နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများအား လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများအား လှည့်လည်ကြည့်ရှုအားပေး







နေပြည်တော်  ၊ မေ ၉


၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်‌တော်ကောင်စီဝင်များ၊ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်ရေးအတွက် အခြေခံကျသော ကျောင်းသား/ ကျောင်းသူလူငယ်မောင်မယ်များ ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ နွေရာသီ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာခြင်း၊ အခြေခံမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ထူးချွန်ထက်မြက်သောအားကစားသမားများ ပေါ်ထွန်းလာစေမှာဖြစ်ကြောင်း၊ အားကစားနှင့် ပညာရေး အချိုးညီစွာ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားလူငယ်များ အားကစားလှုပ်ရှားမှုများတွင် စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာစေပြီး ဗလငါးတန် ဖွံ့ဖြိုးမှုတို့ကို အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအားလုံး မိမိကိုယ်ကို ယုံကြည်သည့်စိတ်၊ ခိုင်မာသည့်စိတ်ဓာတ်နှင့် မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများမှတဆင့် နေပြည်တော်၏ဂုဏ်၊ နိုင်ငံ့၏ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်လာအောင် စွမ်းစွမ်းတမံ ဆက်လက်ကြိုစား လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက နွေရာသီ အဆင့်မြင့် မြားပစ်သင်တန်းမှ သင်တန်းသား သင်တန်းသူများ လက်ရည်စစ်ပြိုင်ပွဲ ကျင်းပပြုလုပ်မှုကို ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြဆရာ များအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊  မြားပစ်လက်ရည်စစ်ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ဧပြီ ၂၅ ရက်နေ့မှ မေ ၉ ရက်နေ့အထိ အားကစားနည်း(၁၁)နည်းကို သင်တန်းသား/သင်တန်းသူ (၈၉၀)ဦးတို့ အား သင်တန်းကာလ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ သုတမင်္ဂလာစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများ ဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတ ပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သုတမင်္ဂလာစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာရှိ မြတ်ဆုမွန် စာကြည့်တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများနှင့်အတူ ရန်အောင်မြင်ကျေးရွာအုပ်စု၊ တပ်ပိုးကျေးရွာတွင် အခြေခံစာတတ်မြောက်ရေးစာဖတ်ဝိုင်းသို့ သွားရောက်၍ စာသင်သားများအား အခြေခံမြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အာဟာရဖြစ် စားသောက် ဖွယ်ရာများနှင့် စာအုပ်စာစောင်များကို ပေးအပ်ခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အင်တိုင်းသာအခြေခံပညာမူလတန်းကျောင်း၌ အခြေခံစာတတ်မြောက်ရေး စာဖတ်ဝိုင်းအမှတ် (၆) သို့ သွားရောက်၍ စာသင်သားများအား အခြေခံမြန်မာစာ၊ အခြေခံသင်္ချာ ဘာသာရပ်များ သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အာဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် စာအုပ်စာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)