မြစ်ကြီးနား ၊ ဧပြီ ၃၀
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်သို့ သွားရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင်ဘော်လီဘော (အမျိုးသမီး)အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမင်းရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရွေးစင်ဘော်လီဘောအသင်းအနေဖြင့် ကြံ့ခိုင်သည့်စိတ်ဓာတ်၊ မလျော့သော ဇွဲလုံ့လဖြင့်ရင်ဆိုင်ယှဉ်ပြိုင်ပြီး တံခွန်စိုက်ဒိုင်းရရှိအောင် စွမ်းဆောင်ခဲ့ကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သော အားကစားသူရဲကောင်းများအဖြစ် သမိုင်းမော်ကွန်းရေးထိုး ခဲ့ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်လက်ရွေးစင်ဘော်လီဘော(အမျိုးသမီး)အသင်း လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်း က လက်ရွေးစင်အသင်း၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီး ဦးမိုးမင်းသိန်းက ပြည်နယ်လက်ရွေးစင် (အမျိုးသမီး) အသင်းအားအောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၁၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ် အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် တံခွန်စိုက်ဒိုင်းနှင့် အကောင်းဆုံး အားကစားသမားဆု (၂)ဆု၊ ၂၀၂၃ ခုနှစ်၌ ဒုတိယဆုနှင့် အကောင်းဆုံး အားကစားသမားဆု (၂)ဆု ရယူနိုင်ခဲ့ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment