ခေါင်လန်ဖူးမြို့နယ် မီးလင်းရေးအတွက် အထမ်ချောင်း ရေအားလျှပ်စစ် အကောင်အထည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေါင်လန်ဖူးမြို့နယ် မီးလင်းရေးအတွက် အထမ်ချောင်း ရေအားလျှပ်စစ် အကောင်အထည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး


မြစ်ကြီးနား မတ် ၇

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် မြို့နယ်အတွင်းရှိ အထမ်ချောင်းမှတစ်ဆင့် ရေအားလျှပ်စစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် မြန်မာပြည်မြောက်ဖျားပိုင်းတွင် တည်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်နောက်ကျနေခြင်းသည် လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိ ခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင် တစ်ခုလုံး လျှပ်စစ်မီးလုံလောက်စွာ ရရှိရေးအတွက် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ခေါင်လန်ဖူးဒေသ လျှပ်စစ်မီးလင်းရေးအတွက် အထမ် ချောင်းရေမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်‌ရေး ဒေသခံလပြည့်ဝန်းကုမ္ပဏီအနေဖြင့် ကွင်းဆင်းလေ့လာတွေ့ရှိမှုများအပေါ် တင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ အမြန်ဆုံး အကောင်အထည်ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အထမ်ချောင်းရေအားလျှပ်စစ် ထုတ်ယူနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့မှုများအပေါ် လပြည့်ဝန်းကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ်လျှပ်စစ်အင် ဂျင်နီယာနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ တာဝန်ရှိသူတို့က ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အမိန့်ညွှန်ကြား ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးများက သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အထမ်ချောင်းရေအားလျှပ်စစ် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေး နိုင်ငံ့တော်အကြီးအကဲမှလည်း လိုအပ်သည့် စက်ကိရိယာများကို ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တင်သွင်း ခွင့်ပြုပြီး ဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်ပြောကြားပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အထမ်ချောင်းသည် ခေါင်လန်ဖူးမြို့ အရှေ့ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး မြောက်မှတောင်သို့ စီးဆင်းကာ မြို့၏အောက်ဘက်တွင် အချမ်ချောင်းနှင့် ပေါင်းစုံ၍ မေခမြစ်အတွင်း စီးဝင်သော ချောင်းတစ်ခုဖြစ်ပြီး ဒေသတွင်းရှိ မြင့်မားမတ်ဆောက်သော တောင်ကြီးများကြား ဖြတ်သန်းစီးဆင်းသောကြောင့် ‌အဆိုပါ ချောင်းရေမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည်ဆိုပါက ၃၀၀ ကီလိုဝပ်မှ ၇၀၀ ကီလိုဝပ်အထိ ထွက်ရှိနိုင်ကြောင်းနှင့် ခေါင်လန်ဖူးမြို့၏ မြို့ပေါ် (၄)ရပ်ကွက်အတွက် လုံလောက်သော လျှပ်စစ်မီးရရှိမည်ဖြစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းများတွင် ပိုမိုအကျိုးဖြစ်ထွန်းပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)