ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး


နေပြည်တော်၊ မေ ၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း၊ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် လေ့လာသိရှိတတ်ကျွမ်းခဲ့ရသည့် အတွေ့အကြုံကောင်းများကို ကျန်ရှိသည့်ဝန်ထမ်းများကို မျှဝေပေးခြင်းအားဖြင့် လိုအပ်သည့်အပိုင်းများတွင် အသုံးချဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အမှန်တကယ် အကျိုးရှိပါကြောင်း၊ လေ့လာရေးအတွေ့အကြုံ၊ သင်တန်းအတွေ့အကြုံများသာမက ရွေးကောက်ပွဲ ဆိုင်ရာအကြောင်းအရာအချက်အလက်ဗဟုသုတများကိုလည်း ပြန်လည်မျှဝေရန်လိုကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဖြန့်ဝေနိုင်သော ဝန်ထမ်းများရှိပါကလည်း ကော်မရှင်သို့ ခေါ်ယူ‌ဆောင်ရွက်စေလိုကြောင်း၊ ယခုလိုအတွေ့အကြုံဗဟုသုတမျှဝေခြင်းကို ကော်မရှင်တွင် သာမက ကော်မရှင်အဖွဲ့ခွဲများတွင်လည်း ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးခရီးစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အနေဖြင့် လေးချက်ကို ပြောကြားလိုကြောင်း၊ ပထမအချက်အနေဖြင့် ရုရှားသမ္မတရွေးကောက်ပွဲသည် ပြည်သူများ၏ဆန္ဒ အထင်ဟပ်ဆုံးနှင့် ရိုးရှင်းလွယ်ကူစွာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည် တူညီမှုရှိသော်လည်း လုပ်ငန်းစဉ်တစ်လျှောက် ခေတ်မီနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် နိုင်နိုင်နင်းနင်း ထိရောက်စွာအသုံးပြုနိုင်ခဲ့ကြောင်း၊ တတိယအချက်အနေဖြင့် ရုရှားပြည်သူများ၏သမ္မတ ဗလာဒီမာ ပူတင်အပေါ် ယုံကြည်မှုအားအလွန်ကောင်းသည်ကို တွေ့ရှိရကြောင်းနှင့် နောက်ဆုံး အချက်အနေဖြင့် ရုရှားနိုင်ငံသည် ဆန့်ကျင်ဘက်အုပ်စုနိုင်ငံများ၏ ရွေးကောက်ပွဲဆိုင်ရာ ထိုးနှက်ချက်များအပေါ် နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှ ရွေးကောက်ပွဲကော်မရှင်များအား စောင့်ကြည့်လေ့လာရေးအဖွဲ့များအဖြစ် ဖိတ်ကြား၍ ရွေးကောက်ပွဲကို လက်တွေ့ကျကျ လေ့လာစေခြင်းဖြင့် တန်ပြန်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် လေ့လာရေးခရီးသွားရောက်ခဲ့ခြင်းမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာ ခေတ်မီ ရွေးကောက်ပွဲစနစ်ကို လေ့လာနိုင်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရေး ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)