နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မိန့်ကြားချီးမြှင့်တော်မူသော သာရဏီယဩဝါဒကထာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မိန့်ကြားချီးမြှင့်တော်မူသော သာရဏီယဩဝါဒကထာ

 


စာအောင်သာသနာ့အာဇာနည်အရှင်မြတ်တို့ဘုရား-         

မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ အသုရဝဂ်နှာ (၄၀၉) ၌လာသော ခိပ္ပနိသန္တိသုတ်တော်၌-

စတ္တာရောမေ ဘိက္ခဝေ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ ကတမေ စတ္တာရော အတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ၊ ပရဟိတာယ ပဋိပန္နောနော  အတ္တဟိတာယ၊ နေဝတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ၊ အတ္တဟိတာယ စေဝပဋိပန္နော ပရဟိတာယစ။

 (၁) မိမိအကျိုးစီးပွားအလို့ငှါသာကျင့်၍ သူတစ်ပါးအကျိုးစီးပွား အလို့ငှါ မကျင့်သောပုဂ္ဂိုလ်၊

(၂) သူတစ်ပါးအကျိုးစီးပွားအလို့ငှါသာ ကျင့်၍ မိမိအကျိုးစီးပွား အလို့ငှါ မကျင့်သောပုဂ္ဂိုလ်၊

(၃) မိမိအကျိုးစီးပွားအလို့ငှါလည်းမကျင့် သူတစ်ပါးအကျိုးစီးပွား အလို့ငှါလည်း မကျင့်သောပုဂ္ဂိုလ်၊

(၄) မိမိအကျိုးစီးပွားအလို့ငှါလည်းကျင့်၍ သူတစ်ပါး အကျိုးစီးပွား အလို့ငှါလည်းကျင့်သောပုဂ္ဂိုလ်-

ဟူ၍ ပုဂ္ဂိုလ်လေးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုလေးမျိုး တို့တွင် -

(၁) အကြင်သူသည်ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာရှိ၏။ ကြားနာသိမှတ်ထားအပ်ကုန်ပြီးသော ပရိယတ္တိတရားတို့ကို နှုတ်တက်အရ ဆောင်နိုင်သော သဘောရှိ၏၊ နှုတ်တက်အရ ဆောင်ထားသောတရားတို့၏ အနက်အဓိပ္ပာယ်ကို စူးစမ်းဆင်ခြင်လေ့ရှိ၏။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာလည်းကျင့်၏။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်ကားမပြည့်စုံ၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည် စေခြင်းငှါမစွမ်းနိုင်၊ ထိုသူသည် မိမိအကျိုးစီးပွားအလို့ငှါသာကျင့်၍ သူတစ်ပါးအကျိုးစီးပွားအလို့ငှါ မကျင့်သောပုဂ္ဂိုလ်မည်ပါသည်။

ယခုကာလ၌ ပိဋကတ်တရားတော်များကို ထွန်းထွန်းပေါက်ပေါက် တတ်မြောက်အောင်သင်ကြားပြီးနောက် သာသနာတော်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြမည့် ရဟန်း၊ သာမဏေများကို စာပေသင်ကြား ပို့ချမှုမရှိခြင်း၊ ရဟန်းရှင်လူတို့အား စစ်မှန်သောသာသနာကို သိရှိနားလည်အောင် တရားတော်များကို မဟောကြားခြင်း၊ သာသနာတော်၏ အနှစ်ဖြစ်သော အကျင့်မှန်ကို ကျင့်သုံး ဆောက်တည်နိုင်အောင် ရဟန်းရှင်လူတို့အား သင်ကြားပြသမှုမရှိခြင်း၊ ထေရဝါဒဗုဒ္ဓသာသနာ တော် စည်ပင်ပြန့်ပွားထွန်းကားအောင် သာသနာပြုလုပ်ငန်းများကို မပြုလုပ်ခြင်းတို့သည် ပထမပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်ဖွယ် ရှိပါသည်။                      

(၂) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာမရှိ။ ကြားနာသိမှတ်ထားအပ်ကုန်ပြီးသော ပရိယတ္တိတရားတို့ကို နှုတ်တက်အရ ဆောင်နိုင်သောသဘောမရှိ၊ နှုတ်တက်အရ ဆောင်ထားသောတရားတို့၏ အနက်အဓိပ္ပာယ်ကို စူးစမ်းဆင်ခြင်လေ့မရှိ၊ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာ ကျင့်လေ့မရှိ။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်ကားပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုသူသည် သူတစ်ပါးအကျိုးစီးပွားအလို့ငှါသာကျင့်၍ မိမိအကျိုးစီးပွားအလို့ငှါ မကျင့်သောပုဂ္ဂိုလ်မည်ပါသည်။ ယခုကာလ၌ ပိဋကတ်တရားတော်များကို ထွန်းထွန်းပေါက်ပေါက် တတ်မြောက်အောင် မသင်ကြားနိုင်သော်လည်း စကားပြောကောင်း တရားဟောကောင်း၍ ရဟန်းရှင်လူများ အကျိုးစီးပွားဖြစ်ထွန်းအောင် မိမိတတ်ထားသမျှ ဟောပြောပြသနေသောပုဂ္ဂိုလ်များသည် ဤဒုတိယပုဂ္ဂိုလ် အမျိုးအစားတွင် ပါဝင်ဖွယ်ရှိပါသည်။

(၃) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာမရှိ။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာကျင့်လေ့မရှိ၊ ကောင်းသောစကား၊ ကောင်းသောအသံနှင့်လည်းမပြည့်စုံ၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည် စေခြင်းငှါမစွမ်းနိုင်၊ ထိုသူသည် မိမိအကျိုးစီးပွားအလို့ငှါလည်း မကျင့်၊ သူတစ်ပါးအကျိုးစီးပွားအလို့ငှါလည်း မကျင့်သောပုဂ္ဂိုလ်မည် ပါသည်။

ယခုကာလ၌ စာပေပရိယတ္တိကိုလည်း တတ်သိအောင်မသင်ကြား၊ စကားကိုလည်း သူတစ်ပါးနားဝင်အောင်မပြောတတ်၊ တရားလည်းမဟောတတ်၊ ရဟန်းရှင်လူများ အကျိုးစီးပွားဖြစ်ထွန်းအောင်လည်း မစွမ်းဆောင်သောပုဂ္ဂိုလ်များသည် ဤတတိယပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်ဖွယ်ရှိပါသည်။                                

(၄) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာရှိ၏။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်လည်းပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည်စေခြင်းငှါစွမ်းနိုင်၏။ ထိုသူသည် မိမိအကျိုးစီးပွား အလို့ငှါလည်းကျင့်၍ သူတစ်ပါးအကျိုးစီးပွားအလို့ငှါလည်း ကျင့်သောပုဂ္ဂိုလ်မည်ပါသည်။         

ယခုကာလ၌ စာပေပရိယတ္တိကိုလည်း တတ်သိအောင်သင်ကြားပြီး နောက်သာသနာတော်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြမည့် ရဟန်းသာမဏေများကို စာပေသင်ကြားပို့ချခြင်း၊ ရဟန်းရှင်လူ တို့အား စစ်မှန်သောသာသနာကို သိရှိနားလည်အောင် တရားတော်များကို ဟောကြားခြင်း၊ သာသနာတော်၏အနှစ်ဖြစ်သော အကျင့်မှန်ကို ကျင့်သုံးဆောက်တည်နိုင်အောင် ရဟန်းရှင်လူတို့အား သင်ကြားပြသမှုရှိခြင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး စည်ပင်ပြန့်ပွား ထွန်းကားအောင် သာသနာပြုလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပြုလုပ်အားထုတ်ခြင်းတို့သည် ဤစတုတ္ထပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်ဖွယ်ရှိပါသည်။


တိပိဋကစာမေးပွဲအောင်သာသနာ့အာဇာနည် အရှင်မြတ်တို့ဘုရား-

ပိဋကတ်ကျမ်းစာများကို သင်ယူတတ်မြောက်အောင် ကြိုးစားအားထုတ်တော်မူကြပြီးလျှင် မြတ်စွာဘုရားရှင်သာသနာတော်မြတ်ကြီး တည်တံ့ပြန့်ပွားစည်ကားတိုးတက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ကြမည့် မျိုးဆက်သစ်ရဟန်းသာမဏေငယ်များကို ပရိယတ္တိစာပေသင်ကြားပေးခြင်းဖြင့်လည်းကောင်း၊ ရဟန်းရှင်လူအပေါင်းတို့အား ထေရဝါဒပိဋကတ်တော်များနှင့်အညီ တရားဓမ္မဟောပြတော်မူကြ၍လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်၏ အနှစ်သာရဖြစ်သော ပဋိပတ်အကျင့်မှန်ကို ကျင့်သုံးဆောက်တည်နိုင်အောင် သင်ကြားပြသတော်မူကြ၍လည်းကောင်း သာသနာပြုလုပ်ငန်းများကို စွမ်းအားရှိသမျှ ကြိုးစားအားထုတ်တော်မူကြ၍လည်းကောင်း ခိပ္ပနိသန္တိသုတ်လာ ပုဂ္ဂိုလ်လေးမျိုးတို့အနက် စတုတ္ထပုဂ္ဂိုလ်မျိုးတွင်ပါဝင်သော သာသနာ့အာဇာနည် ဂုဏ်ရည်ထူးချွန်ပုဂ္ဂိုလ်မွန်ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြလိမ့်မည်ဟု ယုံကြည်ကိုးစားအားထားလျက် ရှိကြပါသည်။

အရှင်မြတ်တို့ကလည်း ခိပ္ပနိသန္တိသုတ်၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် အတ္တဟိတပရဟိတ ပဋိပန္နစတုတ္တပုဂ္ဂိုလ် မျိုးဖြစ်အောင် ကြိုးစားအားထုတ်တော်မူကြပါ၊ နိုင်ငံတော်အစိုးရအမှူးပြုသည့် ဒါယကာဒါယိကာမအပေါင်းတို့ကလည်း သာသနာ့အာဇာနည်အရှင်မြတ်တို့ ရွှင်လန်းချမ်းမြေ့စွာ သာသနာပြုနိုင်ကြစေရန် ပစ္စည်းလေးပါးထောက်ပံ့ကြလျက် သာသနာပြုကုသိုလ်ထူးကို ဆည်းပူးအားထုတ်ကြပါဟု တိုက်တွန်းလျက် သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။ ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)