(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ





နေပြည်တော်၊ မေ ၅

၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ မေလ (၃)ရက်နေ့က စတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ပြပွဲတွင် ပြည်တွင်း ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မေ ၄ ရက်တွင် ရောင်းချမည့် ပုလဲအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ်(၂၀၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မေလ(၄)ရက်နေ့က ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ် (၂၀၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချရကြောင်း ကြေညာသည်။

ယမန်နေ့က ရောင်းချခဲ့သည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးသတ်မှတ်ထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။

ပြပွဲတတိယနေ့တွင် ပုလဲအတွဲအမှတ်(၂၀၁)မှ အတွဲအမှတ်(၄၀၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင် များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ရတနာပြပွဲတွင် ပုလဲအတွဲ ပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၀၀၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၅၀ နှင့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၈၀၀ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ပုလဲအတွဲများကို မေ ၃ ရက်တွင် စတင်ခင်းကျင်းပြသပြီး မေ ၄ ရက်နှင့် ၅ ရက်တို့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို မေ ၃ ရက်မှ ၅ ရက်အထိ ခင်းကျင်းပြသပြီး မေ ၆ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ (A) နှင့် (B)အုပ်စုမှ ကျောက်စိမ်းအတွဲများကို မေ ၃ ရက်မှ ၆ ရက်အထိ ခင်းကျင်းပြသပြီး မေ ၇ ရက်မှ ၉ ရက်အထိလည်းကောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို မေ ၃ ရက်မှ ၁၀ ရက်အထိ ခင်းကျင်းပြသပြီး မေ ၁၁ ရက်မှ ၁၂ ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ယခုပြပွဲတွင် ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့်လည်းကောင်း သတ်မှတ်ထားပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာကုန်သည်များ အနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စု ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသည့် မြန်မာကျပ် ငွေဖြင့်လည်းကောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

(၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေ တိုးတက် ရရှိစေရေး၊ နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊ ပြည်တွင်း၌ ပုလဲများရောင်းချခြင်းအားဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ အောင်မြင်စွာကျင်းပခဲ့ရာ ယခုကျင်းပ ပြုလုပ်သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)