ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၇) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၇)


ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။

သူများမောင်မှာ

စစ်သံကြားလျှင်၊ နာဖျားဥပါယ်ခိုကြတယ်။

နှမလေး ပျိုတို့မောင်မှာ

စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ

အိုးစားဖက်ကို၊ လိုက်လို့ရှာသည်

ရိက္ခာကနည်း၊မိုးကသည်းနဲ့

သင်းတွဲကို ကူးပါလိမ့်မလားတော်။

စစ်မှာတမူ

နှမလေး မယ့်ထက်ဖြူကို ယူမလားတော်။

စစ်မှာယွန်းမ

နှမလေး မယ့်ထက်လှကို၊ ရမလားတော်။

စစ်မှာဆွေမျိုး

ဘိုးဘွားမောင့်မှာ ရှိသလားတော်။

ကဗျာထဲက မိန်းကလေးက သဲအုံတော့မဟုတ်ပါ။ သဲအုံက ကဗျာထဲက မိန်းကလေးလို ခံစားကြည့်နေမိသည်။ ရှေ့တန်းသွားမောင်စစ်သားအတွက် ဂုဏ်ယူကြည့်သည်။ စစ်သည်တို့ရိက္ခာနည်းလှသလို ဝဿန်မိုးကသည်းလွန်းလှ၍ ရေစီးသန်လှ မြစ်ချောင်းမြောင်းတွေ ကူးနိုင်ပါ့မလားဟု စိုးရိမ်ပူပန်ကြည့်သည်။ တိုက်ပွဲပျော် ပျိုတို့လူစစ်မြေပြင်ကို ခုံခုံမင်မင်ထွက်ချင်ရသည်မှာ သူ့ထက်အသားဖြူသူ၊ သူ့ထက်ချောလှသူ ယွန်းပျိုဖြူဇင်းမယ်သူကို တွေ့နေ၍လားဟု သံသယများစွာဖြင့် မေးနေမိသည်။ ပြီးတော့ စစ်သည်ရဲမက်တွေထဲမှာ ဆွေမျိုးသားချင်း ဘိုးဘွားတွေများ ရှိနေသလားဟု ခပ်ငေါ့ငေါ့မေးနေမိပြန်သည်။ ကဗျာစာဆို ရှင်ငြိမ်းမယ်က သဲအုံတို့ အမျိုးသမီးလေးတွေ ခံစားချက်ကိုသိနေသည်။ မိန်းကလေးချင်း ကိုယ်ချင်းစာကာ ပျိုလေးတို့ကိုယ်စား ခံစားရေးထားသည်ဟု သဲအုံဆိုနေရင်း တွေးမိနေသည်။

          

စစ်မှာတမူ

နှမလေး မယ့်ထက်ဖြူကို မယူဘူးဗျာ။

စစ်မှာယွန်းမ

နှမလေး မယ့်ထက်လှကို မရဘူးဗျာ။

စစ်မှာဆွေမျိုး

ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။

ရေမြေသခင်၊ရှင်ဘုရင်က

မိန့်တော်စာနှင့်အပါချသည်

လိုက်ရတော့မယ်။

နှမလေးပျိုတို့မောင်ကပင် ချစ်သူမယ်ထွေး ကျေနပ်စေရေး၊ ပြန်ဖြေပေးနေဟန်ကို တေးဖွဲ့ထားသည်။ သူတပ်တော်ထဲလိုက်ရသည်က၊ ပျိုလေးတွေးသည့် အထင်မျိုးမဟုတ်ရပါ။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင်စစ်ချီမည်။ သည်သို့စစ်ချီရာတွင် လိုက်ပါရမည်ဟု အမိန့်တော်ထုတ်ပြန်၍ လိုက်ရပါကြောင်း လေပြေထိုးထားသည်။ သဲအုံနောက်ဆုံး အပိုဒ်ကို မဆိုသေးဘဲ တွေးကြည့်နေသည်။

ပျိုလေးကလည်း စစ်သည်မောင်အတွက် ဂုဏ်ယူသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် အားထားယုံကြည်ရသည့် သူရဲကောင်း။ ထိုသူရဲကောင်း ရောက်နေမည့် တောင်တွေပတ်လည်ဝိုင်း သာမောသည့် ဇင်းမယ်မြို့လေးသည် ပျိုလေးလွမ်းစရာ မြို့လေးဖြစ်နေသည်တဲ့။ သည်ကဗျာလေးကို တောင်တွင်းရှင်ငြိမ်းမယ် စပ်ဆိုသည်တဲ့။ စာဆိုရှင်သည် ခေတ်တခေတ် ဖြစ်ရပ်တခုအတွက် ရည်စူးဖွဲ့ဆိုသည်မဟုတ်။ အတိတ်ရှေးက မြန်မာတို့သဘာဝရော၊ ပစ္စုပ္ပန်မြန်မာတို့ စရိုက်ရော၊ အနာဂတ်မြန်မာတို့မှာ ဖြစ်နိုင်သည်ရော ပြောပြနေသည်ဟု သဲအုံတွေးနေသည်။ လုလင်ပျို လုံမပျိုတို့နှင့် စစ်နှင့်မကင်းသည့် နိုင်ငံအခြေအနေကို စာဆိုကြုံခဲ့သည့်ကာလက ဖွဲ့နွဲ့သည့်တိုင် အခါကာလမရွေး မှန်နေပါလားဟု စာဆိုဉာဏ်ကို လေးစားနေမိရင်း အဆုံးပိုဒ်ကိုဆိုလိုက်သည်။

         

မြင်းမှာအုန်းခွံ၊ ကျွန်မှာကုလား

ဓားမှာမိုးကြိုး၊ ယွန်းပုဆိုးနှင့်

အိုးစားဖက်စုံ၊ စစ်သည်ပုံမှာ၊ ကျွန်ယုံစားမို့

မောင်ကလေး မောင်သာလိုက်တဲ့

တောင်ပတ်လည်နှင့် ဇင်းမယ်ဆိုသည်

ညိုတဲ့မြို့မှာ၊ ပျိုလွမ်းဖွယ်လေး။

ကဗျာထဲက မိန်းမပျိုလေး အလွမ်းကို တွေးလိုက်ရင်း ဘာမသိ ညာမသိ အလိုလိုပြုံးမိသွားရသည်။ ထိုစဉ်လက်ခုပ်သံကြောင့် သဲအုံလန့်သွားသည်။ ဝတ်မှုံ၊ ရှင်ဝတ်မှုံ။ လာသည်ကို အသိမပေးဘဲ သူသီချင်းဆိုသည် ပုန်းနားထောင်ကာ ပြီးမှ လက်ခုပ်သံဖြင့် အားပေးလိုက်သည်။ တော်တော်ဆိုးသည့် ဝတ်မှုံ။

| ခံစားချက်နဲ့ဆိုတာမို့လားမသိ။ နားထောင်ကောင်းပါဘိရှင် သဲအုံရယ်|

 / အို၊ဝတ်မှုံ၊ နွေအကူး လေရူးလေးဆော်တော့၊ ပျင်းလို့ ညည်းမိတာပါ အေ/

|အံမယ်၊ အံမယ်..မလုံမလဲဖြစ်ပြီး မညာပါနဲ့။ 'နှမလေးမယ်တို့မောင်မှာ'ဆိုတော့ .. ကိုနန္ဒကို ပြောတာပေါ့နှော။ ဟင်း..ဟင်း..၊ အင်း။ သည်အိုင်ချင်းက ကိုန္ဒအတွက်ရော၊ ကိုရူပ အတွက်ရော၊ ပြီး ရှင်သဲအုံအတွက်ပါ စပ်ဆိုထားလား မသိ|

/ အို..အေ၊ကဲ..အခုစစ်ချီတဲ့အထဲ ညည်းလူ ငလုံး လည်းပါသမို့လား/

ဝတ်မှုံလည်း မှိုင်ကျသွားသည်။ တကယ်တော့ ညောင်ရမ်းခေတ် သည်အိုင်ချင်းက ညောင်ရမ်းခေတ် ပျိုလေးတို့အတွက်သာမဟုတ်၊ ပြီးတော့ဝတ်မှုံတို့ သဲအုံတို့ ကုန်းဘောင်ခေတ် လုံမတို့ကိုသာ ရည်ညွှန်းသည်မဟုတ်၊ အချိန်ကာလ နေရာဒေသမရွေး စစ်ရှိသည့် ကမ္ဘာလောကတဝှမ်းလုံးမှာ နေ နေရသည့် မလေးပျိုမေတို့အားလုံးအတွက် ခံစားပြထားသည့် တေး။

| အင်း..၊ ဟုတ်ပါရဲ့။ မောင်ကြီးနန္ဒနဲ့ 'အိုးစားဖက်' တဲ့။ အိုးစားဖက် ရှာကြသတဲ့။ ဘာလဲဟင်..|

/ ဟော..အမေတုတ်လာနေပြီ၊မေးကြည့်ရအောင်/

" ဟဲ့..၊ ဟဲ့၊ သဲအုံတို့ ဝတ်မှုံတို့လားဟဲ့။ ဘာတွေပြောနေကြတာလဲ"

| ကိုနန္ဒတို့အကြောင်းပါ အမေတုတ်ရဲ့။ အမေတုတ်၊ အိုးစားဖက် အကြောင်းပြည့်ပြည်စုံစုံပြောပြပါလား|

ဝတ်မှုံက အမေငွေတုတ်ကို နေရာပေးရင်းပြောသည်။

     

" အဲဒါ၊ ဘုရင်မင်းမြတ် ကုန်းကြောင်းချီတပ် ဖွဲ့စည်းပုံပေါ့။ လူ ၅ ယောက်တွင် ၁ အိုးစား။ ၁ အိုးစားမှာ လူကြီး ၁ ဦးထားမြဲတဲ့။ ၁ အိုးစားမှာ ပါရမယ့် စစ်အသုံးဆောင်က ကြေးအိုး ၂ လုံး၊ မိုးကာ ၁ လိပ်၊ သံချွန် ၈ ချောင်း၊ ပုဆိန် ၁ လုံး၊ လွှ ၁ စင်း၊ ဓားမ ၁ စင်း၊ ဓားလွယ် ၅ စင်းနဲ့ သေနတ်မီးပေါက် ၂ လက်ပါရမယ် တဲ့။ လူ ၁၀ ယောက်ကို ၂ အိုးစား။ ၂ အိုးစားမှာအကြပ် ၁ ယောက် ထားတယ်။ အကြပ်ကို လှံမာ၊ ဓားလွယ် ၁ စင်းနဲ့ ဆော်မောင်း ၁ လုံးပေးထားတယ်။ ၅ ကြပ်ရှိရင် ၁ သွေးသောက်။ ၁ သွေးသောက်လျှင် ငယ်သား ၅၀၊ အကြပ် ၅၊ သွေးသောက်ကြီး ၁၊ စုစုပေါင်း ၅၆ ယောက်ပေါ့။ သွေးသောက်ကြီး အဆောင်အယောင်က ထီးနီ ၁ လက်၊ ငွေဓား ၁ စင်း။ ၂  သွေးသောက်မှာ တပ်မှူး ၁ ယောက်၊ ၅ တပ်မှူးမှာ ၁ ဗိုလ် ရှိရမယ်ဆိုပြီး ဖွဲ့စည်းထားတာ သမီးတို့ရဲ့။ အရှင်မင်းမြတ်တို့မှာ အရေးတော်ပေါ်ရင် တပ်တော်စုရတယ်။ ဒီအခါ ရင်းနှီးသူအချင်းချင်း ၁ အိုးတည်း စားဖော်စားဖက်ရှာကြတာပေါ့ *"

/ တပ်တော်စုတာ သမီးသိတယ်အမေတုတ်။ ဘဒွေး ပြောတာလေ။ 'အရပ်ရပ်မြို့စု၊ တိုက်စု၊ ကျေးရွာများ မှ လက်နက်ကိုင် အသည်အလာ မည်သည့်အမှုအထမ်း မဆို မြို့ရှင်၊ ရွာရှင် မြို့ရွာသူကြီးတို့က တဝတည်း သိမ်းရုံးစေ။ မြို့ရွာသူကြီးတို့က သိမ်းရုံးရာမလိုက် မလာ ငြင်းဆန်လျှင် အဆုံးစီရင်စေ' * တဲ့/

"သမီးသဲအုံက မှတ်မိသားပဲ။ ဒါ့ကြောင့်မြို့ရွာတွေက၊ အရွယ်ရောက် ယောက်ျားမှန်သမျှ မြင်းစီး ဓားခုတ်၊ လှံထိုး လေ့ကျင့်ထားရတယ်။ စစ်မက်အရေးပေါ်လာရင်၊ အဆင်သင့်ဖြစ်အောင်လို့ပေါ့။ အမေတို့ စစ်ကိုင်းမှာနေတုန်းက  နန္ဒနဲ့ ရူပကို သူတို့ဘဒွေးက ဓားရေးလှံရေးသင်ပေးတာ သမီးအသိ မဟုတ်လား"

| ဟုတ်တယ်နော် အမေတုတ်။ ဝတ်မှုံတို့သာ မိန်းကလေး ဖြစ်နေလို့။ မိခင်တွေ မွေးလိုက်တဲ့ သားယောက်ျားလေးတွေဟာ၊ ရဲမက်စစ်သည် ဖြစ်ဖို့မွေးလိုက်သလိုပဲ။ ကိုနန္ဒတို့ကတော့ တပ်သားသစ် မစုဘဲလိုက်သွားတာ။ နေပြည်တော်က တပ်တော်စုအမိန့် ဘာကြောင့် မလာပါလိမ့်နော်|

"အရေးတော်ပေါ်မှ စုတာလေ။ အရှင်မင်းတရား အဖက်ဖက်က ခန့်မှန်းထားမှာပါ။ သမီးဝတ်မှုံပြောတာ မှန်တာပေါ့သမီးရယ်။ မိခင်တွေဆိုတာ သားကောင်းတယောက် ကျောက်ကောင်းတစေ့ကို မွေးထုတ်ကြသူတွေပေါ့။ မြန်မာ့တပ်တော်သားတွေထဲမှာ 'အာမခံ သူရဲကောင်း' တွေလည်း ဖွဲ့ထားသေးတယ် *"

| 'အာမခံသူရဲကောင်း' ဆိုတာ|

" 'အသက်စွန့်တပ်သား' ပေါ့။ အလောင်းမင်းတရားကြီး ယိုးဒယားက တပ်ရုပ်ပြန်လာတော့ ဗိုလ်ချုပ် မင်းခေါင်နော်ရထာ နောက်ချန်တပ်ဟာ အသက်စွန့်တပ်သားတွေပေါ့။ အရေးအကြောင်းမှာ အသက်စွန့်  အသေခံတိုက်ရသူတွေကို ခေါ်တာပေါ့"  

/အမေတုတ်နဲ့ အမေနှင်းပွင့် တို့ ခင်ပွန်းတွေက အာမခံ သူရဲကောင်းတွေပေါ့/ 

(ရှင်းချက်။ ယခုခေတ် အသေခံတပ်သား ဝေါဟာရသည် ရှေးမြန်မာတပ်တော်၌ အာမခံသူရဲကောင်း ဟုသုံးနှုန်းသည်။)

" မုဆိုးဘို ထန်းလုံးခံတပ်နဲ့ ရန်သူတွေကိုခုခံစဉ်က မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက်ဟာ အာမခံသူရဲကောင်း တွေပေါ့။ အဲသလို တိုင်းနိုင်ငံပြန်လည် ထောင်ဖို့ အသက်ခန္ဓာပေးဆက် စစ်ဗိုလ်ချုပ်တွေနောက် နန္ဒ၊ရူပတို့ အဖေနဲ့ အမေတုတ်တို့ စစ်ပြေးစစ်ရှောင်တွေ စစ်သည် ရဲမက်ဖြစ် နောက် အာမခံသူရဲကောင်းတွေ ဖြစ်လာတာပေါ့"

| အင်း..လူတွေ၊ တိရစ္ဆာန်တွေ၊ သစ်ပင်ပန်းမာတွေ သေကြ၊ ကြေကြတဲ့ ဒီစစ်ကြီးကို လူတွေ ဘာဖြစ်လို့ဖြစ်ချင်ကြလည်း မသိဘူးနော်..သဲအုံ|

/ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ တွေကြောင့်ဖြစ်မှာပေါ့၊ ဝတ်မှုံ။ သမီးပြောတာ ဟုတ်မဟုတ်လားဟင်..၊ အမေတုတ်/

" အမေ့ခင်ပွန်းပြောပြတဲ့ စစ်ဖြစ်ရတဲ့အကြောင်း ၁၂ ပါးက သမီပြောတဲ့ လောဘ၊ ဒေါသတွေကြောင့်ပဲပေါ့"

\ အဲဒီ ၁၂ ပါးက ဘာတွေလဲဟင်\ 

သဲအုံနှင့် ဝတ်မှုံတို့ ပြိုင်မေးမိကြသည်။

 " ၁ က တိုင်းနိုင်ငံကြောင့် စစ်ဖြစ်ရခြင်းတဲ့၊

၂ က ဥစ္စာရတနာကြောင့်၊

၃ က သမီးကညာ ရတနာကြောင့်၊

၄ ဂုံးတိုက်ဥပါယ်ကြောင့်၊

၅ တုံ့ပေးစေပါးသောကြောင့်၊

၆ သစ္စာဖောက်သောကြောင့်၊

၇ အမျိုးအဆွေကိုသတ်သောကြောင့်၊

၈ သူရဲစစ်သည်မရှိသောကြောင့် တဲ့။ 

ပင်းတလဲမင်း လက်ထက် တရုတ်ပြည်ပြေးဘုရင် ယုံလီ စစ်သည်တွေ ခိုးဆိုးလုယက် အင်းဝနန်းထိ တိုက်ခိုက်တာ၊ ညောင်ရမ်းမင်းဆက်တွေထဲမှာ ကသည်းတို့ ယိုးဒယားတို့ ကျူးကျော်မှုတွေရှိတာ ဗဟိုမင်းနေပြည် အားနည်းတော့ လက်အောက်ခံမြို့ပြနိုင်ငံတွေ ထောင်ထားခြားနား ပုန်ကန်တာ၊ နံပတ် ၈ သူရဲစစ်သည် မရှိတာထင်ရှားတာပေါ့။ ဘုရင့်နောင်မင်းတရားကြီးဟာ သူရဲစစ်သည်ကို မြှောက်စားလို့ သူ့အရှိန်ဝါ ဘယ်ကလောက်ကြီးခဲ့သလဲ။ ဘုန်းတော်ကြီးဘုရား အလောင်းမင်းတရားကြီးက၊ ဟံသာဝတီပါ မင်းလက်ထက် သူရဲစစ်သည် အင်းအားမရှိလို့ နိုင်ငံ မထိန်းနိုင်တာကို သင်ခန်းစာယူ မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက်၊ သူအပါအဝင် ရဲမက်တော် ခြောက်ကျိပ်ကိုးနဲ့ နောက်ပါရဲဘော်သင်းတို့ဟာ၊ ရဲစိတ်ရဲမာန် အားမွေး တိုင်းပြည့်အရေး အသက်ပေး။ ကသည်းရန် ကွေ့ရန်ဖယ်ရှား။ နိုင်ငံပြန်ထူထောင်ဖို့ ဟံသာဝတီနဲ့ ယိုးဒယားတို့ သိမ်းထားတဲ့ထားဝယ်၊ မြိတ်တို့ကို ပြန်လည်သိမ်းနိုင်ခဲ့တယ်။ အင်္ဂလိပ်၊ ပြင်သစ်ကုလားဖြူတွေ အလေးထားရတာ စစ်သည်ရဲမက် အင်အားရှိလို့ပေါ့။ ကိုယ့်စစ်သည် ရဲမက် အင်အားဆိုတာ အရေအတွက်သာ မဟုတ်ဘူး။ တိုင်းပြည်ချစ်အား သစ္စာအားတွေရှိဖို့က အဓိက ကျတယ်။ 'သူနိုင်ငံသား သံမှုံ့ စားမှ တို့ ဓားတုံးမည် မှတ်ရမယ်' လို့ ဘုန်းတော်ကြီးဘုရား အလောင်းမင်းတရား စစ်သည်တွေခံယူတာကြောင့် တိုင်းခြားတွေ ခန့်ငြားရိုသေရတဲ့ မင်းဖြစ်တာပေါ့၊ သူရဲစစ်သည် အင်အားကြီးမှ တိုင်းနိုင်ငံအင်အားကြီးတာ အမြော်အမြင်ရှိတဲ့ မင်းမြတ်တွေ လက်ထက်မှာ တွေ့နိုင်တယ်ကွဲ့။ နောက်နံပတ် ၈ က ကုန်သည်တို့ကြောင့် စစ်ဖြစ်ရတယ်တဲ့။ အခု တရုတ်နဲ့ စစ်ဖြစ်ရတာ တရုတ်ကုန်သည်တွေကြောင့်လို့ ပြောနိုင်တာပေါ့။ ကျန်တဲ့ ၃ ခုက အညှိုးဆွဲလို့၊ အမျက်ကြီးလို့၊ ပြီးတော့ ဆင်ကောင်း၊ မြင်းကောင်း လိုချင်လို့စစ်ဖြစ်ရတာလို့ အမေ့ခင်ပွန်းကပြောတာ အမေမှတ်ထားတယ် * ။

ဒီအချက်တွေကိုကြည့်လိုက်တော့ လောဘ ဒေါသ စတဲ့ကိလေသာ ၁၀ ပါးကြောင့်ပေါ့။ အင်း..၊ အမေတုတ်က သက်ပြင်းရှည်ချပြီးမှ ဆက်ပြောသည်။

" အင်း..၊ ဒါပေမယ့် အမေစဉ်းစားမိတာက ဒီကျူးကျော်စစ်ကို တုံ့ပြန်တာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ကြောင့်ချည်း မဟုတ်ဘူး"

\ အမေတုတ်က ဘယ်လိုထင်လို့လဲ\

သဲအုံနှင့်ဝတ်မှုံ မတိုင်ပင်ရဘဲ အတူမေးမိပြန်သည်။

" အမေတို့သားတွေ ဒီစစ်ဆင်နွဲရတာ အမေတို့နိုင်ငံနဲ့  လူမျိုးဂုဏ်သိက္ခာအတွက်၊ တာဝန်သိမှုအတွက်၊ အောင်ပွဲအတွက် လို့အမေယုံကြည်တယ်"

 /လွတ်လပ်မှုအတွက်လည်း စစ်တိုက်ကြတယ်လို့ သမီးမြင်တယ်အမေ။ မှန်လားဟင်။ ဒါတွေကို မာန ဒိဋ္ဌိ လို့ဆိုလည်း ထားသင့် ရှိသင့်တဲ့ မာန၊ ဒိဋ္ဌိတွေ နော်အမေ/

"အေးပေါ့၊ သမီးရယ်။ ဗုဒ္ဓဘုရားဟော ၅၅၀ ဇာတ် တော်တွေထဲမှာ အမျိုးအနွယ်တွေ လွတ်လပ်ရေး၊ လွတ်မြောက်ရေး ဘုရားလောင်း ဝက်မင်း၊ ငုံးမင်း၊ မြောက်မင်းတို့ သတ္တိ ဗျတ္တိတွေ တွေ့ရပါတယ်။ ဘုရင့်နောင်မင်းတရားကြီးရဲ့မြေးတော် အနောက်ဘက်လွန်  မင်းလက်ထက် ပေါ်တူဂီ ဒီဗရစ်တိုလို့ခေါ်တဲ့  ငဇင်ကာ လက်အောက်ကျနေတဲ့ ရာမညတိုင်းကို လွတ်မြောက်အောင်လုပ်ခဲ့ရတယ်"

 / အဲဒီပေါ်တူဂီ  ငဇင်ကာ သံလျင်မြို့ရသွားတာ ရခိုင်မင်းနဲ့ တောင်ငူမင်းတို့ကြောင့်ဆို အမေတုတ်/

" ဟုတ်တယ်။ အမေတုတ်တို့လည်း အဘိုးအဘွားတွေ ကပြောတာ။ ရဲမက်စစ်သည် အင်အားမရှိတော့တဲ့  ငါးဆူဒါယကာ နန္ဒဘုရင်ကို တောင်ငူမင်းနဲ့ ရခိုင်မင်းတို့ က ၉၆၁ ခုမှာတိုက်ခဲ့တယ်။ နန္ဒဘုရင် တောင်ငူပါတော်မူတယ်။အဲဒီတိုက်ပွဲမှာ ရခိုင်ဘုရင် မင်းရာဇာကြီး ဖက်က ငဇင်ကာက ကူညီတိုက်ခဲ့တယ် *။ ဒီလိုကူညီပေးလို့  ရခိုင်ဘုရင်က တောင်ငူဘုရင် မင်းရဲသီဟသူ သဘောတူညီချက်ယူပြီး ငဇင်ကာခေါင်းဆောင်တဲ့ ပေါ်တူဂီစစ်တပ်ကို သံလျင်ဆိပ်ကမ်းပေးခဲ့တာ၊ ငဇင်ကာလို့ ဆိုတာက အမေတို့ကခေါ်တာ။ ပေါ်တူဂီလိုက ဖီးလစ် ဒီဗရစ်တိုနီကိုတီ တဲ့။ ရခိုင်တွေခေါ်တာက ငအင်္ဂါတဲ့ * သံလျင်ကိုရသွားတဲ့ ငဇင်ကာက သံလျင်သာမဟုတ်တော့ဘဲ အမေတုတ်တို့ တနိုင်ငံလုံးကို အုပ်ချုပ်ဖို့ စီမံခဲ့တယ်။ ငဇင်ကာက သူ့သမီးနဲ့ မုတ္တမစားဗညားဒလသား ထိမ်းမြားပေးပြီး ရာမညကို သိမ်းပိုက်တယ်။ ပုသိမ်၊ ရန်ကုန်၊ ဟံသာဝတီ စတဲ့မြစ်ဝကျွန်းပေါ်  ဒေသကိုလည်းထိန်းသိမ်းခဲ့တယ်။ သည် သုံးလေးနှစ်မှာ အင်အားတောင့်တင်းအောင် ဂိုအားဘုရင်ခံထံက စစ်သင်္ဘော ၆ စင်းနဲ့အားဖြည့်။ မြစ်ဝကျွန်းပေါ်နဲ့ ရာမညမှာ ထင်သလို ချယ်လှယ်နှိပ်ကွပ်တော့တာပဲ။ ရွှေတိဂုံစေတီက မွန်ဘုရင်းမင်းမြတ် ဓမ္မစေတီမင်း ပူဇော်ထားတဲ့ ခေါင်းလောင်းတော်ကြီးကိုရော ရွှေ တွေငွေတွေရောယူသွားတာ ပင်လယ်ဝမှာ ခေါင်းလောင်းသယ်တဲ့ ဖောင်ပျက်သွားပြီး ခေါင်းလောင်းကြီး နစ်သွားတယ်လေ။ ဒီနေ့ထိမဆယ်ယူနိုင်သေးဘူး။ ငဇင်ကာဟာ တိုင်းသူပြည်သား  နိုင့်ထက်စီးနင်းပြုကျင့်ရုံမက ဘာသာသာသနာလည်းဖျက်ဆီး၊ အမေတို့ ပြည်သူတွေ ကိုယ့် ဘာသာကိုယ်တောင် လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် ဆီးကပ်ခွင့်မရခဲ့ဘူး"

|တောင်ငူဘုရင်နဲ့ ရခိုင်ဘုရင်တို့မှာ တာဝန်ရှိတာပေါ့ နော်၊ သူတို့က မဆုံးမဘူးလား|

"အားကောင်းလာတဲ့ ငဇင်ကာဟာ ရခိုင်ဘုရင်မင်းရာဇာကိုလည်း မကျိုးမနွံ မပျပ်မဝတ်၊ တောင်ငူဘုရင် မင်းရဲသီဟသူကိုလည်း မကျိုးမနွံ မပျပ်မဝပ်၊ လက်ဆောင်မဆက်ပဲ နေတော့ ၉၆၅ ခုနှစ်မှာ ရခိုင်၊ တောင်ငူပေါင်း သံလျင်ကိုတိုက်တယ်။ မနိုင်ဘူး။ ရခိုင်ဘုရင့်သားတော် အိမ်ရှေ့မင်း မင်းခမောင်းကို ငဇင်ကာတို့ကတောင် ဖမ်းမိသွားတယ်။ ငဇင်ကာက ရခိုင်ဘုရင်နဲ့ တောင်ငူဘုရင်ကို - 'မလေးမစား ငါ့ကိုကျွန်ဟူ၍ မဆိုနှင့်၊ ပြည်ထောင်ချင်းမင်းဟုဆို၊ ယင်းသို့မှ ဥပရာဇာကိုငါပေးမည်၊ နောက်နောင် သံလျှင်မြို့ကို မလုပ်မကြံပြီ ဟူ၍' ကတိပြုစေတယ်။ ရခိုင်ဘုရင်ကော  တောင်ငူဘုရင်ပါ လက်လျော့ရတယ်ကွဲ့ *"

 /အနောက်ဘက်လွန်မင်း ကတော့နိုင်အောင် တိုက်နိုင်တယ်နော်/

"ဘုရင့်နောင်မင်းတရားကြီးရဲ့ ဟံသာဝတီဟာ သားတော်နန္ဒဘုရင်လက်ထက်မှာ တပ်တော်အင်းအားချိလို့ ပျက်ခဲ့ရတယ်။ ဒုတိယသားတော် ညောင်ရမ်းမြို့စား မင်းရဲနန္ဒမိတ်က ပြန်စည်းရုံးနေတုန်း ကံတော်ကုန်လို့ သားတော်အနောက်ဖက် လွန်မင်းက ဆက်စည်းရုံးခဲ့တယ်တဲ့။ ငဇင်ကာ ဖိနှိပ်မှုတွေရပ်စဲဖို့  ၉၇၄ ခု ၊ ပြာသိုလဆန်း ၄ ရက်နေ့မှာစစ်ချီတယ်။ အမေတုတ်တို့ ဘိုးဘွားတွေပြောတာ သည်လိုစစ်ချီရာမှာ ရှမ်းပြည်သူတွေရော အဝနေပြည်သူတွေရော၊ ရာမညကပြည်သူတွေပါ တစိတ်တဝမ်းညီ ချီကြတာတဲ့။ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ မင်းတရားကြီး ဦးဆောင်မှုအောက်မှာစုရုံးခဲ့ကြတာပေါ့ *။

/ အဲဒီတုန်းကလည်း တပ်တော်စုဆင့်ခဲ့မှာပဲနော်/

"အေးပေါ့ကွဲ့။ အားကိုးအားထားအုပ်ချုပ်သူမင်း တရားအောက်မှ တပ်တော်အားရှိလာကြတယ်။ မြန်မာတပ်တော်က သံလျင် အရှေ့တောင်ထောင့်အရပ်မှာ တပ်ချ၊ မွေ့နန်းတောင်ကိုပတ်၍ တပ်တည်၊ တိုက်ပွဲက အလွန်ပဲပြင်းထန်သတဲ့။ ငဇင်ကာ ပေါ်တူဂီတပ်က မြို့ရိုးပေါ်တက်လာ ကပ်လာတဲ့ မြန်မာ့တပ်သားတွေကို ပွဲလျက်ရည်၊ငရုတ်ရည်တွေနဲ့လောင်း၊ ဗုံး၊ သေနတ်၊ စိန်ပြောင်း၊ မြတပူတွေ ပစ်လွှတ်တော့ မြန်မာရဲမက်တွေ ထိခိုက်ရှနမှုများလို့ ဆုတ်နေရသတဲ့။ နောက်ဆုံး ဥမင်ကို မြို့ရိုးအောက်ခြေထိတူး၊ ဝင်ပေါက်ရမှ အာမခံသူရဲကောင်းတွေက အသက်ပဓာနမထား တိုက်ခိုက်ခဲ့တာ ငဇင်ကာကို လက်ရဖမ်းမိတာပဲ။ ဒီလိုသံလျင်မြို့ထဲ ဝင်လို့ရအောင်မွန်အမတ် ဗညားခံ က မြို့တွင်းကစွန့်စားကူညီခဲ့တာတဲ့ *။ အိန္ဒိယမှာရှိတဲ့ ဂိုအားဘုရင်ခံ ချုပ်က  သံလျင်က ငဇင်ကာတို့ကို ကူညီဖို့ 'ဂျာမက်စ်ဒေမဲင်ဒေါ်သာဖူးရ်တာဒို' ခေါင်းဆောင်တဲ့ စစ်သင်္ဘော ၅ စင်းစစ်ကူပို့တာ မြန်မာ ရေတပ်က ကြားဖြတ်တိုက်တော့ ၁ စင်းထွက်ပြေး။ ၄ စင်းရလိုက်တယ်ကွဲ့။ အဲဒီ တိုက်ပွဲမှာ မြန်မာ့ရေတပ်ကအမတ်စစ်သူကြီး 'နန္ဒသူရိယ'က ပေါ်တူဂီသင်္ဘောပေါ် ဦးဆောင်တက် တိုက်ပွဲဝင်တာ ပေါ်တူဂီကျည်သင့် ကျဆုံးခဲ့ရတယ်။ ဒါဟာ ကုလားဖြူတွေရဲ့ စဦးကျူးကျော်မှု လက်အောက်က လွတ်မြောက်ရေး အနောက်ဖက်လွန်မင်းတရားကြီး ဦးဆောင်တိုက်ထုတ်ဖြိုဖျက်ခဲ့တာ* လို့     အမေတုတ်တို့ ဘိုးဘွားတွေက ပြောခဲ့တာတွေပေါ့။ ဒီနေရာမှာ အနောက်ဖက်လွန်မင်းတရားကြီး သဘောထားကြီးမြတ်သလို အမြော်အမြင်ကြီးတာ သက်ကြီးစကား သက်ငယ်ကြား မှတ်သားခဲ့ရတယ်ကွယ့်။

/သမီးတို့သက်ငယ်တွေထပ်ကြားအောင် ပြောပြပါဦး/

"မုဆိုးဘိုရွာကိုအမေတုတ်တို့စစ်ပြေးတုန်းက သမီးသဲအုံတို့နဲ့ ကစားခဲ့တဲ့ကလေးအချို့မြင်ကြည့်လေ"

/သမီးမှတ်မိတယ်၊မှတ်မိတယ်။မျက်လုံးပြာပြာ ဆံပင်က ပြောင်းဖူးမွေးအနီရောင်၊ ဗမာစကားတော့ ပီပီပြော တတ်တယ်။ ကုလားဖြူတွေလို့ ဒွေးငြိမ်းမယ်က ပြောတယ်။ ပင်လယ်သမုဒ္ဒရာကူးလာပြီး ရောက်လာသူ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီတွေကို 'ကူးလာ'လို့ ခေါ်ရာ က ကုလား လို့အသံပြောင်းသွားတာတဲ့။ အသားဖြူသူကို ကုလားဖြူ မဲရင်ကုလားမဲလို့ခေါ်တာတဲ့/ 

"အဲဒီသမီးတို့နဲ့ကစားသူတွေကပေါ်တူဂီတွေကွဲ့။ အနောက်ဖက်လွန်မင်းတရားကြီးက အပစ်ရှိတဲ့ ငဇင်ကာရယ် ငဇင်ကာနဲ့ ပေါင်းတဲ့ တောင်ငူဘုရင့်သားနတ်ရှင်နောင်တို့ကို သာ ကွပ်မျက် စေခဲ့တာတဲ့။ ကျန်ပေါ်တူဂီတွေကို အပစ်မပေးဘဲ ဆောင်ယူလာပြီး ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြားကျေးရွာတွေမှာရယ်၊ စစ်ကိုင်းနဲ့  ရွှေဘိုခရိုင်တို့မှာ နေရာချထားပေးတယ်။ ငဇင်ကာက ဗုဒ္ဓဘာသာဝင်မွန်၊ ဗမာတိုင်းရင်းသား ဘုန်းကြီးတွေကို အတင်းအဓမ္မ ဗရင်ဂျီဘာသာထဲ သွပ်သွင်းပေမယ့် မင်းတရားကြီးက ခေါ်ဆောင်လာတဲ့ ပေါ်တူဂီတွေနဲ့ ဗရင်ဂျီဘုန်းတော်ကြီးတွေကို အတူထား လွတ်လပ်စွာ ကိုးကွယ်နေထိုင်ခွင့် ပေးခဲတယ်ကွဲ့။ မင်းတရားကြီး ရဲ့တပ်မှာ အမှုတော်ထမ်းလိုသူများကိုလည်း ထမ်းဆောင်ခွင့်ပေးခဲ့တာ စစ်နိုင်သူဖြစ်ပေမယ့် မသက်ဆိုင်သူတို့ကို ဒုက္ခမပေးရုံသာမက ဒုက္ခဘေးက လွတ်ရေးပါ ဆောင်ရွက်ခဲ့တာ သူ့ရဲ့ကြီးမြတ်တဲ့ သမိုင်းပေါ့ကွယ်"

|ဒါနဲ့အမေတုတ်၊ဒီနေ့မန်ချူးတရုတ်တွေကျူးကျော် စစ်ကိုရော ဝတ်မှုံတို့နိုင်ပါ့မလား|

" နိုင်မယ်လို့ အမေပြောရဲတယ်"

|ဘာ့ကြောင့်လဲဟင်|

 " စစ်အောင်ရခြင်းအကြောင်း ၁၁ ပါးနဲ့ကိုက်ညီနေလို့ "

 /ပြောပါဦးအမေတုတ်/

 "မင်းနဲ့အမတ်ညီညွတ်သည်၊ စစ်ဆင်တတ်သည်၊ အမတ်ပညာရှိစကားနာသည်၊ သူရဲစစ်သည်တို့  ညီညွတ်သည်၊ ဆင်မြင်းကောင်းသည်၊ မန္တံယတြာပြီးစီးသည်၊ ဇာတာစန်းလက်ကိန်းခန်းကောင်းသည်၊ ပြည်သူတို့ ဝပြောသည်၊ ပြည်သူအနာအဖျား နည်းသည်၊ ပြည်စောင့်နတ် အဓိကတို့ မ,စ သည်၊ သူ့မြို့သို့သူခိုးသူလျို ရောက်နိုင်သည် *တဲ့။ အဲဒီ ၁၁ ပါးလုံး အမေတို့ ပြည့်စုံနေတယ်။ ဒီ ၁၁ ပါးမပြည့်စုံတဲ့ အချိန်တိုင်းမှာ အမေတို့ ဘုရင်မင်းမြတ်တွေအင်အားနည်း၊ တိုင်းတပါးက မခန့်ညား၊ ဝင်ရောက်စွက်ဖက်ကြတာ၊ လက်အောက်ခံတွေ ပုံကန်ခြားနားကြတာ တွေ့ခဲ့ကြရတယ်။ ဒီ ၁၁ ပါးထဲမှာ သူရဲစစ်သည်တို့ သတ္တိရှိရှိညီညွတ်တာ၊ ဆင်မြင်းကောင်းတာ အရေးအကြီးဆုံးလို့ အမေ့ကိုယ်တွေ့  ပြောရမှာပဲ။ ဘုန်းတော်ကြီးဘုရား အလောင်းမင်းတရား မြင်းရည်တက်တပ်ဖွဲ့ ခြောက်ကျိပ်ရှစ်ယောက်တို့ဟာ အဲဒီအချိန်က သူရဲစစ်သည် ကာယသတ္တိ စိတ္တသတ္တိ ပြည့်ဝကြသူတွေလေ။ အဲသည် ရဲဘော်သင်း ခြောက်ကျိပ်ရှစ်ယောက်ကော မုဆိုးဘိုရွာနဲ့ အနီးဝန်းကျင်ရွာ၄၇ ရွာက ရွာလူကြီးတွေကော၊ စစ်ရှောင် စစ်ပြေး ထဲက နိုင်ငံပြန်ထူထောင်ဖို့ ရဲဝံ့စွန်းစားသူတွေဟာ စိတ်ဓာတ်ပြည့်ဝတဲ့သူရဲကောင်း စစ်သည်တွေဖြစ်လာတာပေါ့"

|ဘုန်းတော်ကြီးဘုရားလက်ထက်က သူရဲစစ်သည်တွေ အခုဆင်ဖြူရှင်မင်းလက်ထက်မှာ ဦးဆောင်နေတုန်းနော်အမေတုတ်|

" ဘုန်းတော်ကြီးဘုရား အလောင်းမင်းတရားကြီးရဲ့ သားတော်ဆင်ဖြူရှင်မင်းကြီးက သူကိုယ်တိုင်လည်း စစ်ဦးစီး နိုင်ခဲ့သူကွဲ့။ တပ်တော်အင်အားရှိမှ တိုင်းနိုင်ငံ အားရှိမှာ သိမြင်သူမို့ တပ်တော်တောင့်တင်း ခိုင်မာပြီး အားကောင်းရေးကို လုပ်ဆောင်ထားတယ်တဲ့။ အဓိက ကျတဲ့မြို့ကြီး ၁၉ မြို့မှာ ထုံးတမ်းစဉ်အလာ အုပ်ချုပ်သူ မြို့ဝန်၊ စော်ဘွားတို့နဲ့ တွဲဖက်ဖို့စစ်ကဲ ၂ ဦးကျ စီမံခန့်ထားပြီးအုပ်ချုပ်စေသတဲ့ ^။ ဒါဟာလုံခြုံရေး တွေးတာပေါ့။ ဘုန်းတော်ကြီးဘုရား အလောင်းမင်းတရားကြီး စဦးဖွဲ့စည်းခဲ့တဲ့ မြင်းရည်တက် ခြောက်ကျိပ်ရှစ်ဦးထဲက ငါးကျိပ်ရှစ်ဦးကျန်တယ်တဲ့။ ရွာပေါင်း ၄၇ ရွာက ရွာလူကြီးတွေလည်း စစ်ရည်စစ်သွေးပြည့်ဝတဲ့ တပ်မှူးတွေဖြစ်နေပြီတဲ့။ တပ်တော် ကြံ့ခိုင်ဖို့ သွေးသောက်စု စုစုပေါင်း ၂၉ စု ဖွဲ့စည်းထားသတဲ့။ သွေးသောက်စုဆိုတာ တပ်တော်ရဲ့အဓိကကျော်ရိုးပေါ့။ အမျိုးအစားတွေက ၄၀ ကျော်သွေးသောက်စု၊ ၅၀ ကျော်သွေးသောက်စု၊ အတွင်းသွေးသောက်စု၊ အပြင် သွေးသောက်စု၊ အပြင်သွေးသောက်စုလတ် ဆိုပြီး ၅ မျိုးခွဲဖွဲ့ထားတယ်လို့ ဘဒွေးကိုကောင်းမြ ပြောတာ သားနန္ဒက အမေကို အားရပါးရပြောပြတယ်။ ဒါ့ကြောင့် မင်းနဲ့သူရဲစစ်သည်တို့ သတ္တိရှိရှိညီညွတ် ခြင်းရှိအောင် ဆောင်ရွက်ထားလို့ ဒီစစ်အမေတို့နိုင် မယ်လို့အမေပြောရဲတယ်"

|အမေတုတ်ပြောမှပဲ သမီးစတ်ချမ်းသာတော့တယ်။ အို..၊ ရှင်သဲအုံရဲ့..၊ ကိုနန္ဒတို့ဘေးမသီရန်မခ ပြန်ရောက်ဖို့လည်း မေးဦးလေ|

ဝတ်မှုံကမချင့်မရဲဆိုပြန်သည်။ အမေတုတ်က ပြုံးလျက် -

" အော်..၊ သမီးတို့ရယ်၊ အောင်သပြေ ညောင်ရေလောင်းပြီး ဘုရားမှာ ဆုတောင်းကြပေါ့ကွယ်"

                                                                      

(ဆက်လက်ဖော်ပြပါမည်)

ရွှေတိုးဝင်းကြည်အောင်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)