သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်




နေပြည်တော်၊ ဧပြီ ၈

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပြည့်သာဝက အပေါင်းတို့စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီလ ၆ ရက်နှင့် ၇ ရက်တို့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှင်သာမဏေလောင်း ၅၆၀၂ ဦးအား သပိတ်၊ သင်္ကန်းနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးသည်။ ထို့နောက် ရှင်သာမဏေလောင်းများက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတထံမှ သင်္ကန်းတောင်း၍ ဆယ်ပါးသီလခံယူ ဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။


၎င်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးပို့လှူဒါန်းသော လှူဒါန်းငွေများ၊ စေတနာရှင် အလှူရှင်များမှ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတထံမှ သာဓုအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)