၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ငွေများပေးအပ်



ပဲခူး  ၊  ဧပြီ  ၂၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွက် အညွန့်အဖူးလေးများဖြစ်သည့် လူငယ်မောင်မယ်များအား လူရည်ချွန်၊ လူရည်မွန်များဖြစ်စေရေးအတွက် ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြတ်သောအနာဂတ်၊ မြင့်မြတ်သောအကျင့်စာရိတ္တတို့နှင့်ပြည့်စုံစေပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးနိုင်ရေး လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုလို ဘက်စုံထူးချွန်လူရည်ချွန်ကျောင်းသား/သူများ ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း၊ လူရည်ချွန်မောင်/မယ်များအနေဖြင့် သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအားထားယုံကြည်မှုစသည့် စိတ်ဓာတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင်လူရည်ချွန်များအနေဖြင့် ဘာသာစကားကျွမ်းကျင်မှုရှိအောင်၊ ဝိဇ္ဇာသိပ္ပံနှင့် နည်းပညာအခြေခံများ နားလည်အောင်၊ ဝေဖန်ပိုင်းခြားတတ်မှု၊ ရှေ့ဆောင်တီထွင်လုပ်ကိုင်တတ်မှု၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ အသက်မွေးဝမ်းကျောင်းပညာကို ချဉ်းကပ်လိုစိတ်၊ ပြည်သူ့နီတိအရည်အချင်းများနှင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတန်ဖိုး၊ ကမ္ဘာ့လူအဖွဲ့အစည်းတန်ဖိုးတို့ကိုသိရှိနားလည်ပြီး မိမိနိုင်ငံကို ကာကွယ်တည်ဆောက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လူရည်ချွန်စခန်းအသီးသီးသို့သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန် ကျောင်းသား/သူများနှင့် ကြီးကြပ်ဆရာ/ဆရာမများ စုစုပေါင်း(၅၆)ဦးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေကျပ်(၅၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားတစ်ဦးက ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

၎င်းနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး သက်ဆိုင်ရာ လူရည်ချွန်စခန်းအသီးသီးသို့ထွက်ခွာမည့် လူရည်ချွန် ကျောင်းသား/သူများအား နှုတ်ဆက်ခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူ(၄၈)ဦး၊ ကြီးကြပ်ဆရာ(၈)ဦးအား ပုဂံ၊ တောင်ကြီး၊ ချောင်းသာနှင့် ငွေဆောင် လူရည်ချွန်စခန်းအသီးသီးသို့ ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)