ခရီးသွားကဏ္ဍမြှင့်တင်ရေးကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများဆိုင်ရာဆွေးနွေးပွဲ (Investment Forum) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသွားကဏ္ဍမြှင့်တင်ရေးကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများဆိုင်ရာဆွေးနွေးပွဲ (Investment Forum) ကျင်းပ







နေပြည်တော်၊ ဧပြီ ၃

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ခရီးသွားကဏ္ဍမြှင့်တင်ရေးကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲ (Investment Forum) ကို ယမန်နေ့က နေပြည်တော်ဆောက်လုပ် ရေးဝန်ကြီးဌာန ရုံးအမှတ် (၁၁) စုဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ B.O.T ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံအတွင်းတာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်းမိုင်ပေါင်း လေးသောင်းကျော်ရှိသည့်အနက် လမ်းမိုင်သုံးထောင်ကျော်အား B.O.T စနစ်ဖြင့် ခွင့်ပြုပေးထားပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အိမ်နီးချင်းနိုင်ငံများ နှင့်ချိတ်ဆက်ထားသော အာရှအဝေးပြေးလမ်းမကြီးများနှင့်ချိတ်ဆက်သည့် B.O.T လမ်းများကိုလည်း အာဆီယံ စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ B.O.T လမ်းများ အရည်အသွေးပြည့်မီ စေရန် အကဲဖြတ်အညွှန်းကိန်းများ Key Performance Indicators ( KPIs ) , International Roughness Index (IRI) များဖြင့် စစ်ဆေးခြင်း၊ လုပ်ငန်းသစ်များ ခွင့်ပြုပေးနိုင်ရေး စိစစ်တင်ပြခြင်း၊ B.O.T စာချုပ်များ ပြင်ဆင်ချုပ်ဆိုခြင်း၊ ခေတ်ကာလနှင့်အညီ လမ်းအသုံးပြုခနှုန်းထားများ ပြင်ဆင်နိုင်ရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း။

ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းများကို B.O.T စနစ်ဖြင့် ဆောင်ရွက်ရာတွင် လိုက်နာရမည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်ရှိဆောင်ရွက်နေသည့် B.O.T ကုမ္ပဏီများ၏ အတွေ့အကြုံ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို မျှဝေဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ယနေ့ Forum သို့ တက်ရောက်လာသူများအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများဖြစ်၍ စိတ်ပါ ဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးပြီး အတွေ့အကြုံကောင်းများ ရရှိလိမ့်မည်ဟုယုံကြည်ပါကြောင်း ပြောကြား သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာရည်မှန်းချက်များ၊ အာဆီယံမှ ရေးဆွဲအတည်ပြုထားပြီးဖြစ်သော အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် အစိုးရ ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ ပူးပေါင်းပါဝင် သည့် Working Group ငါးဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင် ရာကဏ္ဍအလိုက် ဆွေးနွေးအဖြေရှာ ဆောင်ရွက် လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လာစေရေးအတွက် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO) များ ဖွဲ့စည်းပြီးခရီးသွား မြှင့်တင်ရေးအတွက် DMO Forum များကို ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပေါင်းစပ်ညှိနှိုင်းနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးဖော်ထုတ် အဖြေရှာဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက Video Clip ဖြင့် အမှာစကားပြောကြားပြီး ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အစိုးရ- ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အရှေ့ - အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးနှင့် တိုက်ရိုက်ဆက်သွယ်သည့် ရန်ကုန်- ပုသိမ်လမ်း၊ ပုသိမ် - ငွေဆောင်လမ်း၊ ပုသိမ် - ချောင်းသာလမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ B.O.T လမ်းများတွင်ကြုံတွေ့ရသည့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြကာ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ အစီအစဉ် ပထမပိုင်းအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည် ။

မွန်းလွဲပိုင်းတွင် ခရီးသွားလာမှုလုပ်ငန်းကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်အခွင့်အလမ်းများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ကဏ္ဍများအလိုက် ကျွမ်းကျင်သူများနှင့် ပညာရှင်များက အဖွဲ့လိုက်ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူ များ၏ မေးခွန်းမေးမြန်းခြင်းများကို ပြန်လည်ဖြေကြား၍ ဆွေးနွေးသည်။

ယနေ့ ကျင်းပသည့် Forum သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျော့နည်းကျဆင်းခဲ့ရသည့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်ကောင်း မွန်လာစေရန်၊ အခြေခံအဆောက်အအုံဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ (SDGs) အား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များထားရှိပြီး ဦးစားပေးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်နိုင်မည့်အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် B.O.T လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)