ဘဝပေး သင်ခန်းစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘဝပေး သင်ခန်းစာ



နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေမှာ မှားခဲ့တာတွေကို သင်ခန်းစာယူ၊ ပြင်ဆင်ပြီး ရှေ့ခရီးကိုဆက် ဒါမှသာ အောင်မြင်မှု၊ တိုးတက်မှု အသီးအပွင့်တွေ ရမှာပေါ့။

စီးပွားရေးသမားများက မှားခဲ့တာကို ဆင်ခြင်နိုင်တယ်။ ပြင်ဆင်ပြီး အောင်မြင်အောင် လုပ်ကြတယ်။

 နိုင်ငံရေးမှာတော့ နိုင်ငံရေးသမားဆိုသူများရဲ့ ဒေါသနဲ့ အတ္တတွေက မှားခဲ့ဖူးတာတွေကို သင်ခန်းစာမယူတဲ့အပြင် ထပ်တူကျတဲ့ အမှားမျိုးတွေ အကြိမ်ကြိမ်အခါခါ ကျူးလွန်ကြတဲ့အခါကြတော့ မြန်မာ့နိုင်ငံရေးမှာ အောင်မြင်တိုးတက်မှု အသီးအပွင့်ဆိုတာ ရင့်မှည့်လာသည်အထိ မရောက်ဘဲ အညှာနာပြီး ကြွေကျပျက်စီးတာမျိုးပါပဲ။

ဘဝပေး သင်ခန်းစာကို ပြောရရင် ဘယ်သူ သိသိ မသိသိ (သိတဲ့သူလည်းရှိ) ကျွန်တော်တို့လူငယ်တွေ အမျိုးသားရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ကြဖူးတယ်။ ၂၀၁၀ ဒီမိုကရေစီအပြောင်းအလဲနဲ့အတူ ပြည်ပနိုင်ငံများနဲ့ ပြည်ဖျက်မိစ္ဆာများရဲ့ လူမျိုးလိမ်ဖန်တီးမှု၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖန်တီးမှုတွေကို တိုင်းရင်းသားညီအစ်ကိုမောင်နှများဘက်က ရပ်တည်ဆောင်ရွက်တဲ့ အမျိုးသားရေးလှုပ်ရှားမှုအပေါ်မှာ ရှိခဲ့ပါတယ်။

ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေကတော့ ကျွန်တော်တို့ကို အမျိုးသားရေး အစွန်းရောက်ဝါဒီတွေလို့ တံဆိပ်ကပ်ခဲ့ကြပါတယ်။

ကျွန်တော်တို့မှာ အဲဒီလို တံဆိပ်ကပ်ခံရသည့်တိုင်အောင် နီပိန်းတွေလို လက်နက်ကိုင်ပြီး ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ အလုပ်တွေ မလုပ်ခဲ့ကြပါဘူး။ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်များကိုလည်း မသတ်ခဲ့သလို မိမိတို့ရဲ့ အားထားရာ၊ လေးစားရာ ဆရာ/ဆရာမများကိုလည်း မသတ်ခဲ့ကြပါဘူး။ ယုတ်စွအဆုံး ပြည်ပသြဇာခံ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာများကိုတောင် လက်တုန့်ပြန်ဖို့ အစီအစဉ်မရှိခဲ့ကြပါဘူး။ နီပိန်း ပဒက်တွေ အသိတရားရမယ့်အချိန်ကို မျှော်လင့်စောင့်စားရင်း အမျိုးသားရေးလှုပ်ရှားသူများထဲက အစ်ကိုတွေ၊ အစ်မတွေ နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ဆုံးရှုံးခဲ့ရတယ်။

လူမျိုးလိမ်ဖန်တီး သုံးစွဲမှုကို ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။ ပြည်ပသြဇာခံ ပြည်ဖျက်ပါတီ NLD အာဏာရလာချိန်မှာ လူမျိုးလိမ်အရေး လှုပ်ရှားမှုကို ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် လုပ်ဆောင်လာကြတယ်။ ဒီနေရာမှာ ဘင်္ဂါလီများကို လူမျိုးလိမ်ခေါင်းစဉ်နဲ့ တရားဝင်အတည်ပြုချက်ရစေဖို့ အမေရိကန် ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးလုပ်စားသူတွေ ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ဆိုရင် မမှားပါဘူး။ လူမျိုးလိမ်အရေးလှုပ်ရှားတဲ့ NLD ပါတီက နိုင်ငံရေးလုပ်စားသူတွေ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးလုပ်စားသူတွေ၊ ပြည်ပပြေးလိုက် ပြည်တွင်း ခိုးဝင်လိုက် လူ့အခွင့်အရေး အရည်ခြုံ အောင်မျိုးမင်းတို့ တတွေ၊ ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ DVB, Mizzima, The Irrawaddy, VOA, RFA, BBC တို့လို မီဒီယာတွေ အင်နဲ့ အားနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။ အိုအိုင်စီအဖွဲ့က ဘင်္ဂါလီများကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုပေးဖို့ ငွေကြေး ဘယ်လောက်အထိ သုံးစွဲတယ်ဆိုတာ အထက်ပါ ဖော်ပြခဲ့တဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ 

ဦးသိန်းစိန် အစိုးရသက်တမ်းတလျှောက် ကုလသမဂ္ဂ၊ အိုအိုင်စီ၊ အမေရိကန်၊ လူမျိုးလိမ်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းအသီးသီးကို ဆန့်ကျင်ခဲ့တဲ့ ကျွန်တော်တို့ အနေနဲ့ NLD အစိုးရလက်ထက်ရောက်မှ မလှုပ်ရဲတော့ဘူးဆိုရင် အမျိုးသားရေးလှုပ်ရှားသူတွေ ပိုပြီး စိတ်ပျက်သွားကြမယ်။ 

NLD အစိုးရလက်ထက်ရောက်တော့ အမေရိကန်သံရုံးက စပြီး သွေးတိုးစမ်းတာပါပဲ။ ဘင်္ဂါလီကို လူမျိုးလိမ်အမည်သုံးပြီး ထုတ်ပြန်ကြေညာတယ်။ ဆရာတော်တွေကလည်း ဒါကို ကန့်ကွက်ဖို့ ဆန္ဒရှိတယ်။ ကျွန်တော်တို့တွေလည်း ဆရာတော်များနဲ့ ထပ်တူ ဆန္ဒရှိကြတယ်။ အဲဒီအတွက် အမေရိကန်သံရုံးရှေ့မှာ သွားပြီး ကန့်ကွက်ခဲ့ကြတယ်။ အတိုချုပ် ပြောရရင် အမေရိကန်သံရုံးက ဒေါ်အောင်ဆန်းစုကြည်ထံ သွားပြီး အရေးယူပေးဖို့ တောင်းဆိုတယ်လို့ သိရပါတယ်။ အဲဒီမှာ ဆရာတော်များရော ကျွန်တော်တို့ပါ ငြိမ်းစုစီ ပုဒ်မ (၁၉)၊ ရာဇသတ်ပြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ရဲက ပုဒ်မ(၁၉)တရားလို၊ ထွေအုပ်က ၅၀၅(ခ) တရားလိုလုပ်ပြီး တရားစွဲပါလေရောပေါ့ဗျာ။

တဖက်မှာလည်း ကျွန်တော်တို့ကို တရားစွဲဖို့ ပြင်ဆင်ထားတာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က (ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း) လို့ သုံးနှုန်းတာနဲ့ ပတ်သက်လို့ ရခိုင်အသင်းအဖွဲ့တွေကလည်း မကျေနပ်သလို၊ ကျွန်တော်တို့ကလည်း သူတို့နဲ့ ထပ်တူသဘောထားရှိခဲ့ပါတယ်။ အဲဒီလို ပြောဆိုမှုကို ကန့်ကွက်တဲ့အတွက်လည်း ပုဒ်မ (၁၉) နဲ့ တရားစွဲခံထားရပါပြီ။ ၅၀၅(ခ) ကိုတော့ ချိန်ကိုက် ထုတ်သုံးဖို့ ပြင်ဆင်ထားတယ်ဆိုပါတော့။

ဖော်ပြပါ ဓာတ်ပုံဟာ အဲဒီလို အမှုတွေ များသွားတဲ့အတွက် အဲဒီလို ထွက်လာရခြင်း ဖြစ်ပါတယ်။ အမှုတစ်ခု ပြစ်ဒဏ်ကျခံရပြီး ထောင်ထဲမှာပဲနေ။ ဒီလိုပုံစံနဲ့ ရုံးမထွက်ရပါဘူး။ ကျွန်တော်တို့ကို အမှုစစ်ဆေးနေစဉ်မှာ တရားရုံးများက ချိန်ကိုက်ဖန်တီးပြီး လုပ်သည့် တိုင်အောင် အလွဲလွဲအချော်ချော် နဲ့ ကမာရွတ်တရားရုံးက အမိန့်ချဖို့ နောက်ကျတဲ့အခါ ဗဟန်းတရားရုံးအမိန့်ကြောင့် ထောင်သားဖြစ်သွားပြီ။ ရုံးထွက်ရအုံးမယ်ဆိုတော့ ထောင်မှာ တာဝန်ရှိသွားပြီဖြစ်တဲ့အတွက် ထောင်က ခြေကျင်းတပ်ပေးလိုက်တယ်။ သူတို့လက်ထဲက လွတ်ထွက်မသွားအောင်ပေါ့ဗျာ။ 

တချို့နိုင်ငံရေးလုပ်စားသူတွေကတော့ ထောင်ထဲ ဝင်လိုက် ထွက်လိုက် လုပ်နေတာ သူတို့အတွက် ဝင်ငွေရတယ်။ ကျွန်တော်တို့အတွက်ကြတော့ ဒါကြီးက ဂုဏ်ယူစရာမဟုတ်၊ သင်ခန်းစာ ယူဖို့ပဲ ရှိပါတယ်။ ဒါမျိုး နောက်ထပ်လည်း မဖြစ်ချင်တော့ဘူး။ တစ်နည်းအားဖြင့် ပြောရင်တော့ ကြောက်သွားပြီပေါ့ဗျာ။ အရင်လို ဇွတ်မလုပ်တော့ဘူး။ မိသားစုအတွက် ချင့်ချိန်နေရပြီ။ အဲဒီအတွက် ကိုယ့်ကို လာပြီး လူမသိ သူမသိ ဖမ်းမယ့်သူတွေဆို သတိထားနေရတယ်။ 

အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ ညီငယ်များကိုတော့ အမျိုးသားရေးတကယ်လုပ်မယ်ဆိုရင် လူပျိုလူလွတ် အနှောင်အဖွဲ့မရှိဘဲ လုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ်တိုင် လေ့လာ၊ လုပ်သင့် မလုပ်သင့် ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီး လုပ်သင့်ရင် လုပ်၊ တပါးသူရဲ့ ပယောဂမပါစေနဲ့။ အမျိုးသားရေးလှုပ်ရှားအပေါ် အမြင်ကြည်တဲ့ အာဏာပိုင်ရှိမယ်၊ အမြင်မကြည် မျက်မုန်းကျိုးနေတဲ့ အာဏာပိုင်ရှိမယ်။ အမြင်မကြည်တဲ့ လူတွေ လက်ထက်ဆိုရင် သတိထား။ ထောင်နန်းစံရဖို့ များတယ် ဆိုတဲ့ သင်ခန်းစာပေါ့ဗျာ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)