ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

 





ရန်ကုန်     ၊     မေ    ၂၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘုရင့်နောင်လမ်းမကြီးနှင့် ကန်သာယာ(၁)လမ်းထောင့်ရှိ ရေကန်အား အများပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရန် ပြုပြင်ဆောင်ရွက်နေမှုနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနှင့် ကန်သာယာ(၁)လမ်းထောင့်ရှိ ရေကန်အား အများပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ အပန်းဖြေနိုင်စေရန်နှင့် ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်အတွက် ကန်ပတ်လမ်း အား ကွန်ကရစ်ခင်းကျင်းဆောင်ရွက်နေမှု၊ ရေကန်၏ ခြံစည်းရိုးအပြင်ဖက်တွင် ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများ တူဖော်ဆောင်ရွက်နေမှု၊ ရေကန်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကန်၏ ဘေးတွင် အားကစားပစ္စည်းများနှင့် အများပြည်သူများ သက်တောင့်သက်သာ အပန်းဖြေအနားယူနိုင်စေရန် ထိုင်ခုံများ ထားရှိရေး၊ ရေကန်ပတ်လည်အနီးရှိ မြင်ကွင်းများ ရှင်းလင်းစေရန်အတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်း ဆောင်ရွက်ရန်၊ ရေကန်ပတ်လည် လျှောက်လမ်းနှင့် ခြံစည်းရိုးကြား မြေကွက်လပ်နေရာများတွင် မြေဖို့ခြင်းနှင့် အလှ ပန်းပင်/မြက်ပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ Solar မီးတိုင်များ စိုက်ထူသွားရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီး နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေထိန်းတံခါးကြံ့ခိုင်ရေး၊ ရေထိန်းတံခါး အနီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် နှင့် ရေထိန်းတံခါးအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် နှုန်းများ၊ အမှိုက်သရိုက်များနှင့် ဒိုက်များကို လူအား၊ စက်ယန္တရားအားများဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)