(၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်











ပဲခူး၊ မေ ၂၇

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက (၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွား ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ဆရာမများမှ သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်ကာ လိုက်နာရမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြုသစ္စာ အဓိဌာန်များအား အလေးထား လိုက်နာပြီး ဘက်စုံထူးချွန်သော၊ ပြည်သူအားကိုးရသော သားဖွားဆရာမ ကောင်းများဖြစ်စေရန် ကြိုးစား နေထိုင်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသများရှိ မိခင်နှင့်မွေးကင်းစ ကလေး ကျန်းမာရေးမြှင့် တင်ပေးခြင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပြင် ဝါသနာကို အရင်းပြုပြီး စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ် နှစ်ဆုံးစာမေးပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်း ပထမနှစ်ဝက် စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးချယ်ရီအောင်တို့က  သင်တန်းသူလေး များအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဘာ့သူနာပြု မိခင်ကြီး မီးအိမ်ရှင် ဖလော်ရင့်(စ)နိုက်တင်ဂေးအား ဂုဏ်ပြုသောအားဖြင့် သင်တန်းသူများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြကာ သူနာပြုအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

ထို့နောက် သင်တန်းသူများက ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဆရာမများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ပဲခူးမြို့ သားဖွားသင်တန်းကျောင်းအနေဖြင့် (၁၈)လ သင်တန်းလက်မှတ်ရ သားဖွားဆရာမ (၁၁၂၇)ဦး နှင့် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ် သင်တန်းလက်မှတ်ရ သားဖွားဆရာမ (၂၄၉)ဦး၊ စုစုပေါင်း (၁၃၇၆)ဦး အောင်မြင်စွာ မွေးထုတ်ပေးထားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)