မြစ်သား မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ကင်းတားရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုကာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါ ငှက်ပျောအထွက်နှုန်း ကောင်းမွန်လာသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ အဓိကစိုက်ပျိုးသည့် သီးနှံများဖြစ်သည့် စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံ၊ ကြက်သွန်နှင့်စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာ၌ ဝင်ငွေများတိုးပွားစေရန်အတွက် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုး လုပ်ငန်းကိုလည်းလုပ်ကိုင်လျက်ရှိရာ ဖီးကြမ်းငှက်ပျောက စျေးကွက်မှာ အကောင်းဆုံးဖြစ်ပြီး စားသုံးသူများအကြိုက်တွေသဖြင့် စျေးလည်းပိုရရှိသည့်အပြင် လှည်းတစ်စီး (၄၀) ဆယ်ခိုင်ပါ စျေးနှုန်းမှာ (၅)သိန်း ကျပ်ရောင်းချရသဖြင့် ငှက်ပျောစျေးကွက်ကောင်းမွန်လာပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာနေ ငှက်ပျောစိုက် ဒေသခံတစ်ဦးမှ ပြောကြားချက်အရ သိရသည်။
မြစ်သားမြို့နယ်တွင် ယခုနှစ်ငှက်ပျောစိုက်ပျိုးသည့်ကျေးရွာများဖြစ်သော ရွှေပေါ်ကျွန်းကျေးရွာ၊ ငါးဆူကျေးရွာ၊ ကင်းစိန်စျေးကျေးရွာ၊ လောင်းတော်ဦးကျေးရွာ၊ နွားကူးလေးကျေးရွာ၊ အုပ်ရှစ်ကုန်းကျေးရွာ၊ တလိုင်းကုန်းကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာ၊ ပွဲလုံးကျော်ကျေးရွာ၊ သရက်ပင်ကံဆွယ်ကျေးရွာ၊ ခရုတုတ်ကျေးရွာ၊ ကဆွန်ကျေးရွာ၊ ကျန်တောကျေးရွာ၊ ရွာခိုင်ကြီးကျေးရွာ၊ ဒါးဝယ်အင်းကျေးရွာ၊ မြနဒီကျေးရွာ၊ လက်ပံဆိပ်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)
https://t.me/MyanmarNationalPost
No comments:
Post a Comment