အကြမ်းဖက်အန္တရာယ် ဟူသမျှကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အန္တရာယ် ဟူသမျှကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ




ရင်ထဲမှာ မြို့သိပ်ထားရတာ ကြာလာရင် ပွင့်အံထွက်လာတတ်တယ်။ ပွင့်အံကျလာတဲ့ စကားလုံးတွေက နားဝင်မချိုတော့ဘူး။ ဒေါသတွေ ပါလာတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့မှာ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ တပ်မတော်သားတွေ ရင်ဆိုင်ခဲ့ရတယ်။ တပ်မတော်က အပစ်အခတ် ရပ်စဲရေးကို ကာလရှည်ကြာ ကြေညာပေးခဲ့တယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ကမ်းလှမ်းခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ ပြည်ဖျက်မိစ္ဆာများက ပြည်ပအားကိုး၊ ပြည်ပအထောက်အပံ့နဲ့ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းတွေကို ပျော်ပျော်ကြီး လုပ်နေကြတယ်။ ဒေသခံပြည်သူတွေ အတိဒုက္ခမရောက်စေလိုတဲ့အတွက် တပ်မတော်က စခန်းတွေကနေ ဆုတ်ခွါပေးခဲ့တာတွေ ရှိတယ်။

တပ်မတော်ဘက်က မလုပ်မှန်း သိလေ အကြမ်းဖက် သောင်းကျန်းသူတွေဘက်က ဇွတ်တိုးမိုက်မဲလာလေ။ အများပြည်သူ အတိဒုက္ခရောက်စေမယ့် လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြတယ်။ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဖျက်ဆီးပစ်ကြတယ်။ အစိုးရရုံးဌာနများလည်း ဖျက်ဆီးခြင်းခံခဲ့ရတယ်။

အကြမ်းဖက်အဖွဲ့တွေက အလုံးစုံပျက်သုဉ်းရေးသာမက ဘာသာရေးစော်ကားမှုတွေလည်း လုပ်ဆောင်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တဲ့ အောက်တန်းစား လုပ်ရပ်တွေကြောင့် ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံးက အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ပြတ်ခြေမှုန်းပေးဖို့အထိ ပြတ်ပြတ်သားသား တောင်းဆိုလာခဲ့ကြပါတယ်။

သို့ပေသော် ယနေ့တိုင်အောင် အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်နေဆဲ၊ တပ်မတော်က ခုခံကာကွယ်ရုံမျှသာ ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်သား၊ တပ်မတော်သားမိသားစုဝင်တွေမှာ အတိဒုက္ခရောက်ခဲ့ရသလို ဒေသခံပြည်သူများမှလည်း အကြမ်းဖက်သမားတွေ ရက်စက်ယုတ်မာရိုင်းစိုင်းမျှ လည်စင်းခံ၊ ကျောကော့ခံနေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူအရေးအတွက်ဟာလည်း မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေအထိ မြင့်တက်လာခဲ့ပါတယ်။

ပြည်သူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ အမြင်ကို ပြောရရင်တော့ တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ အတိဒုက္ခရောက်ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို မြင်တွေ့ရသည့်အခါတိုင်း တပ်မတော်အကြီးအကဲတွေအပေါ် ဒေါသဖြစ်မိတယ်။ ဒါက ရိုးရိုးရှင်းရှင်းပါပဲ။ ရဟန်းရှင်လူပြည်သူများ အားလုံးရဲ့ ရင်ထဲမှာလည်း ဒီလိုအမြင်တွေ ဖြစ်လာတယ်။ တပ်မတော်က မပြတ်သားလို့၊ တပ်မတော်က အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်ခြင်း မရှိလို့ ဆိုတဲ့ အမြင်တွေ ဖြစ်လာကြပါတယ်။

စစ်ရေးစစ်ရာမှာ ပြည်သူများအနေနဲ့က ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ လုပ်နိုင်စွမ်းလည်း မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀)(က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်၊ (ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊ လို့ ပြဋ္ဌာန်းထားပါတယ်။

တပ်မတော်ကြီးကို ခေတ်မီတပ်မတော်ဖြစ်အောင်လည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ စစ်ရေးစစ်ရာ ကိစ္စတွေဆိုတာ တပ်ပိုင်းဆိုင်ရာကိစ္စတွေဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောရင် တပ်မတော်အကြီးအကဲများရဲ့ အဆုံးအဖြတ်အပေါ်မှာပဲ တည်မှီနေပါတယ်။ ရဟန်းရှင်လူပြည်သူများက အားမလိုအားမရ ဝေဖန်ထောက်ပြ ပြောဆိုနေသည့်တိုင်အောင် တပ်မတော်အကြီးအကဲများကသာ စီမံဆောင်ရွက်ခွင့်ရှိသော ကိစ္စဖြစ်နေပါတယ်။

စာရေးသူအနေနဲ့တော့ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများနဲ့ ရင်ဆိုင်နေကြရတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အားလုံးကို ဘေးအန္တရာယ်ကင်းရှင်းစေဖို့ နေ့စဉ်မေတ္တာပို့သ ပေးနိုင်တာက လွဲရင် ဘာမှ မလုပ်နိုင်ပါဘူး။ တခါတရံမှာ တပ်မတော်သားများအတွက် ရိက္ခာများထောက်ပံ့ပေးတဲ့အခါ မိမိတတ်နိုင်သမျှ ပါဝင် ဂုဏ်ပြုတာနဲ့ မေတ္တာပို့ ဆုတောင်းနေရုံမှတပါး အခြားတတ်နိုင်စွမ်း မရှိပါဘူး။

အခြားသော ရဟန်းရှင်လူပြည်သူများလည်း ထိုနည်းတူစွာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အန္တရာယ်ကင်းစေလိုပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်နှင့်အညီ ငြိမ်းချမ်းရေးကို အလိုရှိကြပါတယ်။ တည်ငြိမ်အေးချမ်းစေလိုပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝမလိုလားပါဘူး။ ဗုဒ္ဓရဲ့ တရားတော်များမှာလည်း ရောဟီနိမြစ်ရေကို အကြောင်းပြုပြီး ရန်ပြုတိုက်ခိုက်ကြတော့မယ့် ပြည်သူတွေကို အချင်းမများစေဖို့ မေတ္တာတရားနဲ့ လမ်းညွှန်ဆုံးမပြီး ပြေငြိမ်းစေခဲ့ပါတယ်။ ထိုနည်းတူစွာ ဝေသာလီပြည်မှ ဘေးဆိုးကပ်ဆိုးကြီး ကျရောက်လာချိန်မှာလည်း မြတ်စွာဘုရားရှင်က ရတနာသုတ်ပရိတ်တော်နဲ့ ဘေးဆိုးကပ်ဆိုးကို ဖယ်ရှားပေးတော်မူခဲ့တယ်။ 

ရတနာမြတ်သုံးပါးရဲ့ အစွမ်းဟာ ရှေးအခါမှာသာ အစွမ်းထက်တာ မဟုတ်ပါဘူး။ ယနေ့မျက်မှောက် မောရသုတ်အစွမ်းကြောင့် အကြမ်းဖက်ဘေးက ဝေးခဲ့ရသူတွေ အထင်အရှား ရှိတယ်။ သရဏဂုံအစွမ်းနဲ့ ဘေးအန္တရာယ်က လွတ်မြောက်ခဲ့ရသူတွေကို မှတ်တမ်းတင်ရေးသားထားတာတွေ ရှိပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့ ခန္ဓာကိုယ် အရင်းတည်ပြီး အကြမ်းဖက်ဘေးအန္တရာယ်များကို ရင်ဆိုင် ရှင်းလင်းနေကြရတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ အကြမ်းဖက်ဘေးအန္တရာယ်များကို နှိမ်နင်းဖယ်ရှားနိုင်ဖို့ဆိုရင် ရဟန်းရှင်လူပြည်သူများက ပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓရဲ့ ဂုဏ်တော်များဖြင့် သစ္စာပြုဆုတောင်းခြင်းများ ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသော ရဟန်းရှင်လူပြည်သူများ ဖြစ်ကြောင်း ကောင်းကျိုးကိုလိုလားသော ဆန္ဒဖြင့် ဆောင်ရွက်ပေးတော်မူကြပါရန် လျှောက်ထား၊ ပန်ကြားအပ်ပါသည်။

အကြမ်းဖက်အဖွဲ့များနှင့် ရင်ဆိုင်နေကြရသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားလုံး အကြမ်းဖက်ဘေးအန္တရာယ် ဟူသမျှကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ။  ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)