မိတ္ထီလာခရိုင်တွင် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းဖောက်လုပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းဖောက်လုပ်သွားမည်




မိတ္ထီလာ   ၊ ဧပြီ  ၂၈


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများစျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းဖောက်လုပ်သွားမည် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၃၉.၇၁ သန်းဖြင့်  ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မိတ္ထီလာ မြို့နယ် ဆည်ကုန်းကျေးရွာကုန်ထုတ်လမ်း အရှည် ၀/၆.၈၂ မိုင် ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်း ပေါ်တွင် တံတား ၁ စင်း တည်ဆောက်ခြင်း၊ မလှိုင်မြို့နယ် မြို့ကုန်းကျေးရွာကုန်ထုတ်လမ်းအရှည် ၁/၅ မိုင် နှင့်၎င်းလမ်းပေါ်တွင် တံတား ၃ စင်း တည်ဆောက်ခြင်း၊  ဝမ်းတွင်းမြို့နယ် ပျားစွဲ (အနောက်)ကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁/၅ မိုင်နှင့် ၎င်းလမ်းပေါ်တွင် တံတား ၂ စင်း တည်ဆောက်ခြင်းတို့အား သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ပြီးစီးပါက ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိ သည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်ရောင်းချနိုင်ခြင်းဖြင့် စျေးကောင်းများရရှိပြီး စီးပွားရေးတွက်ခြေကိုက်ကာ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)