ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်




ဟိုပုံး ဧပြီ ၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားခဲ့ကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အဆိုပါဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပြီး လက်ရှိအစိုးရဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားများ၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့် ပြစ်ဒဏ်များအကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလ လုပ်ကြံသတင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့် အသိပညာ၊ အတတ်ပညာများတတ်မြောက်ခြင်း၊ အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့် စိတ်ဓာတ်များရရှိခြင်း၊ နိုင်ငံချစ်စိတ်ရှိသူအချင်းချင်း၊ မိတ်ဆွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စည်းကမ်းလိုက်နာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆင့်ခေါ်မည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက်တွင် ကြားသိသမျှသတင်းတိုင်းကို အမှန်ဟုမယူဆဘဲ လက်တွေ့ကျကျ လေ့လာသုံးသပ်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံကာကွယ်ရေး နိုင်ငံသားတိုင်း စစ်မှုထမ်းခြင်းသည် နိုင်ငံသားတိုင်း၏ မြင့်မြတ်သော တာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံ့အရေးတွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးခဲ့သည်။


ယင်းနောက် တက်ရောက်လာသည့်သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဖြေကြားဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ပအိုဝ်းဒေသ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)