နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး












နေပြည်တော်၊ မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 


မြကန်ရေလှောင်တမံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီးတည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါမုန်တိုင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ အတွင်းသို့ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ ထိုသို့ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် သမိုင်းဝင်အမွေအနှစ်များ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန် လမ်းညွှန်မှာကြားမှုအရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုမရှိစေရန် ရေတွင်းရေကန်များ၊ ရေဝင်ရေထွက်လမ်းကြောင်းများအား လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်ရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှုအနည်းငယ်နှင့် ရေငွေ့ပျံမှုများပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှုနည်းပါးလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေလှောင်တမံများအား ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး တာတမံများ၏ခံနိုင်ရည်စံနှုန်း အရည်အသွေးစစ်ဆေးခြင်းများကို အဆင့်အလိုက်စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆည်တာတမံများကိုသာမက ရေဝင်ရေထွက်မြောင်းများကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်ထားရှိရန်လိုအပ်သည့်အတွက် ရေလှောင်တမံများ၊ ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာတစ်လျှောက် လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေ ရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေး အသေးစိတ်လေ့လာဆောင်ရွက်သွားရန်လို ကြောင်း၊ ရေသည် အထက်မှအောက်သို့သာ စီးဆင်းတတ်သည့် သဘောသဘာဝဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေဝင်ရောက်သည့်အနိမ့်ပိုင်းများ၌ ရေဝင်ထွက်မှုကောင်းအောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ မိုးရွာသွန်းမှုများပြားပါက ရှေးဟောင်းဘုရားစေတီပုထိုးများအတွင်းသို့ ရေစိမ့်ဝင်မှုများပြားလာပြီး ရှေးဟောင်းအမွေအနှစ်များကို အနည်းနှင့်အများ ထိခိုက်ပျက်စီးလာစေနိုင်ကြောင်း၊ ထို့ကြောင့် ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေး အဓိကထားဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြကန်ရေလှောင်တမံဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


ဖျောက်ဆိပ်ပင်ကန်အမှတ် (၁/၂/၃)

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဖျောက်ဆိပ်ပင်ရွာအနီးရှိ ဖျောက်ဆိပ်ပင်ကန် အမှတ် (၁/၂/၃) ပြန်လည်တူးဖော်ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဖျောက်ဆိပ်ပင်ကန် အမှတ် (၁/၂/၃) တို့အား ပြုပြင်ထိန်းသိမ်းထားရှိမှုများကို ကန်တစ်ခုခြင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ဇေယျဝတီ (ဇေယျဝေရီ) ကန်

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ (ဇေယျဝေရီ) ကန် ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။


မင်္ဂလာကန်အမှတ် (၃)

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ် (၃) ပြုပြင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။


ရွာဟောင်းကြီးကန်နှင့် ရေတော်မုနိကန်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွာဟောင်းကြီးကျေးရွာအနီးရှိ ရွာဟောင်းကြီးကန်နှင့်ရေတော်မုနိ ဘုရားအနီးရှိ ရေတော်မုနိကန် တူးဖော်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ရေကန်များ တူးဖော်ရေးလုပ်ငန်းဆောင်ရွက်စဉ် ရှေးဟောင်းရေကန်အုတ်ရိုးများ ပေါ်ထွက်လာခဲ့သဖြင့် ရှေးဟောင်းအမွေအနှစ်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုဂံဒေသစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား စီမံချက်ချ၍ဆောင်ရွက်စဉ် ယခုကဲ့သို့ ရှေးဟောင်းအမွေအနှစ်များ ပေါ်ထွက်လာခြင်းသည် အဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်တစ်ခုပင်ဖြစ်ကြောင်း၊ ပေါ်ထွက်လာသည့် အုတ်ရိုးနမူနာအချို့အား အမျိုးအစားခွဲ၍ စနစ်တကျထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မိုးတွင်းကာလသို့ ရောက်ရှိပါက တူးဖော်ရေးလုပ်ငန်းဧရိယာအတွင်းသို့ ရေများဝင်ရောက်မှုမရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်းဖြင့် မှာကြားသည်။ ထိုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ အမြောက်အများရှိသည့်အတွက် ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် မိမိတို့အနေဖြင့် တာဝန်ရှိကြောင်း၊ ထို့ကြောင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စိုက်ပျိုးမြေသုံးစွဲမှုအပါအဝင် အခြားမြေအသုံးချမှုများ စနစ်တကျရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး သတ်မှတ်ထားသည့် စည်းမျဉ်းဥပဒေများနှင့်အညီဖြစ်ရန်လိုကြောင်း၊ အညာဒေသ၏ အငွေ့အသက်များလျော့နည်းပပျောက် မှုမရှိစေရေးအတွက် စိုက်ပျိုးမြေများ၊ ဥယျာဉ်ခြံမြေများ၏ ခြံစည်းရိုးအနားသတ်များတွင် ထန်း၊ မန်ကျည်း၊ တမာနှင့် ထနောင်းတို့ကဲ့သို့သော အညာဒေသနှင့်ကိုက်ညီသည့် အပင်များစိုက်ပျိုးကြရန်လိုကြောင်း၊ ဧရိယာကျယ်ဝန်းသည့်စိုက်ခင်းများအတွင်း၌လည်း အရိပ်ရအပင်များအဖြစ် တမာနှင့် မန်ကျည်းပင်များကို စိုက်ပျိုးနိုင်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းပြီး စိမ်းလန်းစိုပြေသာယာလှပမည်ဆိုပါက ခရီးသွားဧည့်သည်များ ပိုမိုများပြားလာမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများသည်လည်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များအား ပြန်လည်တူးဖော်ပြု ပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုသူ စေတနာရှင်ပြည်သူများအနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ရေး နေ့စဉ်ထုတ်သတင်းများ၌လည်း နှိုးဆော်ထားရှိကြောင်းသိရှိရသည်။


မြင်းပျံပုန်းရည်ကြီးစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ညောင်ဦးမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ မြင်းပျံပုန်းရည်ကြီးထုတ်လုပ် မှုလုပ်ငန်းသို့ သွားရောက်လေ့လာကြည့်ရှုကြရာ လုပ်ငန်းရှင်ဦးခင်မောင်ဝင်းနှင့် ဒေါ်ခင်စောဝေတို့က ပုန်းရည်ကြီးထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသသည်။ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသထုတ်ကုန်လုပ်ငန်းအောင်မြင်မှုများကို တွေ့ရသည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် လုပ်ငန်းပိုမိုတိုးချဲ့ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်ရုံအတွင်းလုပ်ငန်းဆောင်ရွက်မှုများအား သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်မှုရှိရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)