ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ



နေပြည်တော် ဧပြီ ၆

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဝင် ပါမောက္ခ၊ ဌာနမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့၊ မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ရရှိသူစုစုပေါင်း ၁၆၆၄၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရာတွင်လည်း ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ လိုအပ်ချက်များ၊ ပြင်ဆင်တိုးချဲ့သော ဖွဲ့စည်းပုံများနှင့် ကိုက်ညီမှုရှိအောင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဦးစီးဌာနများအားလုံး ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်များတွင် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများနှင့် သင်ကြားရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အလုပ်သင် ဆရာဝန်များကို အထူးဂရုစိုက်ပေးရန်နှင့် ဆေးပညာလေ့လာသင်ယူနိုင်ရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းရရှိအောင် ဆောင်ရွက်ပေး စေလိုကြောင်း။

ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်မီစေရန် သင်ကြားပေးရုံမျှမကဘဲ ကျင့်ဝတ်ပိုင်းဆိုင် ရာများကိုပါ သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ခုတင် (၅၀) ဆံ့ဆေးရုံများတွင် အထူးကုဆရာဝန် များအား တိုးချဲ့ခန့်ထားရန် စီစဉ်ထားကြောင်း၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်ဆရာဝန်ကြီးများအတွက် ဆေးရုံအုပ်ချုပ်မှု ပညာဘွဲ့လွန်သင်တန်းနှင့် အရေးပေါ်ကုသမှု ဆေးပညာဒီပလိုမာဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်ရန်နှင့် လုပ်ငန်းခွင်မပျက် တက်ရောက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားကြပြီး ဘွဲ့လွန် ဆေးပညာ သင်ကြားရေးအဖွဲ့အတွင်းရေးမှူးက ၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေး ပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရေးကိစ္စရပ်များ၊ ဝင်ခွင့်စာမေးပွဲစစ်ဆေးမည့် အစီအစဉ်၊ အမှတ်ပေးစနစ်များ၊ ဝင်ခွင့်ခေါ်ယူမည့် လုပ်ငန်းအစီ အစဉ်များ၊ ဘာသာရပ်အလိုက် လျာထားဦးရေ၊ ဆေးတက္ကသိုလ်များတွင် အသစ်ဖွင့်လှစ်လိုသည့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက် ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြသည်။

ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)