ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ဆောင်ရွက်ထားပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ဆောင်ရွက်ထားပြီးဖြစ်



နေပြည်တော်၊ မတ် ၅

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်း ကော်မတီအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပထမအကြိမ်အစည်းအဝေးတွင် ချမှတ်ခဲ့သည့်အစည်းအဝေးဆုံးဖြတ်ချက် ၁၀ ချက်အနက် ၅ ချက်ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချမှတ်ခဲ့ သည့် ဆုံးဖြတ်ချက် ၃ ခုမှာ စဉ်ဆက်မပြတ်ဆောင် ရွက်ရမည့်အချက်များဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲရေးနှင့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) ပြုစုရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့ကို စစ်ဥပဒေချုပ်ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေး ခဲ့ပါကြောင်း၊ ယင်းအလုပ်အဖွဲ့အနေဖြင့် နည်းဥပဒေရေးဆွဲရေးအစည်းအဝေး (၂) ကြိမ် ပြုလုပ်ခဲ့ပြီး နည်းဥပဒေ (တတိယမူကြမ်း) ကို ရေးဆွဲခဲ့ပြီးဖြစ်ပါ ကြောင်း၊ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Producer – SOP ) ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရေးဆွဲထားပြီးဖြစ်ပါကြောင်း။


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အနေ ဖြင့် လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစီးသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်းကောင်း၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ကို ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် အလုပ်အဖွဲ့ (၈) ဖွဲ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက် မှတ်တမ်းတင်ခြင်း အထောက်အကူပြု လုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင် ပြန်လည်ခန့်အပ်ရေးအလုပ်အဖွဲ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်းကောင်း ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။


ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ Mobile Operator (၄) ခုမှတစ်ဆင့် Short Message Service (SMS) များ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် စောင်ရေ (၁) သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှတစ်ဆင့် ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီး အချို့သောတိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယင်းတို့အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့သည် ဟုသိရှိရပါကြောင်း၊ ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင် သံကြားနှင့် ရေဒီယိုတို့မှလည်း သတင်း၊ TV Spot ၊ ဆောင်းပါး၊ အယ်ဒီတာအာဘော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်မှ ပြည်သူသို့ ပြောကြားချက်များစသည်ဖြင့် ထုတ်လွှင့်လျက်ရှိပါကြောင်း။


ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့မှရေးဆွဲထားသည့် နည်းဥပဒေ (တတိယ မူကြမ်း) နှင့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) တို့အား ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလအပိုင်းအခြားအလိုက် မှန်ကန်တိကျစွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များမှ သက်ဆိုင်ရာကဏ္ဍ အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြု လုပ်ထုံးလုပ်နည်း (Standard Operating Proce-dure – SOP) ရေးဆွဲထားမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံးမှ စစ်ဥပဒေချုပ်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (တတိယမူကြမ်း) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်အကြုံပြုဆွေးနွေးကြပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားတွင် ယခုအစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့သည့် လုပ်ငန်းအချိန်ဇယားများအတိုင်း အချိန်မီဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များသို့ အမြန်ဆုံးပေးပို့သွားရန်နှင့် ရေးဆွဲအတည်ပြုထားသည့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Proce-dure – SOP) အတိုင်းလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ စံပြုလုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)