ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ












နေပြည်တော်၊ ဧပြီ ၂၉

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် မြို့လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဧပြီ ၂၇ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပသည့် စတုတ္ထအကြိမ် အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-ရုရှားပူးတွဲဥက္ကဋ္ဌတာဝန်ယူ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံမှ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေမှု၊ အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံ-ရုရှား ဆက်ဆံရေးဆိုင်ရာ Coordinator အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး လက်ရှိဆောင်ရွက်နေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့သည်။


ထို့နောက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အကြိုနှုတ်ခွန်းဆက်စကားကို ဗီဒီယိုမက်ဆေ့ဖြင့်ပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် တာဝန်ရှိသူတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။


ယင်းနောက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များသည် ထွန်းသစ်စနိုင်ငံကြီးများ အပါအဝင် ဗဟုမဏ္ဍိုင်ပြု ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များ၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ သတင်းလုံခြုံရေးဆိုင်ရာ အာမခံချက်ရရှိရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။


ညနေပိုင်းတွင် (၁၉၄၁-၁၉၄၄) ခုနှစ်များအတွင်း လီနင်ဂရက်မြို့ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ အထိမ်းအမှတ်နေရာတွင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုတို့မှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆုမွန်တောင်းစကား ပြောကြားခဲ့သည်။


ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့အစီအစဉ်ဖြစ်သည့် နိုင်ငံတကာလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အမျိုးသားရေးကြန်အင်လက္ခဏာနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးခဲ့သည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော စားပွဲဝိုင်းဆွေးနွေးပွဲ၌ သဘာဝနှင့် လူတို့ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်နှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်မျိုးသန့်က တက်ရောက်ဆွေးနွေးခဲ့သည်။


ယင်းနေ့ ညနေပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုအစည်းအဝေး (Bilateral Meeting) ပြုလုပ်ခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား နယ်ပယ်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Chen Wenging နှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval နှင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Tarique Ahmed Siddque နှင့်လည်းကောင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး Mr. Somvanh Saylongpha နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဘင်းမ်စတက်ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် အပြန်အလှန်မျှဝေရေး ကိစ္စရပ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် အာဖရိကနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲ Mr. Abdulaziz Ahmed Adem နှင့် မိုဇမ်ဘစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး Mr. Pascoal RONDA တို့နှင့်လည်း တွေ့ဆုံခဲ့ကာ နိုင်ငံအချင်းချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများအား အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော မြန်မာကိုယ်စားလှယ်များသည် ဆက်စပ်ဆွေးနွေးပွဲများအား တက်ရောက်နေစဉ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Expo-forum အတွင်း စစ်ဘက်နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် စစ်ဘက်နည်းပညာဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။


ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)