ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း -၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း -၃)


                            

နေဝင်လျှင်တိမ်တောက် ပျိုကြောက်ပါသည့် သည်အချိန်မှာ၊ သဲဖြူရွာသူ သဲအုံတို့ ကျေးလက်ပျိုဖြူတသိုက် သဲဖြူချောင်းတွင် ရေခပ်ဆင်းကြသည်။ ချောင်းဟိုတဖက်ယွန်းယွန်းမှာလည်း စန်းတောကုန်းရွာသူတို့ ရေခပ်ဆင်းနေကြသည်။ သည်နှစ်ရွာက ချောင်းကလေးသာခြားသည့် နှစ်ရွာ့တရွာ။ တရွာကထွက်၍ ချောင်းကိုဆင်းလိုက်သည်နှင့် ညို့ညို့အုပ်အုပ် မန်းကျည်း၊ ထနောင်း၊ ကုက္ကိုသစ်ပင်တွေဝိုင်းနေသော တရွာ့တရွာမြင်နေရသည့် အညာရွာများ။ သဲဖြူရွာမှာသာမက၊ စန်းတောကုန်း၊ ဇီးဖြူကုန်း၊ ရှောက်ပင်၊ စည်သာ သဲဖြူချောင်းတရိုးရှိသည်တအုပ်စုလုံးက ရွာများတွင် သဲအုံကအလှဆုံး။ သဲအုံတို့ အဖော်တသိုက် ချောင်းစပ်ရေတွင်းမှာ ရေခပ်ရင်းစကား လက်ဆုံကြနေကြသည်။

 " ဒီမှာ၊ ရှင်သဲအုံ ရဲ့"

 "ဘာတုံး ... ဝတ်မှုံ ရဲ့"

"ဟိုလေ၊ ကိုနန္ဒနဲ့ ကိုရူပ ညည်းဘယ်သူ့ရွေးမှာတုံး"

 "အို၊ တို့ကမောင်နှမတွေလို နေကြတာပါ"

 "ဟိုး၊ ဟိုး၊ ဒီလိုတော့မပြောနဲ့လေ။ အခုအရွယ်က ဇယ်တောက်၊ စုံ၊ မ ဖွက်တဲ့အရွယ်မဟုတ်တော့ဘူး။ မောင်နှမ မဟုတ်ဘဲ၊ မောင်နှမ လိုနေမရဘူး။ ညည်း ဘယ်သူ့ကိုစိတ်ညွှတ်လဲ။ တခြားရွာက လူတွေတော့ညည်း ဟင့်အင်းပဲ။ သူတို့က လူပျိုစကားပြောလာပါပြီတဲ့။ ဘယ်သူ့ကို ဘယ်လိုပြောမလဲ။ အေး၊ ဟယ်။ မေးမယ့် သာမေးရတာ၊ ငါလည်း.. ညည်းနေရာဆို ရွေးရခက်ကြီး ဟီး..ဟီး"

ဝတ်မှုံက ဇယ်စက်သလိုပြောပြီး ပြုံးဖြီးဖြီးကြီးလုပ်နေ၍ ပျိုမေတသိုက် ဟားတိုက်ရယ်ကြသည်။ အပျိုကြီး တဦးကရေအိုးကို ပင့်ရင်း-

 "ကဲ၊ ကဲ။ တို့ရှေ့ကသွားနှင့်ပြီ။ ညည်းတို့က ဒါ နောက်ဆုံး။ စောင့်နေဦး။ တို့ပြန်လာမယ်။ အဲ ဒီအခါကျ ရွေးပြီးပါစေ"

ဝတ်မှုံနှင့် သဲအုံသာ ကျန်ခဲ့သည်။ သဲအုံက ရေဆွဲငင်ဖြည့်ရင်း -

 "ငါ၊ ဒါတွေ မစဉ်းစားအားပါဘူး ဝတ်မှုံရယ်"

 "ညည်းအလှက သည်တအုပ်စုလုံးမှာ ဒိတ်။ ပန်းကလေးကလှတော့ ပျား၊ ပိတုန်း၊ လိပ်ပြာတွေက ဝဲလို့။ စည်သာ၊ စန်းတောကုန်း၊ ဇီးဖြူကုန်း၊ ရှောက်ပင် ကိုရင်လူပျိုတွေ သူတို့ရွာက အပျိုတွေတောင် မေ့နေကြသတဲ့။ ဘာလဲ။ ရွေးရခက်လို့ အပျိုကြီးလုပ်မလို့လား။ ခစ်.. ခစ်"

ဝတ်မှုံက သူ့စကားသူသဘောကျ၍ ရယ်သည်။ သည်အခိုက်မှာ စန်းတောကုန်းရွာက သာရင်နှင့် အဖော်တယောက် ပေါက်လာသည်။

 "ဘာတွေများသဘောကျနေတာလဲ၊သဲအုံတို့ရဲ့ "

သဲအုံကစကားမပြန်။ ရေအိုးကိုမ,ကာ၊ ပြန်ရန်ပြင်သည်။ သာရင်က ရေအိုးနှုတ်ခမ်းကို လက်နှင့်ဖိထားကာ -

 "နေပါဦးမသဲအုံရဲ့။ စကားပြောချင်လို့ပါ။"

 "မှောင်တော့မယ် ကိုသာရင်။ ခုချိန် စကားလည်းမပြောချင်ဘူး"

 "တခွန်း နှစ်ခွန်းပါ"

 "မကြားချင်ဘူး"

 "နားမထောင်ရင် ရေအိုးဖယ်မပေးဘူး။ ကိုသာရင် ကြားချင်တာအဖြေ"

 "ဘာအဖြေလဲ။ မသိဘူး"

 "အရီးသန်းက မပြောဘူးလား။ သဲအုံကို ကိုကြီးသာရင်.."

 "မပြောဘူး။ မသိဘူး။ ဖယ်ပါ"

 "သဲအုံရယ်။ ကိုကြီးသာရင့် ရင်ကိုခွဲပုံပြရရင်၊ အသည်းနှလုံးက သဲအုံကိုချစ်တယ် ချစ်တယ်နဲ့ ပြောနေမှာပါ။"

သာရင်စကားကြောင့် ဝတ်မှုံကတခစ်ခစ်ရယ်သည်။ သာရင်က မျက်နှာကြီးနီမြန်းလျက်-

 "ဘာရီတာလဲ ဝတ်မှုံ"

 "ဟို၊ဟို၊ ကိုသာရင်ပြောပုံကြီးက ရီစရာကြီးမို့ပါ။ ငတ် မရှက်၊ ငိုက်မရှက်၊ ကြိုက်မရှက်..တဲ့။ ဟင်း..ဟင်း.."

 "သွား၊ သွား။ နင်နဲ့မဆိုင်ပဲနဲ့။ ငါ့စကားတောင်ဘယ် ရောက်၊ အဲ..အဲ..သဲအုံ။ ဘာလဲ။ ဟို..ကိုသာရင်က တရွာသားမို့လား။ ပဝါပါး ကြက်သားထုပ်တော့၊စွန်း။ တရွာသား ရည်းစားလုပ်တော့၊ လွမ်း..ဆိုပေမယ့်၊ ကိုသာရင်တို့ရွာက.."

 "တော်ပါ၊ တော်ပါ။ ကဲ ဝတ်မှုံ၊ အိုးတွေထားခဲ့။ သွားမယ်။"

သဲအုံက အိုးကိုလွှတ်၍ သွားဟန်ပြင်သောအခါ သဲအုံလက်မောင်းကို သာရင်ကဆွဲထားသည်။

( သဲအုံ လက်ကို လွှတ်ပြီး စကားပြောပါ ကိုသာရင် )

ချောင်းကမ်းစပ်မှ ထွက်လာသောအသံကြောင့် သာရင်လန့်သွားသည်။ သဲအုံကို ကိုင်ထားလက်လည်း အလိုလိုလွှတ်မိလျက်သား ဖြစ်သွားသည်။ လှမ်းကြည့်လိုက်သောအခါ ဓားလွယ်ထားသော ရူပကိုတွေ့လိုက်ရသည်။

 "သြော်၊ မင်းသမီးလေးရဲ့ ကိုယ်ရံတော်တပ်မှူးကြီးကိုး"

 "မိန်းကလေး တယောက်ကိုအနိုင်ကျင့်ပြောတာတော့၊ မကောင်းပါဘူး ကိုသာရင်"

 "ဘာလဲ ၊ရူပ။ ရည်းစားလူလု၊ ရွှေဥကြမ်းညှပ်၊ အသည်း ကျွဲခတ် ဖြစ်နေလို့လား။ အပျိုကို လူပျိုစကားပြောတာ ဘာလို့ ကြားကတားရသလဲ"

 "သဲအုံက ကျုပ်တို့ရွာသူ"

 "ဟ၊ ဟား၊ ဟား။ ရီရသကွာ။ အများပိုင်ပစ္စည်းကို ဒီလို ရွာပိုင်စီးလို့ မောင်ပိုင်စီးလို့ရမလားကွ။ တရွာသူကို တရွာသားက ရည်းစားစကားမပြောရလို့ ဘုရင်မင်းမြတ်ကတောင် အမိန့်တော်မသတ်မှတ်ဘူး။ မောင်ရင်က.. ဟား၊ ဟား ဟား"

သာရင်ကလှောင်ရယ် ရယ်သည်။

 "ခင်ဗျားက အားနွဲ့တဲ့မိန်းမသားကို မတရားလုပ်လို့"

 "ဒီမှာ ရူပ၊ စကားတွေမကြီးကျယ်ပါနဲ့။ ငါက မင်းလို အားနဲ့ယောက်ျားလည်း အနိုင်ယူနိုင်ပါတယ်ကွ"

 "ကျုပ်ကလည်း ၂ယောက် ၁ ယောက်ပေမယ့် မမှုပါဘူး။ ကဲ၊ ဓားထုတ်"

 "စန်းတောကုန်းသားက သွေးမကြောင်ပါဘူးကွ။ တယောက်ချင်းပေါ့။ ဟေ့၊ 'ငတောက်' ငါ့ဓားကမ်းစမ်း"

ထိုစဉ် နန္ဒရောက်လာသည်။ မြင်းပေါ်မှခုန်ဆင်းရင်း -

 "ဟေ့၊ ဟေ့။ မဟုတ်တာမလုပ်ကြပါနဲ့။ ကိုယ်အချင်းချင်းတွေ။ ရူပ လည်း ဓားပြန်ထည့်။ ကဲ ကဲ၊ သဲအုံ ရူပ ခေါ်သွား။ ဝတ်မှုံ ငါ့သားကြီးဆွဲသွားဦး"

နန္ဒက မနားတမ်းပြောလိုက်သည်။ ရူပ ကိုလည်းထပ်မံနှင့်သိမ့်လိုက်ပြီး ဓားကို ဓားအိမ်သို့ပြန်သွင်းစေပြီး သဲအုံတို့ကိုခေါ်သွားစေသည်။ ကိုသာရင်ဆီပြန်လာကာ-

 "စိတ်လျှော့ပါ ကိုကြီးသာရင်ရာ။ ကဲ၊ ဘာအခင်းကြောင့် ဘာအချင်းများရတာလဲ။ လင်းစမ်းပါဦး"

 "သဲအုံကိစ္စပါကွာ"

နန္ဒကခင်မင်ရင်းနှီးစွာရယ်မောလိုက်ရင်း -

 "ကိုကြီးသာရင်ရာ၊ ကျုပ်နားလည်ပါပြီ။ ရူပကို ခွင့်လွှတ်လိုက်ပါ"

 "ဘာလဲ။ မင်းက တရွာထဲသား မင်းနဲ့ညီအကိုမို့လား"

 "မဟုတ်ပါဘူး၊ ကိုကြီးသာရင်၊ မဟုတ်ရပါဘူး။ ဒီလို နှလုံးသားရေးရာတွေအတွက် မိန်းမသားတွေ ရှေ့မှာ ရဲစွမ်း သတ္တိတွေပြချင်စမ်းတဲ့ ကျုပ်တို့ယောက်ျားဘသားတွေအကြောင်း တွေးလိုက်မိလို့ပါ၊ တကယ်တော့ ကိုကြီးသာရင်.."

နန္ဒက စကားရပ်လိုက်သဖြင့် သာရင်က ဆက်ပါဆိုသောသဘောနှင့် ကြည့်လိုက်သည်။ နန္ဒက သာရင်ကော၊ ငတောက် ကိုပါ ကြည့်လိုက်ကာ ဆက်ပြောသည်။

 "မိန်းမတယောက်အရေး ကိုယ့်သားသွေးချင်း ဓားရေးခင်းရမှာမဟုတ်ဘူး၊ ကိုကြီးသာရင်။ ဒီမယ်၊ ကိုကြီး။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံကိုထိပါး၊ ကျူးကျော်စော်ကားတဲ့ အရေးကမှ ကိုကြီးတို့ ကျုပ်တို့ ဓားသွေးကြ၊ ဓားရေး ပြစရာပါ"

 "ဘယ်သူတွေက ထိပါးစော်ကားလို့လဲ"

 "ကိုကြီးသာရင် ကြားချင်တယ်၊ မဟုတ်လား။ လာ။ ဟိုမှာထိုင်ပြောကြမယ်"


(ဆက်လက်ဖော်ပြပါမည်)                                                   

ရွှေတိုးဝင်းကြည်အောင်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)