ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထု၏ စုံစမ်းမေးမြန်းမှု၊ သတင်းပေးပို့ဆောင်ရွက်ချက်များအပေါ် အလေးအနက်ထားဖြေကြားဆောင်ရွက် ပေးကြရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထု၏ စုံစမ်းမေးမြန်းမှု၊ သတင်းပေးပို့ဆောင်ရွက်ချက်များအပေါ် အလေးအနက်ထားဖြေကြားဆောင်ရွက် ပေးကြရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မှာကြား


နေပြည်တော်၊ ဧပြီ ၂

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူးစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်စပ်လျဉ်း၍ အစည်းအဝေး ၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ရည်မှန်းချက်တာဝန်များပြီးမြောက်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ အတွင်းရေးမှူးများက တွေ့ကြုံနေသည့်အခက်အခဲများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြခဲ့မှုအပေါ် ဗဟိုအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ အားနည်းချက်၊ အားသာချက်များကိုသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်ပေးခဲ့ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲထားရှိမှုကို ဗဟိုအဖွဲ့ဝင်များ၊တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့်အကြံပြုချက်များမှ ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်၍ အပြီးသတ်ရေးဆွဲထားသည့် နည်းဥပဒေ (မူကြမ်း) အား ရေးထုံးရေးနည်းစိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များပေးပို့လာပါက အကြံပြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး နည်းဥပဒေထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဗဟိုအဖွဲ့အနေဖြင့် ပထမဦးဆုံးဖွင့်လှစ်မည့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းဖွင့်လှစ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့၏အစီအစဉ်ဖြင့် ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့မှလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာသတင်းများ၊ TV Spot ၊ ဆောင်းပါးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြည်သူသို့အသိပေးပြောကြားချက်များစသည်ဖြင့် ထုတ်လွှင့်ပေးခဲ့ပြီး နိုင်ငံပိုင်နေ့စဉ်ထုတ် သတင်းစာများမှလည်း ပြည်သူ့စစ်မှုထမ်းဆိုင်ရာဆောင်းပါးများ၊ ကဗျာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးဖော်ပြပေးလျက်ရှိပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည့် ဆောင်းပါးများကိုလည်း အများပြည်သူကြည့်ရှုနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန Webportal တွင် တင်ပေးထားပါကြောင်း၊ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလာဟလသတင်းများ၊ သတင်းတုသတင်းမှားများမဖြစ်စေရေးနှင့် ပြည်သူလူထုအတွင်း သတင်းမှန်များ အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များအား ဆက်သွယ်ရေး Mobile Operator ၄ ခုမှ တစ်ဆင့် Short Message Service (SMS) များ ပေးပို့လျက်ရှိပါကြောင်း၊ ဥပဒေပါကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များအပြင် ဗဟိုအဖွဲ့အစီအစဉ်ဖြင့် သတ်မှတ်ထားသည့်ကင်းလွတ်ခွင့်၊ ပေါ့လျော့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များကို ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများကို အသိပညာပေးဟောပြောခြင်း၊ ပြည်သူများသို့ ထပ်ဆင့်ရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ပြီး ပြည်သူများ၏ စိုးရိမ်စိတ်ကို လျော့ကျစေမည်ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များကို ပြည်သူများမှသိရှိလိုသည်များ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းများဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့်ဆိုင်သော စုံစမ်းမေးမြန်းနိုင်သည့် တယ်လီဖုန်းများတပ်ဆင်ပေးထားပြီး ဖုန်းနံပါတ်များကိုလည်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးလျက်ရှိပါကြောင်း၊ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းများတပ်ဆင်ပြီးချိန်မှစ၍ ပြည်သူလူထုက စိတ်ပါဝင်စားစွာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ပြည်သူလူထု၏ စုံစမ်းမေးမြန်းမှု၊ သတင်းပေးပို့ဆောင်ရွက်ချက်များအပေါ် အလေးအနက်ထားဖြေကြားဆောင်ရွက် ပေးကြရန်မှာကြားလိုပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် စာရင်းဇယားများပြုစုရာ၌ စနစ်တကျဖြစ်စေရေးနှင့် SOP တွင်သတ်မှတ်ပေးထားသည့် ပုံစံများဖြည့်သွင်းရာတွင် တစ်ပြေးညီဖြစ်စေရေးအတွက် ဗဟိုအဖွဲ့မှ Excle Format များရေးဆွဲ၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဝေပေးထားပြီး ဖြည့်သွင်းမည့်အချက်များအား နည်းစနစ် မှန်ကန်စွာဖြည့်သွင်းနိုင်ရန် Online မှ သင်တန်းပို့ချပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှလည်း မြို့နယ်အဖွဲ့များအထိ ဆင့်ပွားသင်တန်းများပို့ချသွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များကို စနစ်တကျမှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ် ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေးစစ်ခြင်းနှင့် အကျုံးဝင်သူများကို ဆင့်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိရာ ပေးပို့လာသည့် စာရင်းများတွင် ပြည်သူ့စစ်မှုထမ်းရန်ကိုယ်တိုင်ဆန္ဒပြုသူများစွာ ပါဝင်သည်ကိုတွေ့ရပါကြောင်း၊ သို့သော်လည်း ဆန္ဒပြုသူများအနေဖြင့် အမှန်တကယ်ဆန္ဒပြုသူများဖြစ်ရန်လိုအပ်ပြီး အတင်းအကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး အောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာကြပ်မတ် လမ်းညွှန်ရန်လိုအပ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆောင်ရွက်နေမှုအပေါ် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက လူမှုကွန်ယက်များတွင် သတင်းတု၊ သတင်းမှားများဖြန့်ဝေခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား ခြိမ်းခြောက်မှုများ ဆောင်ရွက်နေသည်ကိုတွေ့ရှိနေရပါကြောင်း၊ သတင်းတု၊ သတင်းမှားဖြန့်ဝေသူများ၊ ခြိမ်းခြောက်သူများအားဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုမှ သတင်းပေးလာမှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများက သတင်းအဖြစ်သာ ထားရှိခြင်းမပြုဘဲ အဆင့်ဆင့်ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုမည်ဖြစ်ပါကြောင်း၊ သို့မှသာသတင်းတု/သတင်းမှားဖြန့်ဝေခြင်းနှင့် ခြိမ်းခြောက်မှုများ လျော့နည်းသွားမည်ဖြစ် ပါကြောင်း။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် တွေ့ကြုံရသည့်အခက်အခဲများ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နည်းဥဒေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို တင်ပြပေးစေလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးနှင့် သတ်မှတ်အရေအတွက် ပြည့်မီစွာ သင်တန်းစေလွှတ်တက်ရောက်နိုင်ရေး အလေးထားဆောင်ရွက် ကြစေလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များကလည်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖွင့်လှစ်ထားသည့် Call Center များတွင် တာဝန်ထမ်းဆောင်ကြသူများကို ယဉ်ကျေးစွာပြောဆိုဖြေကြားနိုင်သူများအား တာဝန်ပေးအပ်ပြီး ပြည်သူများက သိရှိလိုသည်များမေးမြန်းမှုအပေါ် အလေးအနက်ထားဖြေကြားရန်လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များအား မြေပြင်တွင်ဆောင်ရွက်နေကြသူများအနေဖြင့် စစ်မှုထမ်းရန်အကျုံးဝင်သူများအား စာရင်းဇယားမှန်ကန်တိကျစွာဖြင့် မသမာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်မှုထမ်းရန်သတ်မှတ်ရည်မှန်းချက် ပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လေ့ကျင့်သင်ကြားစဉ်ကာလ ဆောင်ရွက်ချက်များအပေါ် မှတ်တမ်းမှတ်ရာများ စနစ်တကျရေးသားပြုစုထိန်းသိမ်းခြင်း၊ မှတ်တမ်းဓာတ်ပုံ/ဗွီဒီယိုများ စနစ်တကျရိုက်ကူးမှတ်တမ်းတင်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားကြရန် လိုအပ်မည် ဖြစ်ကြောင်းပြောကြားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)