ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၂)


ဘဒွေးအပြောအရဆိုလျှင် တရုတ်တို့ ဒုတိယအကြိမ် စစ်ချီလာမည်မှာ သေချာသည်။ ၁၁၂၇ ခုစစ်ပွဲမှာ တရုတ်စစ်သည် ၅ သောင်း မြင်းသည် ၁ သောင်းကို စစ်သူကြီးဗိုလ်ချုပ် ရည်တာလောရဲ ဦးဆောင်လာသည်တဲ့()။ စစ်စွမ်းရည်ပြည့် ဗိုလ်မှူးဟိုချန်ချိုနှင့် မင်ဟာအိုတို့နှင့်အတူ ဗိုလ်ချုပ်ရည်တာလောရဲတို့ ကျိုင်းတုံကို အထပ်ထပ်ဝိုင်းရံကြသည်။ ကျိုင်းတုံခံတပ်ကို မြန်မာစစ်ကဲကြီးရွှေတောင်တက်က ကြံ့ကြံ့ခံတိုက်ခိုက်ခဲ့သည်တဲ့(^)။ ဆင်ဖြူရှင်မင်းတရားက လက်ဝဲ ဝင်းမှူးကြီး နေမျိုးစည်သူကို မြန်မာရဲမက် ၁၂ တပ်ကို ဦးစီး၍ ကျိုင်းတုံသို့ ချီစေသည်။

 မြန်မာတပ်မှာ စစ်သည်သူရဲ ၂သောင်း တိုက်ဆင် ၂၀၀ မြင်းသည် ၂ ထောင်သာပါသည်။ ခံစစ်နှင့်ထိုးစစ်ပေါင်းစပ်ဆင်နွှဲသည်။ ကျိုင်းတုံခံတပ်ကို ဝိုင်းရံနေသော ရန်သူတို့၏အပြင်ဘက်မှ ထပ်မံဝန်းရံကာ စစ် ၂ဖက်ညှပ်တိုက်သည်။ တဖန် ခံတပ်တွင်းမှာလည်း ထွက်၍တိုက်သော အခါ တချိန်တည်း စစ်မျက်နှာ ၂ ခု ရင်ဆိုင်ရသော တရုတ်တပ်တို့မခံနိုင်။ မဲခေါင်မြစ်အထိ ဆုတ်ခွာရသည်တဲ့။ မဲခေါင်မြစ်နားမှာ တကြိမ်တိုက်ပြန်ရာ တရုတ်ဗိုလ်ချုပ်ရည်တာလောရဲကျဆုံးသည်(^)။ တရုတ်တပ်အားလုံးလည်းပျက် ပရမ်းပတာ ဆုတ်ခွာထွက်ပြေးရသည်ဟု ဘဒွေးကဆိုသည်။

သို့သော် တရုတ်ရန်မအေးသည်ကို ဆင်ဖြူရှင်မင်းတရားကြီး တွက်သည်ထင်။ နောင်တရုတ်တို့အရေးကို မြှော်တွေး၍ ဗလမင်းထင်ကို ကောင်းတုံသို့စေလွှတ်ပြီး အခိုင်အလုံနေစေသည်။ ကျိုင်းတုံမှာလည်း လက်ဝဲဝင်းမှူးက အစောင့်အနေခန့်ထားမှု စနစ်တကျစီစဉ်ထားခဲ့သည်တဲ့။ သည်အရေးထဲ ဇင်းမယ် ၅၇ ခရိုင်က မငြိမ်မသက်ဖြစ်နေသည်တဲ့။ ဒုတိယအကြိမ် တရုတ်တို့ချီလာမည်ဆိုလျှင် ပထမအကြိမ်ထက် အင်အားပိုများလာမည်ဟု ဘဒွေးကခန့်မှန်းပြသည်။ မိုးအကုန်မှာ လာနိုင်သည်ဟု ခန့်မှန်း လိုက်သေးသည်()။ ဒါတွေဘဒွေးဟောကိန်းထုတ်နိုင်ခြင်းက မင်းပါးစိုးခွင်တက်ရစဉ် စစ်ရေးဆွေးနွေးမှုတွေကို ကြားရ၍ ဖြစ်နိုင်သည်ဟုနန္ဒတွေးသည်။ ယခု ၁၁၂၈ ခု၊နယုန်။ မိုးကသီတင်းကျွတ်မှာကုန်မည်။ သုံးလလိုသေးသည်။ သို့တိုင် ဘုရင့်အမိန့်တော်ဖြင့် နန္ဒတို့ဘက်မှာ ရဲမက်စစ်သည် စုဆောင်းမှုမရှိသေး။ ဘဒွေးကို မေးမိတော့ -" မလိုသေးလို့ပေါ့"-ဟု အရေးမကြီးသလိုဆိုသည်။ ကိုယ်တိုင်ဝင်နွှဲလိုလျှင် ကိုယ့်သဘောနှင့်ကိုယ်လာနိုင်သည်။ အမြဲတန်းတပ်တော်မှာ အမှုထမ်းစေ မည်ဟု ဘဒွေးက အာမခံသည်။

ဘဒွေးက အဖေ့ညီ။ သွေးသောက်ကြီးဘဝမှာ ဗိုလ်မင်းဖြစ်လာ သူ။ ညောင်ရမ်းမင်း ၁၀ ဆက်မြောက် မဟာဓမ္မရာဇာဓိပဓိလက်ထက် အင်းဝပျက်သည်။ အရှေ့နှင့်မြောက်တခွင် ကွေ့ရှမ်းတို့ကလွှမ်းမိုးနေသည်။ ခေါင်းဆောင်ကား ကွေ့လူမျိုးဂုဏ္ဏအိမ်။ အနောက်မြောက်တခွင်က ကသည်းများကလည်းအားမသေးလှ။ ဟံသာဝတီသားတို့က အင်းဝကိုအောင်နိုင်၍ မဟာဓမ္မရာဇာဓိပဓိ ဟံသာဝတီပါရသည်။ ဟံသာဝတီပါမင်းဟု သမိုင်းတွင်ရော့သည်။ အရှေ့အနောက်တခွင် တောင်တကြော၊ မြောက်တလွှားတကွဲတပြား ကစဉ့်ကလျားဖြစ် နေသည့် နိုင်ငံတော်ကို အလောင်းမင်းတရားကြီး ကျားကုတ်ကျားခဲ ပင်ပင်ပမ်းပမ်း ကြမ်းကြမ်းတမ်းတမ်း ပြန်လည်ထူထောင်ခဲ့ရသည်။အလောင်းမင်းတရားဘွဲ့မခံမီ မုဆိုးဘိုရွာသူကြီးဦးအောင်ဇေယျဘဝကပင် မုဆိုးဘိုရွာနှင့် ပတ်ဝန်းကျင်ရှိ ၄၆ ရွာအကြီးအကဲတို့ကို စည်းရုံးနိုင်ခဲ့သည်။ မုဆိုးဘိုရွာကိုလည်း ထန်းလုံးခံတပ် အခိုင်အမာဆောက် လက်နက်ရိက္ခာအင်အားစုဖြည့်တင်းခဲ့သည်)^^။ ဘဒွေးတို့ညီအကို ၂ ယောက်သည် အလောင်းမင်းတရားကြီး နိုင်ငံတော်ပြန်လည်စည်းရုံးရာတွင် ပါဝင်ခဲ့သလို အမေ့အကိုဝရီး=ဦးကြီးလည်း ပါခဲ့ကြသည်။ အဖေတို့ သမီးယောက်ဖ ၂ယောက်မှာ အလောင်းမင်းတရား ယိုးဒယား စစ်ချီသည့်ပွဲမှာ အသက်ပေးဆက်ခဲ့ရသည်။

ဘဒွေးကတော့ မင်း ၃ ဆက်အမှုထမ်း။ မုဆိုးဘို၊ ရွှေဘို၊ ၊ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ဃ၊ ငါးမည်ရတည်ထောင် အလောင်းမင်းတရားကြီး မှသည် သားတော်ကြီး နောင်တော်ကြီးမင်း စစ်ကိုင်းနန်းစံစဉ်ကလည်း သစ္စာရှိ အမှုထမ်း။ ယခု အင်းဝနန်းတက် ဆင်ဖြူရှင်မင်းတရား လက်ထက်မှာလည်း အားကိုးအား ထားလက်ရုံးများထဲက တယောက်။ ဆင်ဖြူရှင်မင်းတရားက ဖခမည်းတော် လက်ထက်က မအောင်မြင်ခဲ့သော ယိုးဒယားကို နန်းတက်ပြီးတနှစ်အကြာ စစ်ချီသည်။ ဒီတိုက်ပွဲမှာ ယိုးဒယားတို့ ပစ်လွှတ်လိုက်သော သေနတ်မီး ပေါက်က ဘဒွေးဓားကိုင်လက်ကို ဒဏ်ရာရစေခြင်းသည် ရှေ့တန်းထွက် စစ်သည်အဖြစ်မှ အနားယူစေခဲ့သည်။ သို့သော်လည်း အမြဲတမ်းတပ်တော် အတွက် တပ်သားသစ်များကို စစ်ချီ စစ်တက် ဓါးရေးလှံရေးနှင့် စစ်ရေး စစ်သွေး စစ်မာန် စစ်သံ ပေးရသော လေ့ကျင့်ရေးတာဝန်ကို အဝနေပြည်တော်မှာ ထမ်းရွက်နေရသည်။ အသက် ၆၀ ပြည့်သော်လည်း စစ်စိတ်မကုန် စစ်မာန်မကျ။ ထိုးစစ်ဆင်ခြင်း ခံစစ်နွှဲခြင်းကိုလည်း ပြောပြသေးသည်။

(ထိုးစစ်ဆင်နည်းက ၆ မျိုး နန္ဒရဲ့။ ဒွိဇာဒိပဆိုတာ ဂဠုန်တောင် ကဲ့သို့ စစ်ထိုးတာ။ ဥသဘက နွားလားဥသဘကဲ့သို့ စစ်ထိုးတာ။ ဓနုက ဆိုတာ လေပြင်းထန်သော လေးညှို့ဖမ်းသလို စစ်ထိုးတာ။ မကရနည်း က မကန်းကွက်လို စစ်ထိုးတာ။ ဘူဇက စစ်ထိုးနည်းက မြွေတွားသလိုစစ်ထိုး တာ။ အဲသလိုပဲ ခံစစ်နည်းကလည်း ၆ မျိုးပဲ။ ရင်ဘောင်တန်းငှက်ကဲ့သို့စစ်ခံတာကို နဒိစရဗျူဟာလို့ခေါ်တယ်။ ကင်းလက်မလိုစစ်ခံတာကို ဝိစ္ဆိက ဗျူဟာတဲ့။ နောက် မဓုဝတ္တနဗျူဟာတဲ့။ သူက ပျားလပို့လို စစ်ခံတာ။ စင်္ကပါဒ ဗျူဟာဆိုတာက ကျီးခြေကဲ့သို့ စစ်ခံတာ။ နောက်ဆုံး ဥဒ္ဓတဗျူဟာက ခုံလောက်ကဲ့သို့ စစ်ခံတာတဲ့)။

ဘဒွေးက တိုက်နည်း တိုက်ဟန် နည်းလမ်းပေါင်း ၂၉ သွယ်ကို လည်း အဓိပ္ပါယ်နှင့်တကွ ရှင်းပြလိုက်သေးသည်။ (ပျားအုံကို ထိခိုက်သည် ရှိသော် ပျားအများဝန်း၍ တုတ်သကဲ့သို့ ကိုယ့်တိုင်းကားနိုင်ငံကို စ၍ထိခိုက်လျှင် ညီညာဝိုင်းဝန်းတိုက်ရသည့် မဓုဗြူဟာ။ တောဘီလူးသည် ကြမ်းသော ဟန်ဖြင့် တွေ့တိုင်းမရှောင် အစိမ်းဝါးသကဲ့သို့ သူ့စစ်သည်ကောင်း၌ မဆုတ်မနစ် စွန့်စား၍ တိုက်ရသည့် ယက္ခဗြူဟာတို့အပြင် ရုက္ခ၊ ဥဂ္ဂတ၊ အဂ္ဂိ၊ ခိရိ၊ ဟာသ၊ သသဗြူဟာတို့ကို မမောမပမ်း ပြောပြသည်)။

ဘဒွေးက နန္ဒနှင့် ရူပကိုလည်း မင်းမှုထမ်းဖြစ်စေချင်သည်။ နန္ဒ ကိုယ်တိုင်ကလည်း အဖေတို့ ဘဒွေးတို့ ဦးရီးတို့လို စစ်မှုထမ်းချင်သည်။ သူ တို့သည် (ရဲမက်တော်ခြောက်ကျိပ်ကိုးနဲ့ရန်မျိုးပလိုလိုအောင်၊ ကုန်းဘောင်ဆက်မင်း)ဟု စာတင်ရသည့် တတိယမြန်မာနိုင်ငံတော်ကို ထူထောင်သည့် အလောင်းမင်းတရားကြီးအပါအဝင် ပြည်ထောင်ဖက် မြင်းရည်တက် ခြောက်ကျိပ် ကိုးယောက်၏ လက်ရုံးအမှုထမ်းများ။ ဂုဏ်ယူဝင့်ကြွားစွာဆိုရသော် အလောင်းမင်းတရား တိုင်းပြည်ကို ပြန်လည်ထူထောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျပါခဲ့သည့် စာတင်မခံရသည့် အညတြ ပြည်ထောင်ဖက်များ။ တပ်တော်သားများ။

နန္ဒတို့က ပြည်ထောင်ခေတ်ကိုမကြုံ။ (ဥသြအော်မည် ကုန်း ဘောင်တည်)ဆိုသည့်စကားအတိုင်း မုဆိုးဘိုကို ရွှေဘိုဟု သမုတ်၍ ကုန်းဘောင်မြို့တည်သည့် ၁၁၁၅ ခုမှာ နန္ဒ၊ရူပတို့ကြက်တောင်စည်းအရွယ် ၇ နှစ်သား။ သဲအုံကဆံထောက်ကလေးနှင့်အကလေးအရွယ်တွေ။ ဆင်ဖြူရှင်မင်း နန်းတက်ချိန်မှာပင် ၁၇ နှစ် တင်းတင်းမပြည့်သေး။ ယခု အသက် ၂၀ မှာ ကိုယ့်ပြည်ကို ထိပါးကျူးကျော်လာသူများကို တွန်းလှန်ရသည့်ခေတ်ကိုကြုံခိုက် တပွဲတလမ်း နွှဲစမ်းချင်သည်။ ပြီးတော့သူနှင့် အတူ သွေးသောက်ရဲမက် ရှာရဦးမည်။ အထူးသဖြင့် ညီအကိုတဝမ်းကွဲ လည်းဟုတ် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလည်းဟုတ် ဦးရီးနှင့် ရီးလေး ငြိမ်းမယ်သား ရူပကိုလည်း ခေါ်ချင်သေးသည်။ ဘဒွေးကို နယုန်လပြည့်မီ အရောက်လာခဲ့မည်ဟုပြောကာ နေပြည်တော်မှ ပြန်လာခဲ့သည်။

သူနားတာမကြာသေးပေမင့် သူ့ရဲဘော်မြင်းညိုကြီးက ဟီသံပေးသည်။ သူလည်း သူ့ရွာသူပြန်ရောက်ချင်ပြီ။ လူ-လူ၊ တိရစ္ဆာန်-တိရစ္ဆာန် ကိုယ့်ဇာတိ ရပ်ထံတော့ ပြန်ချင်ကြသား။ သူလည်း နေပြည်တော်မှာ နန္ဒနှင့်အတူ တပတ်ကြာနေခဲ့ရတော့ ရွာကိုပြန်ချင်လှပြီပေါ့။ လေချွန်ခေါ်လိုက်သော အခါ မြူးကြွစွာလာသည်။ ရွာဘက်ကိုမျက်နှာမူကာ ရပ်သည်။ လက်ခြေတို့ တလှုပ်လှုပ်တရွရွ။ လှမ်းကြွလိုသည့်သဘော။ ဟီသံထပ်ပေးသည်။ မြန်မြန် တက်ဟု ပြောသည့်သဘော။

(ငါလည်း မင်းလိုပါပဲ၊ မြန်မြန်ရောက်ချင် တာပါကွာ) ပြောပြောဆိုဆို နန္ဒမြင်းပေါ်သို့ လွှားကနဲ ခုန်တက်လိုက်သည်။ ၂ ယူဇနာသာသာဝေးသည့် သူ့ရွာ။ ယခု ၃ တိုင်မျှသာကျန်တော့သည်။ ဒီခရီး နေမဝင်မီ ရောက်မည်ကိုသူသိသည်။


(ဆက်လက်ဖော်ပြပါမည်။)

ကိုဌေး (နတ်မောက်)

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)