နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂) ထပ်ကုသဆောင်သစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂) ထပ်ကုသဆောင်သစ်ဖွင့်ပွဲ ကျင်းပ


နေပြည်တော်၊ မတ် ၂၇

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ် ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က (၂) ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများနှင့်အတူ (၂) ထပ် ကုသဆောင်သစ် မြေညီထပ်တွင်ရှိသည့် ပြင်ပလူနာဌာန၊ ဆေးပေး ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ဆေးသိုလှောင်ခန်းသို့လည်းကောင်း၊ ပထမထပ်ရှိ ခွဲစိတ်ခန်းများနှင့် သံဃာတော်များအခန်းသို့လည်းကောင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။

ဆက်လက်၍ (၂) ထပ် ကုသဆောင်သစ်ရှေ့ရှိ ယာယီမဏ္ဍပ်တွင် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်စေရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကလည်း ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်ရေးအပါအဝင် အနီးကပ် ပံ့ပိုးပေးလျက်ရှိပြီး ယခုနတ်တလင်းမြို့ ပြည်သူ့ဆေးရုံအဆောက်အအုံကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၌ ခုတင် (၅၀၀) ဆံ့ ဆေးရုံကြီး ၂ ရုံ၊ ခုတင် (၂၀၀) ဆံ့ ဆေးရုံကြီး (၁) ရုံ ဖွင့်လှစ်ထားရှိပြီး အထူးကုဘာသာရပ်များ စုံလင်စွာ ဖွင့်လှစ်ကုသမှု ပေးလျက်ရှိပါကြောင်း၊ ဓာတ်မှန်ရိုက်ခြင်းများ၊ ဓာတ်ခွဲစစ်ဆေးခြင်းများကို မြို့နယ်ဆေးရုံများသာမက တိုက်နယ်ဆေးရုံများအထိ ပိုမိုတိုးတက်စွာ ဆောင်ရွက်လျက်ရှိပြီး လူနာများဆေးကုသမှုကုန်ကျစရိတ် လျော့နည်းစေရေးအတွက် ရန်ပုံငွေများ ခွဲဝေချထားပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်နေလူထုက ပိုမိုများပြား၍ ကုသရေးလုပ်ငန်းများတွင်လည်း မြို့နယ်နှင့် တိုက်နယ်ဆေးရုံများသည် ပြည်သူများ ရှေးဦးစွာ လာရောက်ကုသမှုဆောင်ရွက်သည့် အနီးဆုံးနေရာများတွင် တည်ရှိသောကြောင့် မြန်မာနိုင်ငံ၏ လူဦးရေအများအပြားကို လွှမ်းခြုံ၍ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အရည်အသွေးကောင်းမွန် ကျယ်ဝန်းသည့် (၂) ထပ်ကုသဆောင်သစ်ကို ဖွင့်လှစ်နိုင်ခြင်းကြောင့် နတ်တလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုသာမက အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ လူနာများပါ စိတ်ချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ကြမည်ဖြစ်ပါကြောင်း၊ ယခုအဆောက်အအုံသစ် အောင်မြင်စွာ တည်ဆောက်ပြီးစီးစေရေး ပံ့ပိုးကူညီခဲ့ကြသည့် တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ ယခုအဆောက်အအုံကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိန်း စောင့်ရှောက်ကြရန်၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ‌ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က (၂) ထပ်ကုသဆောင်သစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို နေရာအရောက်ပေးအပ်သည်။

နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ် ကုသဆောင်သစ်သည် ပေ ၂၃၀၊ ပေ ၅၀ အကျယ် အဝန်းရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁)အား လုပ်ငန်းအပ်နှံကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုးငွေ ကျပ်သန်း (၁၈၂၉ ဒသမ ၉၇) သန်း ကုန်ကျခဲ့ပြီး မြေညီထပ်တွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ဆေး မှတ်တမ်းအခန်း၊ ဆေးပေးခန်း၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ပထမထပ်တွင် ခွဲစိတ်ခန်း (၃) ခန်း၊ သံဃာတော်များ အခန်းနှင့် အထူးခန်း (၄)ခန်း ပါဝင်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)