စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ် တာဝန်ရှိသူများ စစ်ဆေးရေးကို အလေးထား ဆောင်ရွက်ရန် ကြပ်မက်ပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ် တာဝန်ရှိသူများ စစ်ဆေးရေးကို အလေးထား ဆောင်ရွက်ရန် ကြပ်မက်ပေးစေလို (အိတ်ဖွင့်ပေးစာ)



လေးစားအပ်ပါသော နိုင်ငံတော်တာဝန်ရှိသူများခင်ဗျာ -

ကျွန်တော် စစ်ကိုင်းမြို့က ဒေသခံပြည်သူတစ်ဦးပါ။ အကြမ်းဖက်လှုပ်ရှားမှုများကို အားပေးခြင်း၊ ထောက်ခံခြင်း မရှိဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတစ်ဦး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်မှုတွေ၊ ရက်စက်စွာသတ်ဖြတ်မှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေတာကို တာဝန်ရှိသူများလည်း သိပါတယ်။ အထူးပြောဖို့မလိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေက ဘာကြောင့် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေနိုင်တာလဲ ဆိုတာကတော့ လက်နက်ခဲယမ်းတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ရရှိနေတဲ့အတွက် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ အကြမ်းဖက်သမားများရဲ့ လက်နက်ထုတ် စက်ရုံမရှိပါဘူး။ လက်လုပ်သေနတ်တွေဆိုတာလည်း ဘာမှမပြောပလောက်ပါဘူး။ လက်နက်ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းအများစုက လုံခြုံရေးဂိတ်အဆင့်ဆင့်ကို ဖြတ်သန်းပြီး တရားမဝင် သယ်ဆောင်နေကြခြင်းပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ စစ်ကိုင်းတံတားမှာဆိုရင် မန္တလေးတိုင်းဒေသကြီး နှာပေါက်ဝမှာလည်း စစ်ဆေးရေးဂိတ်တွေ ရှိပါတယ်။ စစ်ကိုင်းဘက်ခြမ်း တံတားပေါ်မှာလည်း အဖွဲ့ပေါင်းစုံ စစ်ဆေးရေးအဖွဲ့ ရှိပါတယ်။ ဂိတ်တွေ ထားရှိရခြင်း ရည်ရွယ်ချက်ဟာ စနစ်တကျ စစ်ဆေးရန်နှင့် တရားမဝင် လက်နက်ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်နေမှုများကို တားမြစ်နိုင်ရန် ဖြစ်ပါလိမ့်မယ်။ သို့သော် လုံခြုံရေးဂိတ်များမှာ တာဝန်ထမ်းဆောင်နေသူများက မူလရည်ရွယ်ချက်ကို အလေးမထားတော့ဘဲ ငွေကြေးရလိုမှုကိုသာ ရှေ့တန်းတင် လုပ်ဆောင်နေကြတာကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့ရပါတယ်။ ငွေပေးရင် စနစ်တကျ စစ်ဆေးခြင်းမရှိဘဲ ဖြတ်သန်းခွင့် ပြုနေတာမျိုးတွေကို မြင်တွေ့ရပါတယ်။ 

ငွေကြေးရယူတာကို မပြောလိုပေမယ့် ဂိတ်တာဝန်ကျအဖွဲ့များမှာ ငွေကြေးပြဿနာပေါ်ပေါက်တာမျိုးအထိ သရုပ်ပျက် ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ငွေကြေးရယူပြီး စစ်ဆေးမှုကို စနစ်တကျ မလုပ်တာကတော့ အများပြည်သူအတွက် အန္တရာယ်များလွန်းပါတယ်။ အုတ်ကား၊ သဲကား၊ ကျောက်ကားများတွင် အံဝှက်များဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေသည့် ဖြစ်စဉ်ဖြစ်ရပ်များလည်း အထင်အရှား ရှိခဲ့ပါသည်။ စစ်ကိုင်းမြို့ဝန်းကျင်မှာ ဖောက်ခွဲမှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကို အကြမ်းဖက်သမားတွေက စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိပါတယ်။ 

မန္တလေးတိုင်းဒေသကြီးအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း အခုလို စစ်ဆေးရေးဂိတ်များမှာ တာဝန်ထမ်းဆောင်သူများ အမှန်တကယ် လုပ်ငန်းတာဝန်ကို အလေးထားဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေးရန် ခက်ခဲသည့်အခြေအနေမဟုတ်ပါ။ CCTV များ တပ်ဆင်ပြီး စောင့်ကြည့်လို့ရသည့်အခြေအနေရှိပါတယ်။ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများ မည်သို့ ဆောင်ရွက်နေသည်ကို စောင့်ကြည့်အဖွဲ့ထားရှိ၍ ကြပ်မက်ဆောင်ရွက်ပေးသင့်ပါသည်။

စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ ငွေကြေးရလိုမှုကိုသာ အလေးထားခြင်းမျိုးမဟုတ်ဘဲ အများပြည်သူ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း ထည့်တွက် စဉ်းစားဆင်ခြင် ဆောင်ရွက်ပေးစေလိုပါသည်။ စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်များတွင် မန္တလေး နှာပေါက်ဝဘက်၊ စစ်ကိုင်းဘက်အခြမ်း ၂ခုလုံးရှိ ဂိတ်များမှ ငွေကြေးကောက်ခံမှု ဆိုးရွားလွန်းနေပြီး စစ်ဆေးဆောင်ရွက်မှုအပိုင်းတွင် အားနည်းသည့်အပေါ် တာဝန်ရှိသူအဆင့်ဆင့်က အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထား၍ ကြပ်မက်ဆောင်ရွက်ပေးနိုင်ပါရန် အပြုသဘောဖြင့် လေးစားစွာ တင်ပြအပ်ပါသည်။


ဒေသခံ ပြည်သူတစ်ဦး

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)