တပ်မတော်က အမျိုးသားရေးကို သစ္စာမဖောက်သလို ပြည်သူများထဲမှာလည်း အမျိုးသားရေး အသိ၊ သတိနဲ့ ရှင်သန်နေသူတွေ ရှိတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်က အမျိုးသားရေးကို သစ္စာမဖောက်သလို ပြည်သူများထဲမှာလည်း အမျိုးသားရေး အသိ၊ သတိနဲ့ ရှင်သန်နေသူတွေ ရှိတယ်


အမျိုးသားအောင်ပွဲနေ့က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီး မှာ ဆရာတော် ဦးပညာက ဦးဆောင်ပြီး အမျိုးသားနေ့အောင်ပွဲ ဟောပြောပွဲနဲ့ ဖျော်ဖြေရေးထည့်သွင်းထားပါတယ်။ အဲဒီပွဲမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးပညာဝံသ၊ ကျွန်တော် နောင်တော်လေး နဲ့ မပုတုတို့ အမျိုးသားအောင်ပွဲနေ့နဲ့ ဆက်စပ်ပြီး ဟောပြောကြပါတယ်။ 

အဲဒီပွဲကို ပျဉ်းမနားမြို့နဲ့ မလှမ်းမကမ်း ရွာဘက်မှာ နေတဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားရေးအစ်ကိုတစ်ယောက်လည်း သား၂ယောက်နဲ့ အတူ လာခဲ့ပါတယ်။ ဟောပြောပွဲပြီး (၈ ၃၀)လောက်မှာ ကလေးတွေနဲ့ ညည့်နက်မှ ပြန်ရန် အဆင်မပြေတဲ့အတွက် စောစောပြန်သွားခဲ့ပါတယ်။ သူပြန်သွားပြီး ဖျော်ဖြေရေးကဏ္ဍကို ကျွန်တော်တို့ ဆက်လက်အားပေးနေကြပါတယ်။ (၉ ၃၀) လောက်မှာ သူ့အမျိုးသမီးဆီက ဖုန်းဝင်လာပါတယ်။ 

အမျိုးသမီးက ငိုလျက် -

"ကိုဝင်း (နာမည်လွှဲ) ကို ဖမ်းခေါ်သွားကြတယ်၊ ဘယ်သူတွေဆိုတာ မသိရဘူး။"

ကိုဝင်းရဲ့ အမျိုးသမီးဆီက ဆက်သွယ်ပြောဆိုလာတဲ့ သတင်းစကားကြောင့် အားလုံး ခေါင်းမီးတောက်သွားပါတယ်။ သူတို့နေတဲ့ ဘက်က လက်နက်ကိုင် အကြမ်းဖက်အုပ်စုတွေ ဝင်ထွက်သွားလာနေတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်။ လုံခြုံရေးဘက်က တာဝန်ရှိသူတွေက ခေါ်ဆောင်သွားတာမျိုးက လိုက်လို့ရမယ်။ အကြမ်းဖက်သမားတွေနောက် ပါသွားရင်တော့ အခက်တွေ့ပြီပေါ့။ ဇာတ်စင်ပေါ်မှာ စီစဉ်ပေးနေတဲ့ ဆရာတော် ဦးပညာကို လျောက်ထား၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ဆရာတော်များကို လျောက်ထားပြီး ကား ၂စီးနဲ့ အပြေးအလွှား သွားခဲ့ကြပါတယ်။ ပွဲခင်းထဲမှာတော့ ဆရာတော်များ ကား၂စီးနဲ့ ထွက်သွားလို့ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။

ကိုဝင်းတို့ အိမ်နား မရောက်ခင်မှာ လုံခြုံရေး ဂိတ် ၂ဂိတ် ရှိပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်ဟာ ၁၀ နာရီဝန်းကျင် ဖြစ်သွားတဲ့အတွက် ဂိတ်က လုံးဝ ဖွင့်မပေးတော့ပါဘူး။ ဆရာတော်များရဲ့ မေတ္တာရပ်ခံမှုကိုလည်း လုံခြုံရေးတာဝန်ရှိသူက လက်မခံဘူး။ မိုးလင်းမှ ဆက်လက်ဆောင်ရွက်ပါလို့ ပြောပါတယ်။

ကျွန်တော်တို့တွေ လုံခြုံရေးဂိတ်ကနေ နောက်ကို အနည်းငယ် ပြန်ဆုတ်နေရပါတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတာလည်း ခန့်မှန်းလို့ရအောင် သူ့အမျိုးသမီးနဲ့ ဖုန်းထပ်ပြောတယ်။ လမ်းကြောင်း သိရဖို့အတွက် မေးတယ်။ အဲဒီဘက်က အုပ်ချုပ်ရေးမှူးများ သိမလားလို့ ဆရာတော် ဦးပညာကပဲ ဖုန်းဆက်မေးတယ်။ အုပ်ချုပ်ရေးမှူးလည်း မသိဘူး။ 

ဆရာတော် ဦးပညာက နေပြည်တော်က တာဝန်ရှိလူကြီးများထဲက သူသိသမျှကို ဆက်သွယ် အကူအညီတောင်းခံတယ်။ ကျွန်တော်တို့ ပြန်မလှည့်ဘဲ အဲဒီနားမှာပဲ စောင့်ကြည့်နေကြတယ်။ ဒီအတိုင်း စောင့်နေမယ့်အတူတူတော့ ကိုဝင်းအတွက် အကူအညီ အထောက်အပံ့ဖြစ်အောင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ဆရာတော်များက ကိုဝင်း အတွက် အာရုံပြုပြီး မောရသုတ်ရွတ်ဆိုပူဇော် ကြတယ်။ ကိုရွှေထားကလည်း သစ္စာပြုတိုင်တယ်ပြီး နတ်ကောင်း နတ်မြတ်တွေ ကူညီစောင့်ရှောက်ဖို့ သစ္စာပြု တောင်းဆိုပါတယ်။ ကျွန်တော်တို့တွေလည်း မေတ္တာပို့ တောင်းဆိုမှုတွေ လုပ်ကြတယ်။ 

ခဏကြတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ကား(၃)စီးရောက်လာတယ်။ ဆရာတော် ဦးပညာ ဆက်သွယ်အကူအညီတောင်းလိုက်တဲ့ လူကြီးတွေက ကူညီပေးတာ ဖြစ်မယ်လို့ပဲ အားလုံးကိုယ်စီ သိလိုက်ကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ကျွန်တော်တို့ကို နှုတ်မဆက်ဘူး။ ကျွန်တော်တို့လည်း သူတို့လမ်းကြောင်းကို စောင့်ကြည့်ပြီးတော့ပဲ နေလိုက်ကြတယ်။

လမ်းကြောင်းတက်သွားပြီး ၁ နာရီလောက်ကြာတော့ ကိုဝင်း အိမ်ပြန်ရောက်ပြီ။ ကျွန်တော်တို့လည်း စိတ်ချ လက်ချ ပြန်ခဲ့ကြတယ်။

ဖြစ်ပုံက အခုမှ စမှာ -

မနက်စောစော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) က ဦးပညာဝံသ ကို ခေါ်ပြီး ကျွန်တော် ကိုဝင်း ဆီ သွားတယ်။ ဖြစ်ပုံကို မေးတယ်။ ကိုဝင်းရဲ့ အိမ်က ခြံစည်းရိုးမရှိဘူး။ လမ်းဘေးမှာက ဈေးဆိုင်တဲ ရှိတယ်။ သူ့ဈေးဆိုင်နားကို လူကပ်တော့ သူက တုတ်ကိုင်သွားပြီး အဲဒီလူရဲ့ ကုတ်ပိုးကို သွားစွဲလိုက်တယ်။ အဲဒီမှာ ဘေးက လူတွေက သေနတ်နဲ့ ချိန်ပြီး သူ့ကို လိုက်ခဲ့လို့ ခေါ်သွားတယ်။ မှောင်ရိပ်ထဲမှာ ဖြစ်လို့ ဘယ်သူ ဘယ်ဝါ မသဲကွဲဘူး။ သူ့အိမ်ရှေ့မှာ တစ်စုံတစ်ခုဖြစ်ရင် ကလေးတွေနဲ့ မသင့်တော်လို့ သူတို့ခေါ်တဲ့အတိုင်းပဲ ကိုဝင်း လိုက်သွားခဲ့တယ်။ မီးရောင်မြင်ရတဲ့ နေရာရောက်တော့ အကြမ်းဖက်သမားတွေ မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆိုတာကို သိလိုက်ရပြီ။

သို့သော် သူ့ကို သေနတ်နဲ့ ထောက်ထားဆဲပဲ။ ဖိနပ်လည်း မပါဘူး။ တောင်ပေါ်ကို သေနတ်နဲ့ ထောက်ပြီး တက်ခိုင်းနေတယ်။ သေနတ်နဲ့ ထောက်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်က သိပ်ဟန်ပုံမပေါ်တော့ အန္တရာယ်များလွန်းတဲ့ အတွက်ကြောင့် ကိုဝင်း ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး။

"မင်းတို့ အရာရှိနဲ့ ငါ့ကို စကားတစ်မိနစ်ပေးပြော၊ ပြီးရင် ပစ်သတ်ချင်သတ်ထားခဲ့" လို့ သူ့နောက်က တပ်ဖွဲ့ဝင်တွေကို ပြောလိုက်တယ်။ အရာရှိနဲ့ ခဏစကားပေးပြောတယ်။

ကိုဝင်း အရာရှိကို တင်ပြခဲ့တာက -

"ဗိုလ်မှူး တပ်မတော်က အမျိုးသားရေးကို သစ္စာဖောက်မှာလား" ဆိုတော့ အရာရှိက "တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်"ဆိုတဲ့ ဆောင်ပုဒ်ကို ရွတ်ပြတယ်။ 

ကိုဝင်းက ဆက်ပြီး "တပ်မတော်က အမျိုးသားရေးကို သစ္စာမဖောက်သလို ပြည်သူတွေထဲမှာလည်း အမျိုးသားရေးကို သစ္စာမဖောက်တဲ့ ပြည်သူတွေ ရှိတယ်ဆိုရင် ဗိုလ်မှူးလက်ခံနိုင်ပါသလား"လို့ မေးတော့လည်း ဗိုလ်မှူး က "လက်ခံပါတယ်"လို့ ဖြေတယ်။

ကိုဝင်း က ဆက်ပြီး "အခုရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ ဆရာတော် ဦးပညာနဲ့ နောင်တော်လေး တို့ဦးဆောင်ပြီး အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲတွေ နေပြည်တော်မှာ လုပ်ခဲ့တယ်။ ကျွန်တော် အတူပါဝင် ဆောင်ရွက်ခဲ့တယ်။ ဗိုလ်မှူးယုံကြည်ရင် ကျွန်တော့်ကို လွတ်လွတ်လပ်လပ်ပေးသွားပါ။ ဒီတစ်ည ဗိုလ်မှူးတို့နဲ့အတူ ကျွန်တော် တိုက်ပွဲဝင်ပေးမယ်။ မယုံကြည်ရင် ဟောဒီနားတင် သတ်ထားခဲ့ပါ" လို့ ပြောလိုက်တယ်။

ဗိုလ်မှူး က အဲဒီလို မလုပ်ပါဘူးလို့ ပြောပြီး သူ့တပ်ဖွဲ့ဝင်တွေကို ဆက်သွားဖို့၊ ကိုဝင်း ကို သူ့ဘေးကနေပဲ လိုက်လာဖို့ ပြောလိုက်ပါတယ်။ ကိုဝင်း သေနတ်ပြောင်းဝနဲ့ ထောက်ထားတဲ့ ဒဏ်ကနေ လွတ်သွားပါတယ်။ တချိန်တည်းမှာပဲ ဗိုလ်မှူးဆီကို ဖုန်းတွေ ဆက်လာပြီး သူနဲ့ ဆက်စပ်လို့ ပြောဆိုတာကို ကြားရတယ်။ အဲဒီနောက်တော့ စစ်ကြောင်းကို ရှေ့မဆက်တော့ဘဲ ပြန်လှည့်ပြီး ကိုဝင်း ကို အိမ်အရောက် ပို့ဆောင်ပေးသွားကြပါတယ်။

အဲဒီနေရာမှာ အပြုသဘောဆန်ဆန် တွေးခေါ်တတ်တဲ့ ဗိုလ်မှူးနဲ့ တွေ့လို့လည်း ကိုဝင်း သက်သာရာ ရခဲ့ခြင်း ဖြစ်ပါတယ်။ ငါတကော ကောချင်တဲ့ အရာရှိမျိုးနဲ့ဆိုရင် ကိုဝင်း အပေါ် ပိုပြီး ရက်စက်တဲ့ လုပ်ရပ်မျိုး မလုပ်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ဆရာတော်သံဃာတော်များရဲ့ မေတ္တာ၊ နတ်မြတ် နတ်ကောင်းတွေရဲ့ စောင့်ရှောက်မှု၊ ဗိုလ်မှူးရဲ့ စာနာနားလည်တတ်မှုကြောင့်သာ သေဘေးက လွတ်ခဲ့ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်မှုဖြစ်သွားတာက အကြမ်းဖက်သတင်းကြောင့် စစ်ကြောင်းထိုးလာတဲ့အဖွဲ့က ကင်းပုန်းဝပ်ရင်း ကိုဝင်း နဲ့ တည့်တည့်တိုးပြီး တခြားကို သတင်းပေါက်ကြားမှာ စိုးတာကြောင့် ခေါ်ယူသွားခြင်း ခံလိုက်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီနေ့ ဒီအချိန်မှာ တပ်မတော်သားတွေ ပင်ပန်းဆင်းရဲကြပါတယ်။ နီပိန်း အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ဖြစ်ပါတယ်။ ဒီလို ကာလမှာ ဆူပူအကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ အမျိုးသားအသိနဲ့ တပ်မတော်နဲ့ တသားတည်း ရပ်တည်နေကြတဲ့ ပြည်သူတွေလည်း များစွာ ရှိပါတယ်။ တပ်မတော်အရာရှိများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ ပြည်သူများအပေါ် နီပိန်း အကြမ်းဖက်လို သဘောထားပြီး မြင်လို့တော့ မရဘူး။ 

ကိုဝင်း ပြောတဲ့ စကားအတိုင်းပါပဲ -

တပ်မတော်က အမျိုးသားရေးကို သစ္စာမဖောက်သလို ပြည်သူများထဲမှာလည်း အမျိုးသားရေးကို သစ္စာမဖောက်တဲ့ ပြည်သူတွေ ရှိနေပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် မရှိပေမယ့် အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်စေဖို့ အမျိုးသားရေးအသိနဲ့ တစ်ထောင့်တစ်နေရာကနေ အစဉ်သဖြင့် ကူညီဆောင်ရွက်လျက်ရှိပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတချို့ အကြမ်းဖက်သမားတွေနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးရှာတာမျိုး ရှိကောင်း ရှိလိမ့်မယ်။ အမျိုးသားရေးအသိစိတ်နဲ့ ရပ်တည်နေတဲ့ ပြည်သူတွေက အဲဒီလို ကိုယ်ကျိုးရှာမှုမျိုးကို လုံးဝမနှစ်မြို့သလို အပင်းဖြစ်မယ့် အဆိပ်ကိုလည်း မစားကြပါဘူး။ အကြမ်းဖက်အန္တရာယ် ကင်းရှင်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက အကြမ်းဖက်သမားကို လက်ကမ်းကြိုပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အမျိုးသားရေးအသိ၊ သတိနဲ့ ရပ်တည်နေတဲ့ ပြည်သူတွေအပေါ် ညှာတာရကောင်းမှန်းမသိဘူးဆိုရင် ဘယ်လိုလူစားမျိုးတွေ ဖြစ်ကုန်မလဲ၊ စဉ်းစားသာ ကြည့်ကြတော့ . . . . . 


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)