ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးဝါးတက္ကသိုလ်-ရန်ကုန်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးဝါးတက္ကသိုလ်-ရန်ကုန်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ကျောင်းသား/ ကျောင်းသူများနေထိုင်ရန် ဆောက်လုပ်လျက်ရှိသော ခြောက်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

အဆိုပါအဆောက်အအုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ကာ ငွေကျပ်သန်း ၂၈၅၀ အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆုံးထပ်တွင် ရုံးခန်း၊ ဧည့်ခန်းများပါဝင်ကာ အခန်းပေါင်း ၁၉၂ ခန်း ရှိသဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၈၄ ဦးအထိ နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးဝါးတက္ကသိုလ်-ရန်ကုန်သို့ သွားရောက်ကာ စာသင်ခန်းများနှင့် နိုင်ငံတော်အစိုးရ၏ အထူးရန်ပုံငွေဖြင့် ဆောက်လုပ်ရန်လျာထားသော အဆောက်အအုံသစ်မြေနေရာကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးအတွက် အဆောင်များလည်း တိုးချဲ့တည်ဆောက်ပေးလျက်ရှိရာ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးစေရေး ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး အသစ်တည်ဆောက်ပြီးစီးထားသည့် Operation Theatre Complex လေးထပ်ဆောင်သို့ သွားရောက်ကာ ခေါင်မိုးထပ်ရှိ Roof slab ဆောင်ရွက်နေမှု၊ တတိယထပ်ရှိ ခွဲစိတ်ခန်းများ အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေနှင့် ဒုတိယထပ်ရှိ ခွဲစိတ်ခန်းများ၏ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကာ အရည် အသွေးပြည့်မီစွာနှင့် လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

အဆိုပါ Operation Theatre Complex လေးထပ်ဆောင်သစ်၏ မြေညီထပ်တွင် ကာကွယ်ဆေးထိုးခန်းနှင့် ဆေးစစ်ဆေးသည့်အခန်းများ၊ ပထမထပ်တွင် အထူးကြပ်မတ်ကုသခန်းများ၊ ဒုတိယထပ်တွင် ခေတ်မီ Modular Operation Theatre ခွဲစိတ်ခန်း ခြောက်ခန်းနှင့် တတိယထပ်တွင် ခေတ်မီခွဲစိတ်ခန်းငါးခန်းတို့ ပါဝင်ကာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဒုတိယထပ်အထိဖွင့်လှစ်၍ ဆေးကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တတိယထပ်ရှိ ခွဲစိတ်ခန်းများပြီးစီးပါက ခွဲစိတ်ခန်းစုစုပေါင်း ၁၁ ခန်းအထိ ဖွင့်လှစ်ကာ ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခချုပ်နှင့် သင်ကြားရေးဆိုင်ရာပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ပညာရေး၊ ကျန်းမာရေးကဏ္ဍကို ဦးစားပေးကာ အထူးရန်ပုံငွေများအပါအဝင် ရန်ပုံငွေများနှစ်စဉ်တိုးချဲ့ ခွဲဝေပေးလျက်ရှိပါကြောင်း၊ ရန်ပုံငွေများကို အကျိုးရှိစွာစီမံခန့်ခွဲဆောင်ရွက်ခဲ့ခြင်းကြောင့် အမှန်လိုအပ်သော အဆောက်အအုံများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပိုမိုဖြည့်ဆည်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ဆေးရုံများ၏ ဝန်ဆောင်မှုများ တိုးတက်စေရေးအတွက် ဝန်ထမ်းအဆင့်ဆင့်ကိုလည်း ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က ခုတင် ၁၀၀ နှင့်အထက် ပြည်သူ့ဆေးရုံများ၌သာ အထူးကုဆရာဝန်များ တာဝန်ချထားနိုင်ရာမှ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများအထိ အထူးကုဆရာဝန်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဘွဲ့လွန်ဆေးပညာ သင်ကြားရေးလုပ်ငန်းများကို ညှိနှိုင်းအားဖြည့် ဆောင်ရွက်လျက်ရှိပြီး ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် ခေါင်းဆောင် ကောင်းပီသစွာဖြင့် မျိုးဆက်သစ်ဆရာဝန်များကို ခံယူချက်မှန်ကန်၍ အရည်အသွေးပြည့်ဝသော ဆရာဝန်ကောင်းများ ဖြစ်စေရေးအတွက် အလေးအနက်ထားကာ လေ့ကျင့်ပေးစေလိုပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ ဟန်ချက်ညီညီ ဆက်လက်တိုးတက်စေရေးအတွက် စုပေါင်းအင်အားဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆေးရုံလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဆေးရုံအုပ်ကြီး၊ ပါမောက္ခချုပ်၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)