NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ


နေပြည်တော်၊ ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက် ဆိုင်ကယ် အပ်နှံရာနေရာတွင် လက်လုပ်မိုင်း ၂လုံး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၅ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ" ဟု မေးခွန်းထုတ်ခဲ့သည်။

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "အတာသင်္ကြန်ပွဲဆိုတာသည် မြန်မာတို့ရဲ့ အထူးအလေးအမြတ်ထားရတဲ့ နှစ်ကူးပွဲတော် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ လူမျိုးအသီးသီးမှာ မိမိတို့ သက်ဆိုင်ရာအလိုက် နှစ်သစ်ကူးပွဲတွေ ကျင်းပကြပါတယ်။ ဒီလို နှစ်သစ်ကူးပွဲတွေ ကျင်းပတဲ့အခါမှာ ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ရိုးရာအလိုက်  ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ဆိုရင်လည်း မြန်မာနဲ့အတူပဲ ကျွန်တော်တို့ ဒါ သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတို့၊ လာအိုနိုင်ငံတို့မှာ ကျင်းပပြုလုပ်နေတာလည်း အားလုံးတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးပွဲဆိုတာသည် ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံတိုင်းမှာရှိတဲ့ လူအားလုံးနဲ့ သက်ဆိုင်တဲ့ နှစ်သစ်ကူးပွဲတွေလည်း ဖြစ်ပါတယ်။ ဒါသည် အစိုးရတစ်ရပ်တည်းနဲ့ သက်ဆိုင်တဲ့ပွဲ မဟုတ်ပါဘူး။ မြန်မာပြည်သူ ပြည်သားများ အားလုံးနဲ့ သက်ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒါသည် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ တောထဲမှာ ရောက်နေတဲ့ NUG, PDF ဆိုတဲ့ သူတွေနဲ့ပါ သက်ဆိုင်တဲ့ ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ အကြမ်းဖက်လုပ်ရပ်များကို NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေသည် လုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေနဲ့ ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ။ ဒီလို စိတ်ကူးထဲမှာ အမြဲတမ်း အကြမ်းဖက်လုပ်ရပ်တွေကိုပဲ လုပ်ဆောင်မယ်ဆိုတဲ့ လူမျိုးတွေကို ကျွန်တော်တို့က ဘယ်လို လက်ခံရမလဲ။ ဒါတွေကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ဖို့ လိုပါတယ်။ အခုဆိုရင်လည်း အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်မှုတွေ၊ ရှုတ်ချမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သို့သော် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အနည်းဆုံးအဆင့်တော့ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ပျောက်ကွယ်သွားဖို့ဆိုရင်၊ ပြည်သူ့ဘဝ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတာတွေ၊ သတင်းပေးတာတွေ၊ အကြမ်းဖက်သမားတွေ ရပ်တည်လို့မရအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။" ဟု ရှင်းလင်း ပြောဆိုသွားသည်။

ဆက်လက်၍ "တချို့သော ပြည်သူတွေထဲမှာ အနည်းစုထဲမှာ အထင်အမြင်လွဲမှားပြီး ဒီ NUG, PDF ကို ထောက်ခံနေတဲ့ လူတွေ ရှိပါတယ်။ ပြောရရင် NUG, PDF ကို ကိုးကွယ်နေသူတွေ ရှိပါတယ်။ အခုဆိုရင် ဒီ NUG, PDF ဆိုတာသည် ဘယ်လို လူစားမျိုးလဲ၊ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နေပြီ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ပျော်ရွှင်ရမယ့်၊ မြန်မာတစ်နိုင်ငံလုံး အလေးအမြတ်ထားတဲ့ အတာသင်္ကြန်ပွဲမှာ ရုပ်ဆိုး အကျည်းတန်စွာ ဗုံးထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။" ဟု ပြောဆိုသည်။

အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းစေရန် အစိုးရမှ ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက "အပြစ်မဲ့ ကလေးငယ်တွေ၊ ပြည်သူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူ၊ အပြစ်ပေးမှုတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်များကိုလည်း ဒီထက် ပိုမို စောင့်ကြည့်တာတွေ ပိုမိုပြီး နှိမ်နင်းတာတွေကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေ အတွက်လည်း နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြေကွဲရပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဆေးရုံးများမှာ ကာကွယ်စောင့်ရှောက်လျက်ရှိပါတယ်။ ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘဝ သာယာဖို့ အကြမ်းဖက်မှုကို ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်စို့လို့ ပြောကြားချင်ပါတယ်။" ဟု ရှင်းလင်း ပြောဆိုထားသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြည်ဖျက်မီဒီယာများက အတာသင်္ကြန်မတိုင်မီကတည်းက မဏ္ဍပ်များကို ဖောက်ခွဲတိုက်ခိုက်ရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး မန္တလေးမြို့တွင် သင်္ကြန်မဏ္ဍပ်များကို ဖောက်ခွဲတိုက်ခိုက်ရာတွင် ပါဝင်မည်ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)