ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၄) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၄)


                               

သားနန္ဒကနက်ဖြန်ဆိုလျှင် အင်းဝ နေပြည်တော်ဆီသွားတော့မည်။ လိုအပ်သည်တွေကို ပြင်ဆင်ပေးထားပြီးပြီ။

တချိန်တုန်းကတော့ စစ်ထွက်သွားခင်ပွန်းသည် ကိုအေးအတွက်သာမက မတ်တော်မောင် ကိုကောင်းမြအတွက်ပါ ပြင်ဆင်ပေးခဲ့ရသည်။ ယခုသားအတွက် အမေငွေတုတ် တာဝန်ထုပ်ကိုထမ်းရွက်ရပြန်သည်။ မနှစ်ကမန်ချူးတရုတ်တွေ ကျူးကျော်၍ အင်းဝနေပြည်တော်က စစ်ကူလွတ်တိုက်ရပြီး အောင်ပွဲရကြောင်းသတင်းကို အမေတုတ်သိထားသည်။ ပင်းတလဲမင်းလက်ထက် တရုတ်တွေကျူးကျော်မှုလို ဖြစ်လာမည်လားဟုစိုးရိမ်စိတ်ဝင်သည်။ အမေငွေတုတ်က ၁၀၁၀ ခုနနန်းတက် ပင်းတလဲမင်းခေတ်ကိုမမီ။ အဘိုးအ ဘွားတို့ပြောစကားအရသိရသည်။


ပင်းတလဲမင်းသည် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏ မြစ်၊ ညောင်းရမ်းမင်းဆက်တည်ထောင် မင်းရဲနန္ဒမိတ်၏ မြေး၊ တိုင်းကားပြည်ရွာလွန်စွာသာယာအောင် အုပ်ချုပ်နိုင်ခဲ့သော စစ်ကိုင်းကောင်းမှုတော်စေတီကြီး၏ ကုသိုလ်ရှင်ဖြစ်သော သာလွန်မင်းတရာကြီး၏ သားတော်ကြီးဖြစ်သည်။ ပင်းတလဲမင်းသည် ဘိုးတော်ဘုရင့်နောင်မင်းတရားကြီး၏ စွမ်းရည်မဆိုထားဘိ၊ ဘကြီးတော်နှင့် ဖခမည်းတော်တို့အရည်အသွေးကိုပင် မမီ၍ တရုတ်တို့ကျူးကျော်မှုကို မနှိမ်နင်းနိုင်ဟု လူကြီးသူမတို့ကပြောကြသည်။ အမေငွေတုတ်တို့ အဘိုးအဘွားတွေက ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီခေတ်ကို ကြားဖူးနားဝရှိကြသည်။အတိတ်က ကြီးကျယ်ခန်းနားခဲ့သော ဘုရင့်နောင်မင်းတရားကြီး နိုင်ငံတော်အကြောင်းကို အမေငွေတုတ်တို့ကလေးဘဝက ငေးမောနားထောင်ခဲ့ရသည်။ အမေတုတ်တို့က မိန်းမသားငယ်ငယ်တွေမို့ ဘုရင့်နောင်မင်းတရား စစ်ရေးကြွယ်ပုံတွေထက် ကုသိုလ်ပြုပုံတွေကိုပိုကြည်နူးမိသည်။ ထိုစဉ်က (ပုပ္ပါးနယ်တဝိုက်ကျွဲ၊ နွား၊ ဝက်တိရစ္ဆာန်များ သတ်ကာနတ်ပူဇော်သောဓလေ့ဆိုးကို ကြပ်တည်းစွာ တားမြစ်ခဲ့ကြောင်း၊ တခါနိုင်ငံတော်အတွင်း ရောက်နေကြသည့် အစ္စလမ်ဘာသာဝင်တို့အစ်နေ့တွင် တိရစ္ဆာန်များ သတ်ဖြတ်ခြင်းကိုလည်းပိတ်ပင်ခဲ့ကြောင်း၊ ထို့ပြင်စော်ဘွားတဦး အနိစ္စရောက်လျှင် ထိုစော်ဘွား၏ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့၊ ဆင်၊ မြင်းတို့ကိုပါ ထည့်သွင်းသင်္ဂြိုဟ်ရသည့်ဓလေ့ဆိုးကိုလည်း ထိထိရောက်ရောက် နှိပ်ကွပ်တော်မူခဲ့ကြောင်း)^^ ကြားသိရသောအခါ မင်းတရားကြီး၏ သာသနာရေးအမြော်အမြင် ကြီးမှုကိုကြည်ညိုမိသည်။


ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး ဘုရင့်နောင်၏ နန်းတော်ခမ်းနားကြီးကျယ်ပုံနှင့် ဘုရင့်နောင်မင်းတရားကြီး ဘုန်းတန်ခိုးအရှိန်အဝါ ကြီးမားပုံကို အီတလီပြည် ဗင်းနစ်မြို့သား ဆီဇာ ဖရက်ဒရစ် ၆၃၁ ခုက ပဲခူးနေပြည်တော် ရောက်စဉ်မှတ်တမ်းတင်ခဲ့သည်ဟု ဘိုးဘွားတို့စကားကြားရဖူးသည်။ ထိုအီတလီသားသာမက အခြားတိုင်းနိုင်ငံသားတို့ကလည်း မှတ်တမ်း တင်သည်ဟုဆိုသည်။ နန်းတော်၏ အညံ့ဆုံးနေရာမှာပင် ရွှေပိန်းချထားပြီး နန်းတော်တိုင်များ တံခါးများကို လက်အောက်ခံမင်းများ ပို့ပေးဆောက်ပေးရသည်ဟု မင်းတရားကြီးဘုန်းကို နိုင်ငံခြားသားများက မှတ်တမ်းထားသည်။ဤမျှခမ်းနားလှသော ရွှေနန်းတော်ကြီးကို သားတော်ကြီး ငါးဆူဒါယကာနန္ဒဘုရင်လက်ထက် တောင်ငူမင်းနှင့် ရခိုင်မင်းတို့က ၉၆၁ခုမှာတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်သည်။ ငါးဆူဒါယကာ မင်းတရားလည်း တောင်ငူပါတော်မူကာ၊ တောင်ငူဘုရင့်သားတော် နတ်ရှင်နောင်၏ လုပ်ကြံခံရသည်။ ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီခေတ်လည်း ကျဆုံးခဲ့ရသည် ^^ ။

    

ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီပျက်၍ ဒုတိယသားတော် ညောင်ရမ်းမြို့စား မင်းရဲနန္ဒမိတ်က ညောင်ရမ်းမင်းဆက်ကို ထူထောင်သည်။ ညောင်ရမ်းမင်းနယ်နမိတ်သည် ဖခမည်းတော် ဘုရင့်နောင်နယ်နမိတ်လို မကျယ်ဝန်းသော်လည်း ဇင်းမယ်အထိ သြဇာပျံ့နှံ့သေးသည်။ သို့သော် မြေးတော်ပင်းတလဲမင်းလက်ထက်မှာ တရုတ်ပြည်တွင် မင်မင်းဆက်=Ming Dynesty မှနောက်ဆုံးဘုရင် ယုံလီ=Yong-li ကိုမန်ချူးတို့ တိုက်ထုတ်၍ မန်ချူးမင်းဆက်တည်ထောင်သည်။ မင်းမင်းဆက်ယုံလီသည် ယူနန်နယ်မိုင်းဆယ်မြို့ သို့ တိမ်းရှောင်ရသည်^^ ။ 


သို့ထွက်ပြေး တိမ်းရှောင်နေစဉ် မြန်မာနယ်မြေ သိန္နီ၊ မိုင်းမော၊ စည်ခွင်၊ ကိုင်းမား၊ ကျိုင်းတုံ၊ ကျိုင်းရုံးမြို့တို့ကို အခွန်ကောက်သည် ^။ ထို့ကြောင့် ပင်းတလဲမင်းတပ်တော်နှင့် စစ်ခင်းရသည်။ စစ်ပြေးဘုရင်ယုံလီ၏ တပ်တို့ကို ပင်းတလဲမင်း အင်အားနည်းတပ်တို့က မချေမှုန်းနိုင်ပေ။ မန်ချူးတို့က ယူနန်မှာနန်း ထိုင်နေသည့် ယုံလီကို အပြတ်ရှင်းသောအခါ ယုံလီနှင့်နောက်ပါ ၇၀၀ တို့သည် မြန်မာမင်းပင်းတလဲမင်းထံခိုလှုံသည် ^။ 

‌  

ပင်းတလဲမင်းက စစ်ကိုင်း ဆင်များရှင် အရပ်တွင်နေထိုင်စေရာ ယုံလီ၏ နောက်ပါတို့သည် မြန်မာနယ်စပ်တွင်သာမက အတွင်းပိုင်းထိပါ ခိုးဆိုးလုယက်ကြသည်။ ပြည်သူတို့ကို နှိပ်စက်ညှဉ်းပန်းသည်။ ကျောက်ဆည်နယ်ကို သိမ်းပိုက်သည်။ နောက်ဆုံး အင်းဝအနီး တောင်ဘလူနှင့် တံတားဦးထိရောက်ကာ အဝနေပြည်တော်ကိုလုပ်ကြံသည်။ အရေးကြီးသွေးစည်းစကားကိုလိုက်နာ၍အဝ နေပြည်တော်ခုခံ စစ်တွင် ညီတော်ပြည်မင်း၊ တောင်ငူမင်း၊ မွန်ဗိုလ်မှူးတပ်မှူးဗညားလော၊ ဗညားဒလ တပ်တို့ကကူညီကြသည်တဲ့ *။ အဝ ကိုမရသောတရုတ်တို့သည် အဝ တောင်ဘက် ပုဂံထိဆင်းကာ ခိုးဆိုးလုယက်ကြသည်။ သိမှီသူတို့တဆင့်စကားအရ 'မိန်းမတို့ကို ဖမ်းသည်။ လူသူများကို ထိုးခုတ်သည်။ ရွှေငွေနှင့် အကောင်းမွန်များကို ယူသည်။ လေးထပ်ကျောင်း၊ သီရိဇေယျကျော်ထင်ကျောင်းတို့ကို မီးတိုက်သည်။ ပုဂံဘက်တွင်လည်း ထို့အတူပြုမူခဲ့ရာ မပြေးနိုင်သောရဟန်းရှင်လူတို့ အသတ်ခံအညှဉ်းပန်းခံရသည်' * ဟုသိရသည်။ ပြည်ပြေးယုံလီမင်း၏ တရုတ်တပ်တို့ နိုင်ငံ့အလယ်ပိုင်း ရောရှမ်းပြည်တခွင်ပါ တိုက်ခိုက်လုယက် အန္တရာယ်ကို ပင်းတလဲမင်းသည် ကာကွယ်မပေးနိုင်ခဲ့။ ပင်းတလဲမင်း အရည်အသွေးညံ့၍ ရဲမက်ပြည်သူအပေါင်းက ညီတော်ပြည်မင်းထံ အင်းဝကိုသိမ်းပိုက်ရန် လျှောက်ထားကြသည်။ သို့အတွက် ၁၀၂၃ ခုမှာနောင်တော်ကို နန်းချ၍ ပြည်မင်းက အင်းဝကို စိုးစံရသည် ^^။

‌   

ပြည်မင်းလက်ထက် ရှမ်းစော်ဘွား၊ မွန်မြန်မာတပ်မှူးများ ပူးပေါင်း၍ ယုံလီ၏ ပြည်ပြေးဓားမြတို့ကို တိုက်ခိုက်သောအခါ တရုတ်တို့ တစတစဆုတ်ခွာရသည်။ အင်းဝအနီး၌ တပ်ခိုင်တပ်လုံ တည်နေသော တရုတ်တို့ကိုလည်း မြန်မာတိုင်းရင်းသားတို့ စုပေါင်းကာ မပြတ်လုံ့လထုတ်တိုက်၍ ဒုက္ခပေးနေသော ယုံလီနောက်ပါတို့ ၆ လအတွင်း ‌၁၀၂၃ တန်ဆောင်မုန်းမှာ ထွက်ပြေးရသည်။

ဤသို့ကျူးကျော်ရန်ကို အောင်မြင်စွာနှိမ်နှင်းနိုင်ခြင်းမှာ စည်းလုံးမှုစွမ်းအားကြောင့်ဟု အမေတုတ် နားလည်ခဲ့သည်။ ပြည်မင်း နန်းတက်ပြီး ၆ လကျော်ခန့် ၁၀၂၄ခုတွင် ယူနန်ဘုရင်ခံ ဝူစန်ကွေ့=Wu San Kuei ခေါင်းဆောင် မန်ချူးတရုတ်တို့က မြန်မာ့နယ်မြေ အောင်ပင်လယ်အထိ ရောက်လာပြီး စစ်ကိုင်းတွင် ခိုလှုံနေသော ယုံလီဘုရင်နှင့်နောက်လိုက်တို့ကိုတောင်းလာသည် *။ အမြော်အမြင်ရှိသော ပြည်မင်းက မူးမတ်တို့နှင့်တိုင်ပင်ပြီး ယုံလီတို့ကို ဖမ်းကာမန်ချူးတို့ထံ အပ်ခဲ့သည်။ မန်ချူးတို့က မင် မင်းဆက်နောက်ဆုံး ဘုရင်ယုံလီကိုယူနန်နယ် ယူနန်ဖူးမြို့တော်သို့  ခေါ်ဆောင်သွား ပြီးတရုတ်ပြည်သူတို့ရှေ့တွင် ကွပ်မျက်လိုက်သည်။ ထိုသတင်းကို ပြည်မင်းသိစေသည်။ သည်လိုနှင့် ပြည်မင်းလက်ထက်မှစ တရုတ်ရန်မီး တဖြည်းဖြည်းငြိမ်းခဲ့သည် ^^ ။

    

ပြည်မင်းလက်ထက် မွန်၊ ဗမာ၊ ရှမ်းတိုင်းရင်းသားများ စည်းလုံးညီညာခဲ့၍ ယိုးဒယားတို့ ထိပါးမှုလည်း နှိမ်နင်းနိုင်သည်။ ပြည်မင်းသည် တိုင်းပြည်အေးချမ်းသာယာရေး၊ ငြိမ်ဝပ်ပိပြားရေးတို့ကို ဆောင်ရွက်ရင်းနန်းစံသက် ၁၁ နှစ် မြန်မာသက္ကရာဇ် ၁၀၃၄ တွင်နတ်ရွာစံသည်။ ပြည်မင်းအရိုက်အရာကို တူတော်မင်းရဲကျော်ထင်က ဆက်ခံရာနန်းစံသက်၂၅နှစ်ဖြစ်သည်။ မင်းရဲကျော်ထင်လက်ထက်တွင် မြိတ်ဒေသသည် ယိုးဒယားတို့ ပိုင်နက်သဖွယ်ဖြစ်သည်။


ကသည်းတို့ကလည်း အင်းဝအနီးနားထိပင် ထိပါးနှောက်ယှက်သည်။ သာလွန်မင်းတရားကြီး ပြန်လည်တည်ထောင်သည့် အင်းဝနေပြည်တော်ကြီးသည် သားတော်ပင်းတလဲမင်း လက်ထက်မှစကာ အိမ်နီးပါးချင်းနိုင်ငံများ၏ ရိုသေခန့်ညားမှု တစတစလျော့ပါးလာခဲ့သည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ အရည်အချင်းကျဆင်း၍ ပြည်ပ၏ စွက်ဖက်ထိပါးမှုခံရသည်။

   

နန်းစံသက်၁၆နှစ်ရှိ စနေမင်းလက်ထက်တွင် အိမ်နီးချင်းနိုင်ငံများနှင့် စစ်မက်ဖြစ်ရာ၌ ရဲမက်တော်တို့အင်အားအစွမ်းရှိကြောင်းကို တွေ့ရသည်။ ၁၀၇၁ခုတွင် ကျိုင်းတုံစား ပုန်ကန်၍ နှိမ်နင်းရာ တရုတ်ကျေး ပါဝသယ သို့ပြေးဝင်သည်။ မြန်မာတို့က တရုတ်ကျေးသို့လိုက်၍ 'ငါတို့ကျွန်ကိုပေး၊ မပေးလျှင်တိုက်မည် ' ဆိုရာ တရုတ်ဘုရင်က "ငါ့ကျွန်သူတို့သို့ဝင်၍ တောင်းလျှင်ပေးစေသည်၊ သူ့ကျွန် 'တို့သို့'ဝင်လျှင်လည်း တောင်းလျှင်တို့က ပေးရသည်။ အထက်ကပင်ထုံးစံရှိချေသည်၊ သူ့ကျွန်ကို လက်ခံ၍မထားပေနှင့်၊ ဝင်လာလျှင်ဖမ်း၍ပေး"ဆိုသောကြောင့် တရုတ်အကြီးအကဲများက ကျိုင်းတုံစားကို မြန်မာတို့လက်အပ်ခဲ့သည်။ မြန်မာတို့လည်း ကျိုင်းတုံစားကို ကွပ်မျက်လေသည်။ ပြည်မင်းခေတ် ယုံလီကိုတရုတ်တို့ တောင်း၍ ပေးခဲ့သည့် နည်းတူပြည်မင်းနှင့် မြေးတော်စပ်သူ စနေမင်းလက်ထက်မှာ တရုတ်တို့က အိမ်နီးချင်းကောင်းပီသမှုကို ပြခဲ့ခြင်းဖြစ်သည်။ 


ဤသည်မှာအင်အားကြီး တရုတ်နိုင်ငံက အဝန်းငယ်မြန်မာ့ အချုပ်အခြာကို အသိအမှတ်ပြုသည့်သဘောလည်းဖြစ်သည်။ စနေမင်းလက်ထက်မှာ မြန်မာတို့ဂုဏ်သိက္ခာမကျဆင်းဟု အမေတုတ် ဘိုးဘွားမိဘတွေက ဆိုသည်။


စနေမင်းသားတော် တနင်္ဂနွေမင်းလက်ထက်မှာ အင်းဝ ၏ သြဇာအာဏာများစွာ ကျဆင်း၍ လက်အောက်ခံနယ်ပယ်တို့ ပုန်ကန်ခြားနားခဲ့ကြသည်။ ကသည်းတို့သည် မြန်မာပိုင်နက်အတွင်းထိ ပါးကျူးကျော်သည် ^^။ ညောင်ရမ်းဆက်ပြတ်မည့် နောက်ဆုံးဘုရင် ဟံသာဝတီပါမင်းမဟာဓမ္မရာဇာဓိပဓိလက်ထက်တွင် မင်းမဲ့တိုင်းပြည်ဖြစ်ခဲ့ရသည်။ သည်သို့တိုင်းနိုင်ငံ ကဆင့်ကလျားဖြစ်သွားရခြင်း၌ အိမ်နီးချင်း မန်ချူးတရုတ်တို့ ပယောဂမပါ။ ဦးဆောင်သော မင်းအရည်အချင်းညံ့ဖျင်းမှု၊ အမြော်အမြင်နည်းပါးမှုနှင့် အရည်အသွေးပြည့် မူးမတ်တို့ မရှိမှုတို့ကြောင့်ဖြစ်သည်ကို အမေတုတ် မီသောခေတ်မို့သိသည်။ ယခု ၁၁၂၇ ခုမှာတော့ မန်ချူးတို့ ဘယ်အရေးကြောင့် ကျူးကျော်လာကြသနည်း။ အမေတုတ်သိလို၍ သားနန္ဒကို မေးလိုက်သည်။

                                                                   

(ဆက်လက်ဖော်ပြပါမည်)

ရွှေတိုးဝင်းကြည်အောင်

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)