ဧရာဝတီတိုင်းဒေသကြီး သီးနှံစိုက်ဧကနှင့် အထွက်နှုန်းကိန်းဂဏန်း အချက်အလက်စားရင်းဇယားများမှန်ကန်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး သီးနှံစိုက်ဧကနှင့် အထွက်နှုန်းကိန်းဂဏန်း အချက်အလက်စားရင်းဇယားများမှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ မေ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၁၀-၅-၂၀၂၄ ရက်နေ့က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားရေကာတာကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း မြစ်ရေစီးကြောင်း ပြောင်းလဲလာသဖြင့် ကမ်းပြိုကမ်းစားမှု ဖြစ်စဉ်များ စတင်ဖြစ်ပေါ်ခဲ့မှု၊ ရေကြီးရေလျှံခြင်းမှကာကွယ်ရန် တည်ဆောက်ထားသော ဦးမိုးလေးဖြတ်တာကို ၂၀၁၉ ခုနှစ်မှစတင်၍ မြစ်ရေတိုက်စားခံရပြီး နှစ်စဉ်ကမ်းပြို ကမ်းစားခြင်းဖြစ်ပေါ်ခဲ့ကာ ဟင်္သာတမြို့သို့ ရေစီးကြောင်း ဆက်လက်ဦးတည်လာသဖြင့် လိုအပ်သောပန်းတာနှင့်ဖြတ်တာများ တည်ဆောက်ခြင်း၊ တာမျက်နှာပြင်များ သတ်မှတ်အမြင့်ရရှိရန် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ လတ်တလောဆောင်ရွက် မည့်အစီအစဉ်များနှင့် ရေရှည်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်ခန်းမ၌ ဟင်္သာတနှင့် မြန်အောင်ခရိုင်းအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်းအမှုထမ်းများကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မြေပြင်အခြေအနေမှန်ကို အနီးစပ်ဆုံးသိရှိအောင် လက်တွေ့ကွင်းဆင်း၍ ကြိုးစား‌ဆောင်ရွက်ပေးကြရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းကိန်းဂဏန်းအချက်အလက် စာရင်းဇယားများမှန်ကန်ရေး၊ စိုက်ပျိုးရေးဦးစီးဌာနကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် အခြားဆက်စပ်ဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းတာဝန်ခံများအနေဖြင့် အချက်အလက်ကိန်းဂဏန်းများကို ကိုယ်တိုင် ကွင်းဆင်းကောက်ယူကြရာတွင် တောင်သူများ၏ လိုအပ်ချက်များကို သိရှိရေးနှင့် ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများကို ပံ့ပိုးကူညီနိုင်ရေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စတင်ကောက်ယူ နေပြီဖြစ်သော ရေသောက်စနစ်အလိုက် စိုက်ပျိုးမည့်မျိုး၊ အထွက်နှုန်းစာရင်းများကို စိစစ်ပြီး မျိုး၊ မြေ၊ ရေ၊ နည်းပညာ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်သွားရန်၊ ဆီထွက်သီးနှံအထူးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်၍ အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ဧကစာရင်း မှန်ကန်ရေး၊ အထွက်နှုန်းစာရင်းများ မှန်ကန်ရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားကြ သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့ အထက(၂) ရွှေကူပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံဇုန်(၁)၊ ဇုန်(၂) တောင်သူများကို တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆီဖူလုံရေး မူဝါဒနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက စပါးအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ဖွယ်ရာများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများ၏ မေးမြန်း ချက်များကို အသေးစိတ်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)