တူးဖော်ခြင်း မပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူးဖော်ခြင်း မပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ



နေပြည်တော် ဧပြီ ၆

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍလုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ခိုင်မာစေရန်ရည်ရွယ်၍ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ရှိ ရတနာခန်းမ၌ကျင်းပသည်။


 ဦးစွာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်အသွင်ကူးပြောင်း ရေးဆောင်ရွက်ရာတွင် Green Energy အရင်းအမြစ်များကို ပြောင်းလဲသုံးစွဲကြရမည်ဖြစ်သဖြင့် Clean Energy ဟု သတ်မှတ်သည့် သဘာဝဓာတ်ငွေ့ကို ကြားခံအဆင့်တစ်ခုအဖြစ် မလွဲမသွေသုံးစွဲသွားရဦးမည်ဖြစ်ကြောင်း၊ ရုပ်ကြွင်းလောင်စာများဖြစ်သည့် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အနက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအနည်းဆုံးမှာ သဘာဝဓာတ်ငွေ့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် LNG တင်သွင်းခြင်းစသည်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများကိုအသုံးပြု၍ လက်ရှိထုတ်လုပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တူးဖော်ခြင်း မပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များကို ကုန်းတွင်းနှင့် ကမ်းလွန်နေရာနှစ်ခုလုံးတွင် ရှာဖွေဖော်ထုတ်ရန် မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံ၏ Energy Mix တွင် အချိုးအစားတစ်ခုပါဝင်အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စွမ်းအင်လုံခြုံမှုကို အထောက်အကူပြုနိုင်မည့် အခြေအနေဖြစ်ရာ ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပထဝီအနေအထားအပြင် တည်ဆောက်ထားပြီးဖြစ်သည့် ပိုက်လိုင်းကွန်ရက်နှင့် အခြေခံအဆောက်အအုံများ အထိုက်အလျောက်ရှိပြီးဖြစ်ရာ LNG Trading အတွက်ပါ စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အအုံများ၊ လုပ်ငန်း အစီအမံများ ကြိုတင်ပြင်ဆင်ချမှတ်သွားကြရန် လိုအပ်ကြောင်း ဦးဆောင်ဆွေးနွေးပြောကြားသည်။


ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်ပညာရှင်များက ပြည်တွင်းသဘာဝ ဓာတ်ငွေ့လိုအပ်ချက်နှင့် တိုးမြှင့်ဖြန့်ဖြူးပေးမည့်အခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် သဘာဝဓာတ်ငွေ့၏ အရေးပါမှုအခြေအနေများကိုလည်းကောင်း၊ LNG ဈေးနှုန်းနှင့် အကျိုးရှိထိရောက်စွာအသုံးပြုနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့၊ CNG၊ LPG တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ မီးဖို ချောင်သုံးကဏ္ဍတို့တွင် အကျိုးရှိထိရောက်မှု၊ သတိပြုရန်အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ CNG၊ LPG တို့ကို မော်တော်ယာဉ်များတွင်အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့်ပတ်သက် ၍လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်၊ အနာဂတ်အစီအမံများ၊ အကျိုးရှိစွာ အသုံးချနိုင်ရေးတို့နှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သက်ဆိုင်သော ဥပဒေ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေး မှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တက်ရောက် လာကြသူများက သိရှိလိုသည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။


ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက LNG ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ ပြန့်ပွားစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့သုံးစွဲလိုသူများအနေဖြင့်လည်း သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေးစာချုပ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ နားလည်သဘောပေါက်အောင် လေ့လာထားကြရန်လိုကြောင်း ဆွေးနွေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နည်းပညာနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာထားရန်လိုအပ်ပြီး နိုင်ငံတော်၏စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းမှာကြား၍ ပါဝင်ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။


အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း/ ပြည်ပပညာရှင်များ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)