လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ



လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉) ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ (၂၇) ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂) ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့်စက်များ၏ စက်တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင်အင်အားအတိုင်း စက်များအားစွမ်းအားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။


သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင် (၇၅ မဂ္ဂါဝပ်) ၊ ဘီလူးချောင်း (၁) ၊ (၂) ၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်) နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့် ဓာတ်အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။


ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀%) ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခုကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။


ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာ သွန်းနိုင်မှုအောက်တွင်ဆက်လက်ရှိနေ၍ ဆည်များ၌ရေပြည့်ဝစွာမရရှိခြင်း ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထား သောစက်များ၏ စက်စွမ်အားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည့်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။


အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အား အချိုးကျခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန် အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးပေးလျက်ရှိပါသည်။


အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေဖြန့်ဖြူးထားသော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency) အောက်ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟိုဓာတ်အားကွပ်ကဲရေးဌာန (National Control Centre) မှ အရေးပေါ်ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိပါသည်။


တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ဓာတ်အားလိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား(၇၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ကာ၊ ဓာတ်အားခွဲရုံကြီး (၅) ရုံဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ် နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉) တိုင်အား အစားထိုးပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။


အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေး အတွက် ဓာတ်အားသုံးစွဲသူများမှ ဓာတ်အားခရရှိရေးအတွက်လည်း မီတာခပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေးကောက်ခံခြင်း၊ စတုတ္ထလတွင်လအလိုက် ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကိုဆောင်ရွက်ခဲ့၍ စုစုပေါင်းမီတာအလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။


၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀ မဂ္ဂါဝပ်)၊ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်)၊ စေတုတ္တရာ (၃၀ မဂ္ဂါဝပ်) နှင့် ကင်းတား (၃၀ မဂ္ဂါဝပ်) စုစုပေါင်းဓာတ်အားပေးစက်ရုံ (၄) ခု တပ်ဆင်အင်အား (၁၁၀ မဂ္ဂါဝပ်) ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (PPA) ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားစတင်စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုးထုတ်လုပ်နိုင်ခဲ့ ပါသည်။


သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ် ဓာတ်အားများ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိ ပေးအပ်ပါသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)