ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၆) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၆)



( ချစ်တဲ့သူငယ်လေ

  သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။

  သူများမောင်မှာ

  စစ်သံကြားလျှင်၊ နာဖျားဥပါယ်ခိုကြတယ်။

  နှမလေး ပျိုတို့မောင်မှာ

  စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ

  အိုးစားဖက်ကို၊ လိုက်လို့ရှာသည်

  ရိက္ခာကနည်း၊ မိုးကသည်းနဲ့

  သင်းတွဲကို ကူးပါလိမ့်မလားတော်။ )

သည်အိုင်ချင်းကို သဲအုံစိတ်လိုလက်ရညည်းနေမိသည်။ 'သိမှလည်း ကျွမ်းသည် ရှိမှလည်း လွမ်းသည်' ဆိုသည့် ဒွေးလေးငြိမ်း စကားကသူ့အတွက်မှန်နေသည် ဆိုရမည်လား။ သူ၊ နန္ဒ၊ ရူပ တို့ဆိုသည်က ကလေးအရွယ် လူမမယ် အရွယ်ကတည်းက စစ်ပြေးအတူ၊ စစ်ပုံးမကွဲ၊ စစ်ရှောင် မခွဲ ဒုက္ခသုက္ခထဲ အတူနေလာကြသည်။ ၁၁၁၄  ခုမှာ ဟံသာဝတီတပ်တော်က အင်းဝမင်းကိုဖမ်းသွားသည်။ မင်းမဲ့တိုင်းပြည် အချိန်ခါမှာ တောင်လဲရာမြက်ပြတ် ဆိုသည့်အတိုင်း သဲအုံမိဘ ၂ ပါး စစ်ဒဏ်ခံရကာဆုံးပါးခဲ့ရသည်။ ညောင်ရမ်းဆက်နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပဓိ၏ ဦးဆောင်မှုညံ့ဖျင်းလွန်းလှ၍ အင်းဝဧကရာဇ်နိုင်ငံတော် ယိမ်းယိုင်ပျက်ပြားပြိုလဲသွားသည့်ပြင် ၁၁၁၆ ခုမှာ ဟံသာဝတီပါမင်းနှင့် သားတော်သမီးတော်တို့ ရေချကွပ်မျက်ခြင်းခံရကာ ဘုရင်နောင်မင်းတရားကြီး မျိုးဆက်ကုန်ဆုံးသည် *။ မင်းမဲ့ အဝနေပြည်တော်မှာအား ကိုးရာမဲ့ပြည်သူတွေ ပြေးရလွှားရ စစ်ပြေးဒုက္ခသည်တွေအဖြစ် မိဘမဲ့သဲအုံနှင့် အဒေါ်တို့ နန္ဒ၊ ရူပတို့နှင့်အတူ အလောင်းမင်းတရားကြီးထံ ခိုလှုံသည်။

အလောင်းမင်းတရားကြီး မဖြစ်မီကတည်းက အင်းဝမငြိမ်မသက်ရှိစဉ် ဇာတိရပ်ရွာစွန့်ခွာ တောတောင်ကြီးရာ ပုန်းရှောင်လာသူများကို အသာအယာသိမ်းခေါ်တော်မူပြီး ဝတ်ဖွယ် စားဖွယ်သနားတော်မူ၍ ရပ်စုကွက်စုချထားနေတော်မူစေသည် ^။

နန္ဒအဖေနှင့် ရူပ အဖေက မောင်လှယ်နှမလှယ် သမီးယောက်ဖတော်ကြသည်။ အင်းဝမှစစ်ပြေးရင်း မုဆိုးဘိုမှာခိုလှုံရင်း နိုင်ငံငြိမ်းချမ်းငြိမ်ဝပ်ရေးအတွက် စစ်သည်ဘဝရောက်သည်။ အလောင်းမင်းတရားကြီးကိုယ်တော်တိုင် အားရသည့် တပ်တော်သားတွေ။ အလောင်းမင်းတရားကြီး၏ တိုင်းပြည်တည်ထောင်ပုံကို သဲအုံကလေးဘဝပေသည့် ကောင်းကောင်းသိသည်။ အလောင်းမင်းတရားကြီးသည်ကြီးနိုင် ငယ်ညှင်းဝါဒသမားမဟုတ်။ စစ်မြေပြင်မှာအနိုင်တိုက်၊ ရွပ်ရွပ်ချွန်ချွန် ကြိုးပမ်းစွန့်စား၊ တကယ့်ယောက်ျားဘသားတွေ ဖြစ်စေသည်။ စစ်ပြီးကစည်းရုံးရေး ဘက်ကြသည်။ အမုန်းတွေ အညှိုးတွေအတေးတွေဘေးဖယ်၊ ဖေးမကူညီစရာတို့ကို ဆောင်ရွက်စေသည်။ အလောင်းမင်းတရားကြီး ကိုယ်တိုင်မိန့်ဆိုသည်က- (မကြောက်သေးသောသူတို့ကိုလည်း ကြောက်ညင်အောင်လုပ်ကြံ ကွပ်နှိပ်ရမည်။ ကြောက်ပြီးသောသူတို့ကိုလည်း တိုင်းရေးပြည်ရေး စီးပွားတော်ကိုထောက်၍ သာယာချေငံစွာသိမ်းသွင်းပြုစုရမည် - ^)ဟု တပ်တော်သားများနှလုံးသားထဲသို့ ရောက်အောင်မိန့်ကြားခဲ့သည်။

အလောင်းမင်းတရားကြီးသည် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်သည့် ရန်ဆူးရန်ငြောင့်တို့အား သူရိန်နေမင်းနှယ် ပြင်းပြင်းထံထံဆက်ဆံ၍  အားကိုးရာမဲ့ ခိုကိုးရာမဲ့ တိုင်းသူပြည်သားတို့အပေါ်လမင်းစန္ဒာနှယ် မေတ္တာရေချမ်းပက်ဖျန်းပေးသည် ဟု အမေတုတ်၊ အမေရွှေသစ်၊ ဒွေးလေးငြိမ်းတို့ စကားဝိုင်းက သိရသည်။ ကလေးဘဝမို့ လုံးစေ့ပတ်စေ့နားမလည်ငြား အလောင်းမင်းတရား အမိန့်စာချွန်များမောင်းခတ်ကြေညာတိုင်း ဆင်းရဲသားပြည်သူတို့ ဝမ်းသာအားရဖြစ်သည်ကို သူသိခဲ့သည်။ ဒွေးလေးငြိမ်းတို့ဆိုစကားအရ ကျွန်ဘဝရောက်သူတို့ကိုလည်း တရားနည်းလမ်းတကျ ကျွန်အဖြစ်မှလွတ်စေခဲ့သည်တဲ့။ ဒွေးလေးငြိမ်းကချေးငွေပိ၍ ဒုက္ခရောက်နေကြရသော ဆင်းရဲသားတို့အတွက် အလောင်းမင်းတရားအမိန့်ပြန်တမ်းကို ခဏခဏ ရွတ်ပြသည်။ ထို့အမိန့်စာချွန်အတိုင်းသာ နောင်မင်းအဆက်ဆက်ကျင့်သုံးလျှင် ဆင်းရဲသားအောက်ခြေတိုင်းသား ပြည်သူတို့ဘဝ လင်းလက်တောက်ပြောင်ပြီး တိုင်းချစ်ပြည်ချစ်သူများကိုလည်း မွေးဖွားပြီးဖြစ်မည်ဟု သဲအုံအခုသိနေသည်။ ခေတ်အဆက်ဆက် တည်တန့်နေမည့် ဆင်းရဲတိုင်းသားပြည်သူတို့ အကျိုးပေါ်လွင်ထင်ရှားသည့် မင်းတရားကြီးအမိန့်ကို ဒွေးလေးငြိမ်းရွတ်ပြနေ၍ သဲအုံလည်းအလွတ်ရနေသည်။

(မိုးကောင်း မိုးညှင်း ဝန်းသိုမှစ၍အရပ်ရပ် နောက်တော်ပါအမှုထမ်း ကျွန်တော်မျိုးတို့အတူနေအတူစား မိဘဘိုးဘွားသားမယားတို့ကို ကြေးငွေ စပါး ချေးယူယှက်တင်သည့် အမှုကိုဥစ္စာရှင်တို့က ၁၀၀၀ ပင်ဖြစ်

သော်လည်းမတောင်းစေနှင့်။ မောင်းကြေးနင်းခတ်ရမည်။ တရားစကားအရှက်အတင်ရှိသည်ဖြစ်လည်း ငါရွှေစက်တော် လည်တော်မူ၍ ရွှေထီးရွှေနန်းသို့ရောက်တော်မူမှ ဆိုခင်းရှိသည့်အမှုအရာတို့ကိုဆိုစေ။ မြို့ပြကျေးရွာ စရိုက်ဆင်းရဲသား ကျွန်တော်မျိုးပြည်တိုင်းကားတို့တွင် မကုံ မလုံမလောက်၍ အပေးအယူ ကြေးယူပွေမှူများလည်း ၁၀ လတခု လတ်ကျကိုတွက်၍ ၁၀ လကလွန်မှတောင်းစေ။ ၃ လ၊ ၄ လ၊ ၅ လ၊ ၆ လ၊ ၇ လ၊ ၈ လ၊ ၉ လ ရက်လချိုးမှတ်၍ မတောင်းစေနှင့်။) ဓနပစ္စည်းကုံလုံကြွယ်ဝသူတို့ သြဇာအာဏာရှိသူတို့နှင့် ပေါင်း၍ ဆင်းရဲ သားတို့အပေါ် နင်းခြေမရအောင် ဆင်းရဲပြည်သူတွေ အကျိုးထုတ်ပြန်ခဲ့သော အမိန့်ပြန်တမ်း။ အလောင်းမင်းတရားကြီး၏ ပြည်ထောင်တပ်တော်သားတို့သည်လည်း တောင်သူလယ်သမား ပြည်သူများထဲကပင် ဖြစ်တည်လာကြရာ ပြည်သူ့ဘဝကို ကိုယ်ချင်းစာနာဖို့ အထူးသွန်သင်လမ်းညွှန်စရာမလို။ သူသူကိုယ်ကိုယ် စစ်ကိုမရင်ဆိုင်ချင်လည်း စစ်ကကိုယ်နှင့်တကွ သားမြေးမြစ်မျိုးဆက်တို့ကိုရော တိုင်းနိုင်ငံ ပျက်စီးဖို့ရော ဘာသာသာသနာယဉ်ကျေးမှုတွေဆုံး ရှုံးဖို့ပါ ဖန်တီးလာ၍ သည်စစ်ပြီးဖို့၊ သည်စစ်ကို ကိုယ်တိုင်နွှဲကြရသည်။ သည်သို့နွှဲရာတွင်လည်း အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် လူမျိုးရေးအမုန်းအာဃာတမရှိခြင်း၊ တိုင်းနိုင်ငံငြိမ်းချမ်းသာယာမှုကို အထူးတောင့်တလိုလာခြင်း၊ ခွင့်လွှတ်နိုင်ခြင်းတို့ဖြင့် ဦးဆောင်ခဲ့သည်။

အမေတုတ်ကတော့ အားကိုးအားထားရာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သည့်အား၊ ပြည်သူများမှာ ရှိခဲ့ကြ၍ တိုင်းပြည်ထူထောင်နိုင်သည့် ခေါင်းဆောင်ကောင်းကို သူတို့ရခဲ့ကြကြောင်း ယုံကြည်စွာပြောသည်။ ဟံသာဝတီပါမင်းလက်ထက် တောင်တမျိုး၊ မြောက်တဖုံ၊ အနောက်တသွယ်၊ အရှေ့တခြား ဝါးအစည်းပြေသလို ဖြစ်နေသည့် တိုင်းနိုင်ငံကြီးကို အင်အားပြန်လည်ပြည့်ဖြိုးအောင် ၃နှစ် ၃မိုးစွမ်းဆောင်ခဲ့ရသည်။ အလောင်းမင်းတရားကြီး ခေါင်ဆောင်ကောင်းပီသမှုကြောင့် မြေလတ်မြန်မာခေါင်းဆောင်များရော အဝေးမြို့ရွာ ရှမ်းစော်ဘွားထမုံပေါမိုင်တို့အားလုံး မင်းတရားနှင့် လက်ရည်တပြင်တည်းဖြစ်ခဲ့ကြသည် ^။ တိုင်းနိုင်ငံစည်းလုံးဖို့ လက်ရုံးအားအန်ကိုယ်တော်တိုင် ပါဝင်နွဲခဲ့ရသည်။

တိုင်းနိုင်ငံစည်းရုံးမိသည်နှင့် နိုင်ငံတော်ကြီးပွားတိုးတက်စေရေး၊ စည်ပင်ဝပြောတိုးတက်စေရေး အလောင်းမင်း တရားကြီးကြိုးပမ်းကြောင်းကို အမေတုတ်တို့တတွေပြောမဆုံးကြ။ သည်သို့တိုင်းသူပြည်သား စီးပွားတိုးတက်ရေး ဆောင်ရွက်ရာတွင် အမေတုတ်တို့ ပြည်သူတွေကိုယ်တိုင်လည်း လုပ်အားလှူ ခဲ့ကြသည်မှာတပျော်တပါး။ သဲအုံ၊ ရူပ၊ နန္ဒတို့လို ကလေးတွေလည်း လူကြီးတွေနဲ့အတူတူ အားကူခဲ့ကြသည်။သီးနှံစပါးစိုက်နိုင်ရေး မူးမြစ်ကိုဆည်သည်။ မဟာနန္ဒာကန်တော်ကြီးကို တူး၍ ရွှေဘိုတဝိုက်ရှိ လယ်ယာတို့ကိုရေရစေသည် ^^။

     

(တို့နန္ဒာကန်လယ်မှာ၊ နှိုင်းဖွယ်ရှိဘူး။

  အကျွန်စိုက်တဲ့ ပျိုးကောက်ပင်၊

  ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊

  ရှာမမြင်အနှံထူး၊ သုံးထွာကကျူး။)

မုန်းတိုင်းတွေလွန်မြောက်၍ ငြိမ်းချမ်းချိန်မှာ လယ်ယာဦးကြီးတွေ လယ်သူမ ကြီးငယ်တွေ လုပ်ငန်းခွင်ဝင်သည်။ မင်းတရားကြီးနှင့် ပြည်ထောင်ဘက်တွေကြောင့် လက်နက်ကိုင် လူဆိုးတို့ရန်ငြိမ်းချမ်း၍ ကုန်ထုတ်လုပ်ငန်းတွေလုပ်ကိုင်နိုင်သည်။ လုံခြုံငြိမ်းချမ်းရသော ဘဝမှာကောက်စိုက်သူမတို့ ရင်ထဲမှ ကဗျာတေးတို့ အလိုလို ထွက်လာသည်။ သဲအုံတို့ကလေးတွေလည်း ကြီးသူတို့ တေးကဗျာစာတွေကြားဖန်များတော့ ရလေသည်။


(တထောင်တရာတဆယ့်လေးတွင်မှ၊

  အလှည့်ပေး ကံဘုန်းတော်။

  မြန်မာမှာ ဒသာကောင်းတယ်

  ဆောင်းရိပ်ဖြူပေါ်။

  ဥသြအော်

  မြည်ခေါ်တဲ့စကား

  ဖွဲ့နာမံ နာသိင်္ဃလို့

  ခွန်းဟတည်ထား။)

သက္ကရာဇ် ၁၁၁၄ ခုတွင် လှိုင်းကြီးလေထန်မုန်တိုင်းအပြင်းထန်ဆုံး ဖြစ်ခဲ့ရသည်။ သည်နှစ်မှာ အင်းဝပျက်သည်။ ဟံသာဝတီသို့ အင်းဝမင်းပါတော်မူသည်။ စာဆိုကသည်အချိန်ခါတွင် မြန်မာပြည်ဂြိုလ်တို့၏ အခိုက်အတန့် အရပ်အနေဒသာကောင်းလာပြီး ထီးဖြူဆောင်းမင်းပေါ်ပေါက်တော့မည်။ တကယ်ပါပဲသက္ကရာဇ် ၁၁၁၅ ဥသြအော်မြည် ချိန်ခါမှာ ကုန်းဘောင်သာယာရွှေပြည်ကို အလောင်းမင်း တရားဘွဲ့ခံတည်နိုင်ခဲ့သည်။

( ရွှေဘိုဆို မတိမ် ထွန်းသကွယ့်၊

    မော်ကွန်းရ ဥဒါန်းဝင်။

    ရှေးစဉ်လာ ဆိုစကား

    နား စေ့စေ့တင် လေ့။

    မြွေကပင် စားချင်ငြားလို့

    ဖားသို့ လိုက်ရာ။

    ရွှေဘိုမြေတဖန်ဆိုက်ပြန်တော့၊

    ဖားကပင် မြွေကိုကိုက်မယ်တဲ့

    လိုက်ငြားလျှင် လည်လို့ပြေးရမယ်၊

     ထုံး ပုံရှိသေး။)

အင်းဝပျက်၍ စိတ်အားကိုယ်အားညှိုးငယ်သွားကြသော တိုင်းသားပြည်သူတို့ မုဆိုးဘိုကိုရွှေဘို တည်ထောင်နိုင်လိုက်သောအခါ အားတက်လာကြပြီ။ ခေါင်းဆောင်ကောင်းနောက် တဖြောင့်တည်းစိတ်ဖြင့်လိုက်ပါကာ ဗရမ်းဗတာဖြစ်သွားသော ပြည်ကိုပြန်လည်တည်ထောင်ရာ၌ အားအင်အပြည့်အဝပါဝင်ကြသည်။ သည်အခါ သူသူငါငါ ဝမ်းသာအားရ ကဗျာတေးတွေဖွဲ့သည်ကြသည်။ စာဆိုတို့လည်းပေါ်ထွန်းလာသည်။အလောင်းမင်းတရားကြီးသည် စာပေယဉ်ကျေးမှု ထွန်းကားရေးကိုလည်း အားပေးချီးမြင့်သည်။

မင်းတရားကြီးသည် သာသနာရေးနှင့်ပတ်သက်၍လည်း စစ်ရေးစစ်ရာစီမံခန့်ခွဲမှုများကြားကပင် ဆောင်ရွက်ကြောင်း ^ အမေတုတ်တို့ပြောကြသည်။ ရတနာသိင်္ဃနေပြည်သို့ ရောက်လာသမျှသော ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသည်။ ဝါတွင်းသုံးလပတ်လုံး တိုင်းသားပြည်သူတို့ ကောင်းမှုကုသိုလ် သုစရိုက် ပွားများနိုင်အောင် ဆောင်ရွက်ပေးသည်။ ရွှေစေတီကြီး၊ ရွှေချက်သို၊ ရွှေဂူကြီးစသော စေတီများတည်ထားသလို ကျောင်းကန်ဘုရားအိုပျက် ပြိုယိုယွင်းမှုများကိုလည်း ပြုပြင်တော်မူသည် ^^။ သဲအုံတို့ကလေးတွေ ရွှေစေတီ၊ ရွှေချက်သို၊ ရွှေကူကြီးတို့တည်ထားစဉ် ဒွေးလေးငြိမ်းတို့နှင့်အတူ ပါဝင်လုပ်အားလှူခဲ့သည်။ စေတီတော်များ တည်ထားပြီး ပန်းရေဆီမီးလှူ ပွဲတော်များမှာလည်း နွှဲပျော်ခဲ့ရသည်။ အလောင်းမင်း တရားကြီးသည် မဟာဒါန်ဝန်များခန့်ကာ ဝိနည်းနှင့်အညီ မကျင့်သော ရဟန်းတို့ကို မပြတ်သုတ်သင်ရှင်းလင်းခဲ့၍ သာသနာများစွာသန့်စင်ကြောင်း ^^ လူကြီးသူမတို့ စကားသဲအုံကြားခဲ့ရသည်။

မင်းကြီးသည် ရဟန်းတော်တို့ကိုသာမဟုတ်၊ တိုင်းသူပြည်သားတိုင်း ကိုယ်ကျင့်တရားကောင်းမွန်ရေးကို လည်းဆောင်ရွက်တော်မူသည်။ သားထိုး၊ နွားသတ်၊ နတ်ကိုး၊ နတ်တင်၊ ထန်းရည်အရက်၊ ဘိန်းကင်းစသည့် အမူအကျင့်တို့ကို မင်းကြီးကကြပ်တည်းစွာ တားမြစ်သည်။ တိရစ္ဆာန်များကိုသတ်၍ နတ်တင်သောဓလေ့ဆိုးကို ထိရောက်စွာနှိပ်ကွပ်ခြင်းမှာ ဘုရင့်နောင်မင်းတရားကြီးထုံး နှလုံးမူခြင်းဖြစ်သည်။ တောမီးလောင်တောကြောင်လက်ခမောင်းခတ် စကားအတိုင်း မသမာလူဆိုးတို့ နိုင်ငံတော်အတွင်း ခိုးဝှက် လုယက်ခြင်းကင်းအောင် ဆောင်ရွက်နိုင်၍ နိုင်ငံငြိမ်ဝတ်ပိပြားလာကာ ငြိမ်းချမ်းသာယာလာသည် ^^။ 

နန်းစံသက် ၈ နှစ်အတွင်း နိုင်ငံတော်ကို တိုင်းတပါးသားတို့ ခန့်ငြားရိုသေအောင် အသက် အရွယ်နှင့်မမျှ ကိုယ်အားစိုက်ကာ စွမ်းဆောင်တော်မူကြောင်း အမေတုတ်တို့ပြောသည်ကို သဲအုံနားထောင်ရသည်။ အင်္ဂလိပ်တွေတဲ့။ ဟံသာဝတီသားတွေကို မြှောက်ပေးသည်။ အလောင်းမင်းတရား တပ်အင်အားချိနဲ့သွားဖို့ ဟံသာဝတီတပ်ကို လက်နက်ထောက်ပံ့ကာ ရန်ကုန်ကိုတိုက်စေခဲ့သည်တဲ့။ ဟံသာဝတီနှင့် အင်းဝမသင့်အောင်၊ ဟံသာဝတီနှင့် ရွှေဘို မတဲ့အောင်ပြင်သစ်ကော အင်္ဂလိပ်တို့ပါလုပ်ဆောင်သည်တဲ့။ သက္ကရာဇ် ၁၁၁၄-၁၁၁၅ ခုဟံသာဝတီသားတို့ အင်းဝကိုတိုက်စဉ် အင်္ဂလိပ်တို့က အခွင့်ကောင်းယူကာ ဟိုင်းကြီးကျွန်းကို အင်းအားနှင့်အပိုင်သိမ်းထားခဲ့သည်တဲ့။ အလောင်းမင်းတရားကြီးကို တလှည့် ဟံသာဝတီသားတို့ကိုတလှည့် လက်နက်ကူညီကာ ကြက်၂ ကောင်လည်းပမ်း ယာခင်းလည်းညက် ဇာတ်လမ်းကို အင်္ဂလိပ်တို့လုပ်ဆောင်ခဲ့သည်။ မင်းတရားကြီး နတ်ရွာမစံမီတနှစ်အလို သက္ကရာဇ် ၁၁၂၁ မှာ ဟိုင်းကြီးကျွန်းကို အပိုင်သိမ်းထားသည့် အင်္ဂလိပ်တို့ကုမ္ပဏီစခန်းကို ဖျက်ဆီးပစ်လိုက်သည်တဲ့။ အနောက်ဖက်လွန် မင်းတရားကြီးခေတ် သံလျင်ကိုသိမ်းပိုက်ကျူးကျော် စော်ကား ပေါ်တူဂီဒီဘရစ်တိုခေါ် ငဇင်ကာကို တိုက်ရသလို အလောင်းမင်းတရားကြီးလည်း နယ်ချဲ့ရန်ကိုရှင်းရသည်တဲ့။ အမေတုတ်တို့ သက်ကြီးစကား၊ သဲအုံ၊ ရူပ၊ နန္ဒတို့ကြားခဲ့ရသည်။


အချုပ်အခြာအာဏာနှင့် နယ်မြေတည်တန့်ခိုင်မာရေး ယိုးဒယားကို စစ်ဆင်နွှဲစဉ် တတိယအရွယ် ချဉ်းကပ်နေသည့် အလောင်းမင်းတရာကြီး မကျန်းမမာဖြစ်တော်မူသည်။ မြန်မာစစ်သည်ရဲမက်များလည်း အဖျားအနာများကာ စစ်ပွဲကိုပြီးအောင်မနွှဲနိုင်။ တပ်တော်ရုတ်ကာ ရွှေဘိုနေပြည်တော်သို့ ဆေးဝါးကုသဖို့ပြန်လာစဉ် သထုံခရိုင်ကင်းရွာ၌ နတ်ရွာစံသည်။ အလောင်းမင်းတရားကြီးတို့ ဆုတ်ခွာမှန်းသိ၍ ယိုးဒယားတို့က နောက်မှလိုက်တိုက်သည်။ မင်းခေါင်နော်ရထာနောက်ပိုင်းမှ ခုခံကာကွယ်တပ်ရုတ်နိုင်သဖြင့် အအုပ်အစည်းမပျက် ဆုတ်ခွာနိုင်သည်တဲ့။ သည်စစ်မှာ အမေတုတ်နှင့် အမေနှင်းပွင့် ခင်ပွန်းတို့ကျဆုံးခဲ့သည်။ တပ်တော်ကြီးက အလောင်းမင်း တရားကြီးအလောင်းတော်ကို ရွှေဘိုအောင်မြင်စွာဆောင်ယူနိုင်ခဲ့သည်။

     

( အသက်တော်လေးဆယ့်ခြောက်ကယ်နှင့်

  နံသောကြာ့ ရွှေသမ္ဘာ။

  အနွယ်တော် ပဉ္စာလ၊

  ကျမ်းပြမိန့်မှာ။

  နန်းအဋ္ဌာ

  နတ်ငြမ်းတော် ရွှင်ပျော်ရှာတော့၊

  ထင်ပေါ်စွာ မြေနှင့်မိုးမှာ

   ရိုးတော်ကောက်ပွဲ။)

ကဗျာစာဆိုက အလောင်းတရားကြီးသက်တော် ၄၆ နှစ်မှာ ကံကုန်ကြောင်း အနွယ်တော်မှာ တကောင်းဆက်ဖြစ်ကြောင်း 'အနွယ်တော်ပဉ္စာလ' ဟုဆိုထားသည်။

နန်းစံသက် ၈ နှစ်မှာ တိုင်းပြည်ထူထောင်မှုကို နေ့ညမနားဆောင်ရွက်တော်မူခဲ့သည်။ လက်ရုန်းအားကိုး နိုင်သည့် သားတော်တွေရှိငြား၊ ယိုးဒယား၏ ကျူးကျော်မှု တန့်စေရေး ကိုယ်တော်တိုင် စစ်ချီခဲ့ခြင်းက တိုင်းပြည်အတွက် ဆုံးရှုံးမှုကြီးမားခဲ့ရသည်။ အမေတုတ်တို့ ပြည်သူပြည်သားတွေ နှလုံးကြေကွဲခဲ့ရသည်။ ခင်ပွန်းနှင့်မောင်ဘွား ဆုံးရှုံးရသည်ထက် အလောင်းမင်းတရား ကံကုန်ရခြင်းကို အမေတုတ်တို့ ပိုမိုကြေကွဲရသည်ဟု အမေတုတ် နှုတ်ကဖွင့်ဟသည်။ နန္ဒနှင့် ရူပတို့လည်းဖခင်တို့ဆုံး ရှုံးရသည်မို့ ပူဆွေးငိုကြွေးကြသည်။ သဲအုံလည်းသူတို့နှင့်အတူ ငိုခဲ့သည်။ အလောင်းမင်းတရားကြီး အရိုက်အရာကို သားတော်ကြီး ဒီပဲရင်းမြို့စားက ဆက်ခံသည်။ နောင် တော်ကြီးမင်းဟုလည်း အမည်တွင်သည်။ နောင်တော်ကြီးမင်းက စစ်ကိုင်းပြောင်းနန်းစံတော့ သဲအုံတို့ရူပတို့လည်း စစ်ကိုင်းရောက်သည်။ နောင်တော်ကြီးမင်းက နန်းသက်မရှည်။ ၃ နှစ်သာကြာသည်။ အကိုကြီး အရိုက်အရာကို ညီတော်မြေဒူးမြို့စား ဆက်ခံသည်။ မြေဒူးမင်းဟု တွင်သလို ဆင်ဖြူရှင်မင်းဟုကျော်ကြားသည်။

ဆင်ဖြူရှင်မင်းနန်းတက်ပြီး ၄ လ အကြာ အင်းဝကိုပြောင်းရွှေ့နန်းစံသည်။ အင်းဝသည် သူမင်းသားငယ်သတိုးစောဘဝက အောင်မြေမို့ပြောင်းရွှေ့သည်ထင်ကြောင်း လူကြီးသူမတွေကပြောကြသည်။ အမေတုတ်တို့ သဲအုံတို့တတွေလည်း အင်းဝတောင်ဘက် ၂ ယူဇနာသာသာဝေးသည့် ဇာတိသဲဖြူရွာသို့ ပြန်ရောက်သည်။သည်အခါမှာ သဲအုံလည်း အုပ်လုံးသိမ်း အပျိုကြီးဖားဖားဖြစ်ပြီ။ နန္ဒနှင့် ရူပတို့လည်း လယ်ယာကို ဦးစီးနိုင်သည့် လူပျိုများဖြစ်လာပြီ။ သည် ၂ ယောက်ကြားမှာ အနေခက်လှချည့်။ ပန်းဆိုလျှင် ပန်ချင်သည့် အရွယ်ရောက်လာတော့ နှလုံးသားက ခုန်ချင်သလို ရင်ကလည်းဖိုချင်သလို။ ချစ်သူမဖြစ်သေးသည့် နန္ဒကိုလွမ်းချင်သလိုလို၊ ချစ်သူမဟုတ်သေးသည့် ရူပကိုရင်ခုန်ချင်သလိုလို။ သည့်အတွက် အိုင်ချင်းကလေးကိုညည်းမိသည်။

                                                                 

ဆက်လက်ဖော်ပြပါမည်

ရွှေတိုးဝင်းကြည်အောင်

Mynamar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)