ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့တက်ရောက်





နေပြည်တော်၊ မေ ၆

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့် (2nd UN Tourism Conference on the Empowerment of Women in Tourism in Asia and the Pacific)ကို မေ ၂ ရက်မှ ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International ConventionCenter (BICC)၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။


အဆိုပါ ကွန်ဖရင့်ကို “အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း အနာဂတ်အား ဖော်ဆောင်ရာတွင် အမျိုးသမီးဦးဆောင်သူများ၏ စွမ်းဆောင်ရည်များ” (“Woman-Led Initiatives Shaping The Future of Inclusive and Sustain-able Tourism”)ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် အမျိုးသမီးများဦးဆောင်နိုင်မည့် အခွင့်အလမ်းနှင့် အစီအစဉ်များကို ရှာဖွေ ဖော်ထုတ်သွားရန်ရည်ရွယ်ကြောင်း သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီလေဆိပ်သို့ ရောက်ရှိကြပြီး အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် မေ ၂ ရက် နံနက်ပိုင်းတွင် Bali International Convention Center (BICC)၌ ကျင်းပသည့် “အာရှနှင့် ပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင် ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်” သို့ တက်ရောက်သည်။


အဆိုပါကွန်ဖရင့်၏ ပထမနေ့ ဖွင့်ပွဲအခမ်းအနားတွင် ဘာလီ၏တာဝန်ခံ မြို့တော်ဝန် Mr. Jrjen Mahendra Jaya ၊ အင်ဒိုနီးရှားနိုင်ငံ ခရီးသွားနှင့်တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဌာန ဒုတိယဝန်ကြီး H.E. Ms. Angela Tanoesoedibjo ၊ မော်လဒိုက်နိုင်ငံ ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Mariyam Nasheetha Nasheed နှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၊ အာရှနှင့် ပစိဖိတ်ဒေသတာဝန်ခံညွှန်ကြားရေးမှူး Mr. Harry Hwang တို့က အဖွင့်အမှာစကား ပြောကြားကြသည်။


ဆက်လက်၍ အမျိုးသမီးဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဌာန ဒုတိယဝန်ကြီး H.E. Ms. Angela Tanoesoedibjo၊ လာအိုနိုင်ငံမှ ယဉ်ကျေးမှုနှင့် ခရီးသွားဌာန ဒုတိယဝန်ကြီး H.E. Ms. Darany Phommavongsa၊ မော်လဒိုက်နိုင်ငံမှ ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Mariyam Nasheetha Nasheedနှင့် ဆာမိုအာနိုင်ငံမှ Smart Investments Ltd ညွှန်ကြားရေးမှူး Ms. Sonja Hunter တို့က ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ အောင်မြင်တိုးတက်မှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဆွေးနွေးပြောကြားကြသည်။


မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများက ဒေသတွင်းနိုင်ငံများ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် အမျိုးသမီးများ၏ ဆောင်ရွက်ချက်များ၊ တီမောလက်စတေနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများအကြောင်းကို လည်းကောင်း၊ မကာအိုခရီးသွားဌာန၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဩစတြေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ခရီးသွားလုပ်ငန်းဆိုင်ရာတက္ကသိုလ်၊ ကောလိပ်နှင့် ပညာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပညာရေးနှင့်လေ့ကျင့်သင်ကြားခြင်း၏ အမျိုးသမီးများ ခရီးသွားလုပ်ငန်းတွင် ပါဝင်မှုအပေါ် သက်ရောက်မှုနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။


ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် networking dinner သို့ တက်ရောက်သည်။


မေ ၃ ရက် ကွန်ဖရင့်ဒုတိယနေ့တွင် ဩစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ရှိ ပုဂ္ဂလိကခရီးသွားလုပ်ငန်းကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၊ အာရှပစိဖိတ်ဒေသတွင်း ဌာနညှိနှိုင်းရေးမှူးတို့က ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများဘေးကင်းလုံခြုံစွာ ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး ကွန်ဖရင့်ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကုလသမဂ္ဂခရီးသွားလုပ်ငန်း အဖွဲ့၊ အာရှနှင့်ပစိဖိတ်ဒေသ တာဝန်ခံညွှန်ကြားရေးမှူး Mr. Harry Hwang နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဌာနဝန်ကြီး H.E. Mr. Sandiaga Uno တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွန်ဖရင့် ဒုတိယနေ့ညနေပိုင်းတွင် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် ဒီရေတောပျိုးပင်စိုက်ပျိုးခြင်း အစီအစဉ်သို့ တက်ရောက်ပြီး ဒီရေတောပျိုးပင်များကို စိုက်ပျိုးပေးကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ အုဘုဒေသရှိ ARMA ပြတိုက်နေရာသို့သွားရောက်ကာ ဘာလီရိုးရာ ယဉ်ကျေးမှုအက သင်ကြားနေမှုများ၊ လက်မှုပန်းပုလက်ရာများ၊ ရှေးခေတ်ပန်းချီဆရာကြီးများ၏ လက်ရာများနှင့် ရေဆေးဆီဆေး ပန်းချီကားများ လက်တွေ့ရေးဆွဲ ဆောင်ရွက်နေမှုကို ကြည့်ရှုလေ့လာကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှ ပြန်လည်ထွက်ခွာကြရာ မေ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)