  နွေစပါးနယူးဧရာ(၁) စပါးမျိုး(၁)ဧကအား မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိုးပြတ်ကျန်ဧကများမရှိစေရေး၊ သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ယုန်သလင်းကျေးရွာအုပ်စု၊ ရွှေမန်းလွင်ကျေးရွာသို့ရောက်ရှိ၍  (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထု(၆)လက်မရှိကြောင်း သိရသည်။အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လက်သမား ကရင် ကျေးရွာ၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် (လက်ကရင် ကျေးရွာမှ ပဆငလမ်း) သို့ ဆက်သွယ်ထားသော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၀၀၀) ပေ၊ အကျယ် (၁၀)ပေနှင့် ထု (၆) လက်မရှိကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)