မဲခေါင် - လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်း အောင်မြင်ပြီးမြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲခေါင် - လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်း အောင်မြင်ပြီးမြောက်



နေပြည်တော်၊ ဧပြီ ၉

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ကြောင်း ကြေညာခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) နှင့် ကိုယ်စားလှယ်များ ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများတက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁)ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါနှင့် တိရစ္ဆာန်နှင့်လူအကြား အပြန်အလှန်ကူးစက်တတ်သောရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီမံကိန်း၏ အောင်မြင်မှုအထူးပြယုဂ်အနေဖြင့် မိမိတို့ဌာနတွင် အမှန်တကယ်လိုအပ်နေသော အအေးခန်းသိုလှောင်ရုံကြီးငါးခုနှင့် အရန်မီးစက် ငါးလုံးတို့ကို ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့်ပြင်ဦးလွင်ရှိ ဓာတ်ခွဲခန်းများနှင့် ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော်ရုံးချုပ်တို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ဓာတ်ခွဲခန်းကွန်ရက်စနစ်များကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ကာကွယ်ဆေးများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံ နှစ်လုံးကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဆေးစမ်း တိရစ္ဆာန်များ ဇီဝလုံခြုံမှုကောင်းမွန်စွာ မွေးမြူနိုင် ခြင်း၊ Animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူ စမ်းသပ်နိုင်ခြင်းတို့ကြောင့် ကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးကို အထောက်အကူပြုနိုင်ခဲ့ကြောင်း။


တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးများကို ပြည်တွင်း၌ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စဉ်ဆက်မပြတ်ဆက်လက်ထုတ်လုပ် သွားနိုင်မည်ဖြစ်၍ မိမိတို့နိုင်ငံအပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအတွက်လည်း အထူးအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စီမံကိန်း ဆောင်ရွက်ရန် ခွင့်ပြုထောက်ပံ့ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စီမံကိန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူပူးပေါင်းဆောင်ရွက်ပေးကြပါသော သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) က စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားသည်။


ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) ကို အမှတ်တရလက်ဆောင် ပေးအပ်သည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းတာဝန်ခံကို အမှတ်တရလက်ဆောင်ပေးအပ်သည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်း (၄) ခုတွင်ပါဝင်သည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်းသည် (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)