ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေများ နှင့်အညီ ဆက်လက်စိစစ် အရေးယူဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေများ နှင့်အညီ ဆက်လက်စိစစ် အရေးယူဆောင်ရွက်သွားမည်

 


နေပြည်တော်၊ ဧပြီ ၆

လူမှုကွန်ရက်စာမျက်နှာများတွင် ယဉ်ကျေးမှုနှင့် မလျော်ညီသော ရုပ်သံများ ထုတ်လွှင့် ဖြန့်ချိနေမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ Myanmar National Post မှ ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေးဝန်ကြီးဌာနက -

ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားထားသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက "ယခုအခါ အချို့သော တေးသီချင်း ဗီဒီယိုရိုက်ကူး ထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာ အစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက ၁၃-၁-၂၀၂၄ ရက်နေ့တွင် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသော ရုပ်ရှင်ကားများဖြစ်သည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၁၃-၃-၂၀၂၄ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် “ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ သရုပ်ပျက်တေးသီချင်းဗီဒီယို ဖန်တီးရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ထိရောက်စွာအရေးယူနိုင်ရန် ၁၄-၂-၂၀၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။


သို့ပါ၍ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေများ နှင့်အညီ ဆက်လက်စိစစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)