ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်


နေပြည်တော်၊ မတ် ၁၁

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ အဆင့်မြင့်ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုများကိုမိမိတို့ဒေသ၌ ခံယူနိုင်ခြင်းဖြင့် ရောဂါများကိုစောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိကာကျန်းမာစွာ အသက်ရှည်နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ ဆေးကုသမှုအတွက်ကုန်ကျစရိတ် သက်သာခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း၊ ရန်ကုန်/မန္တလေး/နေပြည်တော်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီ အစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် မတ် ၈ ရက်မှ ၁၀ ရက်အထိ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး-ထားဝယ်မြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအထူးကုဆေးကုသရေး အစီအစဉ်တွင် နှလုံးရောဂါဆိုင်ရာလူနာ ၁၉၄ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၂၅၄ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ ၁၉၅ ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ ၁၃၆ ဦး၊ ဦးနှောက် နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၂၃၅ ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၁၃၇ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၂၇၉ ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ ၂၉ ဦး၊ အရိုးအကြော အဆစ်ရောဂါဆိုင်ရာလူနာ ၈၀၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၄၃၁ ဦး၊ မျက်စိ ရောဂါဆိုင်ရာလူနာ ကိုးဦး၊ ကလေးရောဂါလူနာ ၁၇ ဦး၊ စုစုပေါင်းလူနာ ၂၇၂၄ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းနှင့်အနီးတဝိုက်ရှိ မြို့နယ်ငါးမြို့နယ်မှ ပြည်သူများလာရောက်ပြသကြသည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) ၃၃ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း(OGDS) ၁၆ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colono-scope) လေးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းမှန်ပြောင်း ကြည့်ရှုခြင်း ၁၀ ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) ၂၃ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၄၂၁ ဦး၊ ဓာတ်ခွဲစမ်းသပ်ခြင်း ၅၈၂ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၉၀ ၊ Ultrasound ရိုက်ကူး ခြင်း ၂၆၂ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG) ၆၈၄ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကင်ဆာရောဂါ ဆိုင်ရာလူနာတစ်ဦး၊ နှလုံးရောဂါဆိုင်ရာလူနာငါးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ကိုးဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာလူနာ သုံးဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှုအားပေးကြပြီး အထူးကုဆေးကုသရေးအစီအစဉ်သို့ လာရောက်ပြသကုသမှုခံယူကြသူများကို တွေ့ဆုံနှုတ်ဆက်ကာအာဟာရ ဒါနစားသောက်ဖွယ်ရာများနှင့် အထူးကုဆေးကုသ ရေးအစီအစဉ်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှု (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး ထားဝယ်မြို့အပါအဝင် (၁၁) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)