People Media မှ ကိုကျော်စိုးဦး အား ခေါ်ယူစစ်ဆေးနေသည့် ကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများထံ မေတ္တာရပ်ခံ တင်ပြခြင်း - - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

People Media မှ ကိုကျော်စိုးဦး အား ခေါ်ယူစစ်ဆေးနေသည့် ကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများထံ မေတ္တာရပ်ခံ တင်ပြခြင်း -


 

People Media မှ ကိုကျော်စိုးဦး အား ခေါ်ယူစစ်ဆေးနေသည့် ကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများထံ မေတ္တာရပ်ခံ တင်ပြခြင်း -


လေးစားအပ်ပါသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုဝန်ကြီးများခင်ဗျာ -

ကိုကျော်စိုးဦး အား (၁၉-၃-၂၀၂၄) ရက်နေ့တွင် တာဝန်ယူသူများက မေးမြန်းရန်ရှိသည်ဟု ခေါ်သဖြင့် သွားရောက်ခဲ့ပြီး တာဝန်ရှိသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါသည်။

တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမေးမြန်းခြင်းနှင့် ပတ်သက်၍ အထွေအထူး မတင်ပြလိုပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တရားဥပဒေစိုးမိုးရေနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်နေရသော အစိုးရဖြစ်သဖြင့် လိုအပ်သည်များကို ခေါ်ယူမေးမြန်းစစ်ဆေးမှုများ ကျွန်တော်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရဖူးပါသည်။ ကျွန်တော်တို့၏ ရေးသားဖော်ပြချက်နှင့် တာဝန်ရှိသူများက ခေါ်ယူမေးမြန်းလျင် ကျွန်ုပ်တို့အနေဖြင့် သတင်းမီဒီယာနယ်ပယ်တွင် ဆောင်ရွက်နေသူများဖြစ်သည်နှင့်အညီ မိမိတို့ သိရှိထားသည်များကို သတင်းမီဒီယာကျင့်ဝတ်အရ စောင့်ထိန်းရသည့် လျှို့ဝှက်ချက်များမှအပ အများပြည်သူအကျိုးအတွက် တင်ပြသင့်သည်များကို မခြွင်းမချန် တင်ပြသည်သာ ဖြစ်ပါသည်။

ယခုအခါ ကိုကျော်စိုးဦးအား တာဝန်ရှိသူများက ခေါ်ယူမေးမြန်းသည့်ကိစ္စနှင့် စပ်လျဉ်း၍လည်း ထိုနည်းတူစွာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

သို့သော် ယနေ့အထိ မိသားစုနှင့်အဆက်အသွယ် မရသေးသည့်အပေါ်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများထံ အလေးထား၍ တင်ပြလိုသည်မှာ ယနေ့တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့်အခြေအနေတွင် သတင်းမီဒီယာအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများက မဟုတ်မှန်/ လုပ်ကြံဖန်တီးရေးသားမှုများဖြင့် ပြည်သူလူထုကို လှုံ့ဆော်နေခြင်းကြောင့် ဖြစ်သည်ကို တာဝန်ရှိ လူကြီးမင်းများ သိရှိပြီး ဖြစ်ပါသည်။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လှုံ့ဆော်နေသည့် ပြည်ဖျက်မီဒီယာများမှာ ထုတ်ဝေခွင့်များ ပိတ်သိမ်းထားပြီးဖြစ်သော်လည်း ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့်အပေါ် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါ။

ထိုသို့ ပြည်ပအထောက်အပံ့ပို ရယူ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေသည့် မီဒီယာများ ရှိသကဲ့သို့ ဆူပူအကြမ်းဖက်လှုံ့ဆော်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ရပ်တည်၍ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်နေသော မီဒီယာများလည်း ရှိပါသည်။ မီဒီယာအဖြစ် ရပ်တည်ဆောင်ရွက်နေခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ထုတ်ပြန်ထားသော ဥပဒေနှင့်အညီ တရားဝင်ထုတ်ဝေခွင့်ရယူပြီး ဆောင်ရွက်ကြရခြင်းဖြစ်ပါသည်။

တပ်မတော်က နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃)ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေသည့် ကာလတွင် ကျွန်တော်တို့ သတင်းမီဒီယာများသည် စတုတ္ထမဏ္ဍိုင်အနေဖြင့် ရပ်တည်၍ မဏ္ဍိုင်ကြီး(၃)ရပ်တွင် တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အများပြည်သူအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် ဖော်ထုတ်ရေးသား တင်ပြရသကဲ့သို့၊ တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများက အများပြည်သူအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များကိုလည်း မခြွင်းမချန် ပြည်သူများ သိမြင်နားလည်နိုင်စေရန် ဖော်ထုတ်ရေးသား တင်ပြခဲ့ကြသည်သာ ဖြစ်ပါသည်။

ဥပဒေဘောင်အတွင်း ရပ်တည်၍ တည်ငြိမ်အေးချမ်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ ရပ်တည်နေသည့်အထဲတွင် People Media ကို ဦးဆောင်သည့် ကိုကျော်စိုးဦး လည်း အပါအဝင် ဖြစ်ပါသည်။ People Media ၏ ရေးသားဖော်ပြချက်များကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် သိမြင်နိုင်ပါသည်။

မီဒီယာသမားများအပေါ် ဥပဒေကြောင်းအရ ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်ခဲ့လျင်လည်း သတင်းမီဒီယာဥပဒေအရ ဦးစွာ ဆောင်ရွက်ပြီးမှသာ ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ပြေလည်မှုမရသည့်အခါ အရပ်ဘက်တရားရုံးများတွင် ဆက်လက်ဆောင်ရွက်ရန်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။

ယခုအခါ ကိုကျော်စိုးဦးအား တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမေးမြန်းပြီး ပြည့်စုံလုံလောက်သော အဖြေရလျင် မိသားစုထံ ပြန်လည်စေလွှတ်ပေးစေလိုပါသည်။ နောက်ဆက်တွဲ ဆက်လက်ဆောင်ရွက်ရန် အကြောင်းရှိပါကလည်း မီဒီယာဥပဒေနှင့်အညီ ဆောင်ရွက်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် ကျွန်တော်တို့၏ ရပ်တည်ဆောင်ရွက်ချက်များကို အမြဲအပြတ် စောင့်ကြည့်လေ့လာသည်ဟု မှတ်ယူပါသည်။ ပြည်တွင်းမီဒီယာများ၏ ရပ်တည်ဆောင်ရွက်ချက်များတွင် People Media မှ ကိုကျော်စိုးဦး ၏ ရပ်တည်ဆောင်ရွက်ချက်များကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန အကြီးအကဲများ သိမြင်ထားပြီး ဖြစ်ပါလိမ့်မည်။

တာဝန်ရှိသူများက ကိုကျော်စိုးဦးအား ခေါ်ယူစစ်ဆေးမေးမြန်းခြင်းသည် (၁၉-၃-၂၀၂၄)မှ ယနေ့အထိ ဆိုလျင် လုံလောက်သော စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ပြီး ဖြစ်သည်ဟု မှတ်ယူပါသည်။ ထိုသို့ စစ်ဆေးဆောင်ရွက်မှု ပြီးစီးလျင် မိသားစုထံ အမြန်ဆုံး ပြန်လည်စေလွှတ်ပေးနိုင်ပါရန်နှင့် ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြီးငယ် ပေါ်ပေါက်ခဲ့လျင်လည်း သတင်းမီဒီယာဥပဒေနှင့်အညီ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေး လိုအပ်သလို လမ်းညွှန်မှုပေးနိုင်ပါရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တကွ တာဝန်ရှိ လူကြီးမင်းများအားလုံးထံ လေးစားစွာဖြင့် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။


နောင်တော်လေး (ဘိုကလေး)

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)