စာပေနှင့်ပတ်သက်ပြီး အစွန်းအထင်းမခံနိုင်ကြောင်း၊ စာပေသည် နိုင်ငံတော်၏အသက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာပေနှင့်ပတ်သက်ပြီး အစွန်းအထင်းမခံနိုင်ကြောင်း၊ စာပေသည် နိုင်ငံတော်၏အသက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


ရန်ကုန်၊ မေ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံစဉ် စာပေနှင့်ပတ်သက်ပြီး အစွန်းအထင်းမခံနိုင်ပါကြောင်း၊ စာပေသည် နိုင်ငံတော်၏အသက်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယနေ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့ကို လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ် ရာသီတွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်မှုတို့အပေါ် အားနည်းချက်၊ အားသာချက်များအပေါ်သုံးသပ်ပြီး ယခုနှစ်တွင်လည်း ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ စနစ်တကျ စိစစ်ရွေးချယ်စေလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း ပထမအကြိမ် စာပေဆုပေးပွဲကို ရန်ကုန်မြို့ မြဝတီစင်တာတွင်လည်းကောင်း၊ ဒုတိယအကြိမ် စာပေဆုပေးပွဲကို နေပြည်တော်တွင်လည်းကောင်း၊ ယခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် စာပေဆုပေးပွဲကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ စာပေပညာရှင်ကြီးများ ရွေးချယ်ဆုံးဖြတ်ထားသည့် ဆုနှင့်ပတ်သက်ပြီး အထူးပြောစရာမလိုပါကြောင်း၊ ဆုရွေးချယ်ရေးနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ဆုံးဖြတ်ချက်၊ သုံးသပ်ချက်များ မှန်ကန်စွာဖြင့် ရွေးချယ်စေလိုပါကြောင်း၊ အမျိုးသားစာပေတစ်သက်တာဆုသည် အင်မတန်မွန်မြတ်သည့် ဆုဖြစ်သည့်အတွက် စဉ်းစားချင့်ချိန်ဆုံးဖြတ်ပြီးမှ ရွေးချယ်စေလိုပါကြောင်း။

အမျိုးသားစာပေတစ်သက်တာဆုနှင့်ပတ်သက်ပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါသည် စာပေနှင့်ပတ်သက်ပြီး အစွန်းအထင်းမခံနိုင်ပါကြောင်း၊ စာပေသည် နိုင်ငံတော်၏အသက်ဖြစ်ပါကြောင်း၊ စာတစ်ကြောင်း၊ စာတစ်ပိုဒ်သည် အလွန်အရေးကြီး ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း စာဖတ်ရှိန်မြှင့်တင်ရန် လမ်းညွှန်ချက်ပေးထားပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ်လေ့လာဆည်းပူးနေသည့် လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရန် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆု၊ စာမူဆု ရွေးချယ် ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ညွန့် (တက္ကသိုလ် မြတ်သူ)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ စာအုပ်များလက်ခံရရှိမှု၊ ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး ပုံနှိပ်စက်ရုံအတွင်း စက်များတပ်ဆင်ထားရှိမှု၊ ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စက်ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်အဆင့်အပ်နှံသော ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများ၊ ဌာနကထုတ်ဝေသော အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ထုတ် စာအုပ်/ စာစောင်များ၊ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသော ကျောင်းသုံးဖတ်စာအုပ်များနှင့် အခြားဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ယခုနှစ်မှစတင်ပြီး နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ် စာစောင်များ ပုံနှိပ်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်စက်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးအောက်ရှိ ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပုံနှိပ်ထုတ်လုပ်မှု အရည်အသွေးကောင်းမွန်မှု ရှိစေရေး၊ အပ်နှံသည့်လုပ်ငန်းများ အမှားအယွင်းမရှိ အရည်အသွေးကောင်းမွန်မှုရှိစေရန်နှင့် သတ်မှတ်ရက် အချိန်မီထောက်ပံ့နိုင်ရေး၊ ကုန်ကြမ်းပစ္စည်းများ အလေအလွင့်မရှိစေရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် စေတနာအပြည့်အဝဖြင့် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားပြီး ပုံနှိပ်စက်ရုံများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက်သို့ ရောက်ရှိပြီး ပုံနှိပ်စက်တပ်ဆင်ထားရှိမှု၊ ကြံ့ခိုင်ရေးဆောင်ရွက်ထားရှိမှု၊ ပုံနှိပ်စက်ဝန်ထမ်းအင်အား၊ သတင်းစာရိုက်နှိပ်မှုအပြင် ပြင်ပပုံနှိပ်လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)