တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူများ ကောင်းကျိုးစံစားရစေဖို့ အသုံးချလာပြီဆိုရင် တိုင်းပြည်ငြိမ်းချမ်းပါပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူများ ကောင်းကျိုးစံစားရစေဖို့ အသုံးချလာပြီဆိုရင် တိုင်းပြည်ငြိမ်းချမ်းပါပြီ



မဲလိမ်မဲခိုးမှုကြောင့် အာဏာလက်မဲ့ဖြစ်ပြီး NLD အစွန်းရောက်တွေ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေလိုက်တာ ဘာလိုလိုနဲ့ ၃နှစ်တောင် ကျော်ခဲ့ပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများက ရက်စက်စွာ သတ်ဖြတ်လို့ သေခဲ့ရတဲ့ အရေအတွက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ မတ်လ ၂၆ရက်နေ့အထိ စုစုပေါင်းသေဆုံးသူ ၇၈၂၆ဦး ရှိကြောင်း ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ VOA သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဖြေကြားထားပါတယ်။

CRPH, NUG, PDF အကြမ်းဖက်သမားများက သတ်ခဲ့တဲ့ စာရင်းထဲမှာ သံဃာတော် ၈၁ ပါး ပျံလွန်တော်မူခဲ့ရပြီး ဒီတစ်ပတ်အတွင်းမှာ သံဃာတော် ၂ပါး သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနအရ သံဃာတော် ၈၃ပါး အထိ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါက နိုင်ငံတော်က မှတ်တမ်းပြုနိုင်တဲ့ စာရင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်ဆရာတော် ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) က လူမသိ သူမသိ အသတ်ခံခဲ့ရတဲ့ သံဃာတော်တွေလည်း ရှိတယ်လို့ မိန့်ကြားခဲ့ဖူးပါတယ်။

စာရေးသူအနေနဲ့ အဓိက ပြောချင်တဲ့အချက်ကတော့ အကြမ်းဖက်သမားက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေခြင်းဟာ သူ့အလုပ် သူလုပ်နေခြင်းဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဏာရမ္မက်ထပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများနဲ့ သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းသတ်ဖြတ်ဖို့ အခွင့်အရေးရရင် ချောင်းမြောင်းတိုက်ခိုက် သတ်ဖြတ်တယ်။ သူတို့လို ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများကို အားပေးထောက်ခံခြင်းမရှိတဲ့ ရဟန်းရှင်လူပြည်သူများကို ဒလန်၊ ပျူစောထီးလို့ ခေါင်းစဉ်တပ်ပြီး သတ်နေကြတယ်။ အကြမ်းဖက်ဝါဒီများက အများပြည်သူ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ သူ့အလုပ်ကို စဉ်ဆက်မပြတ် လုပ်နေတယ်။ အခွင့်အရေးရရင် ရသလို လုပ်ပါတယ်။ 

အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်နေကြသူများ၊ အကြမ်းဖက်သမားများက အများပြည်သူလက်မခံနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စဉ်ဆက်မပြတ် ကျူးလွန်နေချိန်မှာ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရန် တာဝန်ရှိသူများက အလေးထား လုပ်ဆောင်နေပါရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးမှာ အကြမ်းဖက်သမားများကို တိုက်ခိုက်ရှင်းလင်းနေတဲ့ လုံခြုံရေးအဖွဲ့ဝင်များမှာသာ တာဝန်ရှိနေတာ မဟုတ်ပါဘူး။ အစိုးရယန္တရားဖြစ်တဲ့ ဌာနပေါင်းစုံမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ အဓိက အားဖြင့်တော့ အရေးပေါ်ကာလဖြစ်သည်နှင့်အညီ တပ်မတော်၊ ရဲတပ်ဖွဲ့၊ တရားစီရင်ရေးတို့မှာ ပိုပြီး တာဝန်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

နီပိန်း ပဒက်တွေက အကြမ်းဖက်လုပ်ရပ်တွေကို ဆိုးရွာစွာ ကျူးလွန်နေကြချိန် ဆရာတော်ဦးဝါသဝ က အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်လာကြသူတွေကို လက်ခံစောင့်ရှောက်ပေးပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ အကြမ်းဖက်ဘေးအန္တရာယ်ကို ပြန်လည်ခုခံကာကွယ်နေတဲ့အချိန်မှာ အမေရိကန်က ကိုချိုကြီး၊ ကိုရီးယား က မဖွေးစိန်တို့ မြန်မာပြည် ပြန်ရောက်လာပြီး ဆရာတော်ထံ သွားချင်တယ်ဆိုလို့ ဆရာတော်ထံ ရောက်ဖြစ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကို ၇-၆-၂၀၂၂ ရက်နေ့ က သွားရောက်ခဲ့ခြင်းဖြစ်တဲ့အတွက် နီပိန်းအစွန်းရောက် အကြမ်းဖက်သမားတွေ ၁နှစ်တာ အကြမ်းဖက်လှုပ်ရှားမှုတွေအတွင်းမှာ သွားရောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ တပည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကျွန်တော်တို့ကို ရွှေဘိုအထိ လာရောက်ခေါ်ယူပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရွှေဘိုအနီးဝန်းကျင် ဖြတ်သန်းသွားလာလို့ အဆင်ပြေနေဆဲဖြစ်ပြီး ရွှေဘို - ကန့်ဘလူကြားကို စိုးရိမ်တဲ့အတွက် လာကြိုပေးကြခြင်း ဖြစ်ပါတယ်။

၂၀၂၂ခုနှစ်၊ ဇူလိုင် လလောက်မှာကတည်းက ဆရာတော်ဦးဝါသဝအနေနဲ့ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ပြည်သူ့ဖွဲ့စည်းပြီး ကာကွယ်ရေးလုပ်နေနိုင်ပြီဖြစ်သလို တန့်ဆည်မြို့နယ်အတွင်းက နီပိန်း အစွန်းရောက် အကြမ်းဖက်ဘေးအန္တရာယ် ခံခဲ့ရတဲ့ ကျွန်းလည်၊ ကဘဲ၊ မူးခွ အစရှိသော ကျေးရွာများမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ PDF အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အထူးအားဖြင့် ပြောလိုခြင်းက အဲဒီခရီးစဉ်အတွင်းမှာ ဆရာတော်ဦးဝါသဝကို အင်တာဗျူးမေးမြန်းရာမှာတော့ ဆရာတော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ခဲ့သမျှ အကြမ်းဖက်မှုဖြစ်စဉ်များကို KIA က ဦးဆောင်နေခြင်းဖြစ်ပြီး PDF များကို အကြမ်းဖက်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းရောင်းချပေးခြင်းများ လုပ်ဆောင်နေတာလည်း KIA ဖြစ်လို့ ကိုင်းဖျား ကိုင်းနားဖြစ်တဲ့ PDF ကို လိုက်ရှင်းနေတာထက် KIA ကိုသာ ထိထိရောက်ရောက် နှိမ်နင်းပေးမယ်ဆိုရင် ၂လအတွင်း ငြိမ်းချမ်းလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။

အခု ၂၀၂၄ ခုနှစ်ထဲကို ရောက်ပြီ။ ဆရာတော် မိန့်ကြားသလို ဖြစ်လာခြင်း မရှိတဲ့အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ရင် ဆရာတော်သုံးသပ်တင်ပြတဲ့အပေါ် တာဝန်ရှိသူများအနေနဲ့ အလေးထား လုပ်ဆောင်ခဲ့ခြင်း မရှိဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသည်ထက် ထင်ရှားတယ် မဟုတ်ပါလား။ နီပိန်းအစွန်းရောက်များရဲ့ တစ်နှစ်တာကာလ သတ်ဖြတ်မှု စာရင်းကို ပြန်ကြည့်ရင် ၂၅၀၀ နဲ့ ၃၀၀၀၀ ကြား ဝန်းကျင်ခန့်သာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ဆရာတော် ဦးဝါသဝအနေနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူလူထုကို စည်းရုံးပြီး နစကအစိုးရနဲ့ တသားတည်း ရပ်တည်ဆောင်ရွက်နေသည့်တိုင်အောင် ဆရာတော်ကို မလိုလားတဲ့ တာဝန်ရှိသူတွေရဲ့ အမုန်းဒဏ်ကို ခံခဲ့ရတာတွေလည်း ရှိပါတယ်။ ဆရာတော်ကို ပူးပေါင်းဆောင်ရွက်သူလို့ မမြင်ဘဲ သူတို့ရဲ့ စားပေါက်ကို လိုက်ပိတ်နေသူလို သဘောထားပြီး တိုက်ခိုက်တာမျိုးတွေ သူထုတ်မပြောဘဲ မျိုသိပ်ထားတဲ့ စကားတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဆရာတော်ကို ဆက်သွယ်မေးမြန်းမှုတွေ သိပ်မလုပ်တော့တာပါ။ ဆရာတော်အနေနဲ့ မျိုသိပ်ပြီး ထိန်းပြောနေရတဲ့အခါ ဆရာတော်ရဲ့ သြဝါဒတွေက မရှင်းလင်းတော့ဘူး။ ငဲ့ညှာမှုတွေ များလာတယ်။ ပန်းတိုင်ဖြစ်တဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကိုသာ ရှေးရှုပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ အမုန်းမာန်ကို အံတုပြီး သူ့လမ်းကြောင်း မတိမ်းစောင်းအောင် လျောက်လှမ်းနေတာကို မြင်ရတာကပဲ ကျေးဇူးတင်သင့်နေပါပြီ။

အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်တွေကို ဆင်ကန်းတောတိုး လုပ်ဆောင်နေပေမယ့် ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူတွေအနေနဲ့ကတော့ အကောင်းဆုံးစွမ်းရည်ကို ပြသခဲ့ခြင်း မရှိဘူးလို့ ဆိုရမလား။ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာချင်နေကြတာလား ဆိုတာကိုလည်း ပြန်လည်သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်းက တိမ်းရှောင်လာရတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနဲ့လည်း ကျွန်တော်တွေ့ဆုံ မေးမြန်းပြီး တာဝန်ရှိသူများကို တင်ပြခဲ့ဖူးပါတယ်။ အရာတော်မြို့နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုကို ဘယ်သူတွေ ဦးဆောင်နေသလဲဆိုတာ သိတယ်။ ဘယ်ရွာတွေမှာ အကြမ်းဖက်သမားတွေ အခြေပြုနေထိုင်တယ်ဆိုတာကိုလည်း သိတယ်။ ရှင်းသလားဆိုရင် မရှင်းဘူး။ ရှင်းလင်းဖို့ သွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတယ်။ အကြမ်းဖက်ဘေးကြောင့် တိမ်းရှောင်နေရသူတွေက အကြမ်းဖက်နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်လိုကြောင်း တင်ပြတဲ့အခါ အဲဒီလို တင်ပြတဲ့သူကို စစ်သွေးကြလို့ ပေါင်းသင်းဆက်ဆံခြင်းမပြုဖို့ ပြောတာမျိုးအထိ ကြုံခဲ့ရပါတယ်။ 

ဘယ်လိုမှ ပူးပေါင်းဆောင်ရွက်လို့ မရတဲ့အဆုံး အရာတော်မြို့နယ်ကို စွန့်ခွါပြီး တနယ်တကျေးကို ထွက်ခဲ့ရတယ်။ ထွက်လာကြလို့လည်း ကျွန်တော်နဲ့ တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အဲဒီလို ထွက်လာမယ့်အချိန် သူတို့ကို ခိုလှုံခွင့်ပေးခဲ့တဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကို သွားရောက်နှုတ်ဆက်တဲ့အခါ "ဒီအရေးအခင်းက ၂နှစ်၊ ၃နှစ်နဲ့ မပြီးဘူး၊ လွတ်ရာကို ရှောင်နေလို့" တာဝန်ရှိသူက ပြောသတဲ့။ ဒီလိုစကားမျိုး ကြားရတဲ့ ပြည်သူတစ်ယောက်က ဘာကြောင့် မပြီးတာလဲဆိုတဲ့ အဖြေကို ဒက်ခနဲ သိတယ်။ သူတို့ကမှ မရှင်းဘဲနဲ့ ဒီအရေးအခင်းကြီး က ပြီးနိုင်ပါ့မလား။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ အစိုးရယန္တရားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်များဟာ နစကအစိုးရလက်ထက်ရောက်မှ ထူးပြီး ဆိုးသွမ်းလာတာ မဟုတ်သလို၊ ထူးပြီး ကောင်းမွန်လာတာမျိုးလည်း မဟုတ်ပါဘူး။ နဝတအစိုးရလက်ထက်၊ USDP အစိုးရလက်ထက်၊ NLD အစိုးရလက်ထက် အစိုးရအဆက်ဆက်မှာ တိုင်းပြည်ကို ဦးဆောင်သူများရဲ့ စီမံဆောင်ရွက်ပုံတချို့ ပြောင်းလဲသွားတာမျိုး ရှိပေမယ့် အစိုးရယန္တရားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်များရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ အများပြည်သူကို အတိဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကိုတော့ တိတိကျကျ ထိန်းကျောင်းကြပ်မက်တာမျိုးကို မလုပ်နိုင်ခဲ့ကြပါဘူး။ အဂတိလိုက်စားမှုကို တိုက်ဖျက်လာတာ ဆယ်စုနှစ်တစ်ခု ကျော်လာသည့်တိုင်အောင် ထိရောက်တဲ့ အခြေအနေမျိုးကို မတွေ့ရပါဘူး။ အစိုးရယန္တရားအတွင်းမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိနေကြသူတွေ ဘာကြောင့် ပျက်ယွင်းနေကြသလဲဆိုတာကို ပြန်လည် ဆန်းစစ်ကြည့်မယ်ဆိုရင်လည်း ဌာနဆိုင်ရာ အကြီးအကဲများကိုယ်တိုင်က လာဘ်လာဘ မက်မောလွန်းတဲ့အခါ အဆင့်ဆင့်သော ဝန်ထမ်းများကလည်း ရတဲ့အပေါက်က ရှာကြတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်ကို ပြန်ကြည့်လိုရင်ပဲ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အဂတိလိုက်စားမှုပမာဏဟာ ဘီလီယံပေါင်းများစွာ ဖြစ်နေတာကို စိစစ်တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာဖို့သာ တာစူနေသူတွေရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ အကျင့်စာရိတ္တတွေ ဆိုးရွားစွာ ပျက်ယွင်းနေတာ ထူးဆန်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ တပ်မတော်ဘက်ကနေ လာတဲ့ ဦးစိုးထွဋ်လို ပုဂ္ဂိုလ်မျိုးပင်လျင် အဂတိလိုက်စားမှုတွေ ကျူးလွန်တဲ့အထဲမှာ ပါဝင်ခဲ့ခြင်းဟာ NLD အစွန်းရောက်တွေက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာချိန်မှာ အကြမ်းဖက်လှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာခဲ့ကြတယ်။ 

သာဓကအနေနဲ့ ဆရာတော်ဦးဝါသဝ ရဲ့ ကျောင်းမှာ တိမ်းရှောင်နေရတဲ့ တန့်ဆည်မြို့၊ ကပေါင်းကျကျေးရွာက ဒေါ်မို့မို့ဝင်းရဲ့ ခင်ပွန်း ဦးကျော်မျိုးသက် ကို နီပိန်း အကြမ်းဖက်သမားများက ရွာကို ပြန်နေဖို့ခေါ်ပြီး ဘုန်းကြီးကျောင်းပေါ်မှာပဲ သတ်ပစ်လိုက်ကြတယ်။ တရားခံ က ကာပေါင်းကျကျေးရွာက နီပိန်းဘုန်းကြီးနဲ့ သူ့ရဲ့ ညီအစ်ကိုတွေ ဖြစ်ပါတယ်။ အကြမ်းဖက်လှုံ့ဆော်သူ နီပိန်းဘုန်းကြီးကို ဖမ်းဆီးရမိပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။ အထင်ရှားဆုံး သာဓကကို ပြောတာပါ။

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ တစ်နှစ် စတင်တာဝန်ယူခဲ့တယ်။ အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် ၆လတစ်ကြိမ် သက်တမ်းတိုးမှုတွေ လုပ်ဆောင်ခဲ့ရတယ်။ နစကအစိုးရသက်တမ်း ၂နှစ်ကျော်တဲ့ ကာလမှာ အကြမ်းဖက်လှုပ်ရှားမှုက ပိုမိုဆိုးသွမ်းတဲ့ အခြေအနေ အထွဋ်အထိပ်ကို ရောက်ခဲ့တယ်။ 

အထက်မှာ ဖော်ပြခဲ့တဲ့ သာဓကတွေကို ထောက်ရှုကြည့်လိုက်ရင် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ရဟန်းရှင်လူပြည်သူများရဲ့ တောင်းဆိုမှုကို တာဝန်ရှိသူတွေက အလေးမထားဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကိုယ်တိုင်က ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင် မလုပ်ဆောင်ဘူး။ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ပြည်သူကိုတောင် စိတ်ပျက်အောင် လုပ်ခဲ့ကြတာတွေ ရှိတယ်။

တကယ်တော့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေမှာ တည်ငြိမ်အေးချမ်းစေလိုတဲ့ စစ်မှန်တဲ့ ဆန္ဒမရှိသေးဘူး။ သူတို့ရဲ့ အတွေးမှာ တည်ငြိမ်အေးချမ်းစေလိုတဲ့ စစ်မှန်ထက်သန်သော ဆန္ဒရှိလာတဲ့အခါကြရင်တော့ ဘယ်လို အကြမ်းဖက်သမားမှ ခေါင်းထောင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ တိုင်းပြည်ကို ဖျက်ဆီးတာ ပြည်သူမဟုတ်ဘူး။ တိုင်းပြည်ကို ဖျက်ဆီးနေကြသူများထဲမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ အခန်းကဏ္ဍက အခရာကျပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ မှာ တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ်လိုလားတဲ့ ဆန္ဒမျိုးဖြစ်ပေါ်လာစေဖို့သာ ပြည်သူများအနေနဲ့ မျှော်လင့်ကြပါ။ အသက်ဘေးအန္တရာယ် မကျရောက်စေဖို့ အတတ်နိုင်ဆုံး ဘေးလွတ်ရာကို ရှောင်ပါ။ အကြမ်းဖက်သမားများသည် ကြောက်စရာကောင်းသကဲ့သို့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးဖြစ်စေဖို့ အသုံးချလိုခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက်သာ အသုံးချလိုသူတွေဟာ အကြမ်းဖက်သမားများထက် ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။

တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများ ဆိုသည်မှာ နစကအဖွဲ့ဝင်များမှ မဟုတ်ပါဘူး။ တည်ငြိမ်အေးချမ်းရေးမှာ အဓိက တာဝန်ရှိတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေးစီရင်ရေးမှာ အဂတိကင်းပြီး အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာတာမျိုးကတော့ မသင့်တော်ဘူးဆိုတဲ့ အသိတရား ကိုယ်စီရသွားရင် တိုင်းပြည် တစ်ဝက် ငြိမ်းချမ်းပါပြီ။ နောက်တစ်ဆင့်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ မှန်ကန်တဲ့တရားစီရင်ရေး ဖြစ်လာပြီဆိုရင်တော့ (၇၅)ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းပါပြီ။ နောက်ဆုံး နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီတွေ အသိမှန် အမြင်မှန်ရလာပြီဆိုရင်တော့ (၁၀၀)ရာခိုင်နှုန်း ငြိမ်းချမ်းပါပြီ။ အထူးအားဖြင့် တိုင်းပြည်ကို ဖျက်ဆီးနိုင်စွမ်းရှိသူများဟာ ပြည်သူများ မဟုတ်ပါဘူး။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများနဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို လွဲမှားစွာ အသုံးချပြီး ကိုယ်ကျိုးရှာနေသူများမှာ အဓိကဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)