မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပ


ပဲခူး၊ မေ ၁၄

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိ ပညာပေး ဟောပြောပွဲ”ကို ယမန်နေ့က ပဲခူးမြို့ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်များအတွက် အသိပညာပေး ဆွေးနွေးရာတွင် ယနေ့ကျောင်းသားကျောင်းသူ လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ နိုင်ငံ့အကျိုးဆောင်ရွက် ကြရမည့်သူများဖြစ်ကြောင်း၊ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်နှင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုးဆောင်ရွက်ကြမည့်သူများဖြစ်ကြ၍ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ပြည့်ဝ၍ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ၊ လူရည်ချွန်လူရည်မွန်များဖြစ်ရန် လိုအပ်ကြောင်း၊ အသိပညာ၊ အတတ်ပညာပြည့်ဝပြီး လူ့စွမ်းအားအရင်း အမြစ်များပြည့်စုံကောင်းမွန်မှသာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်က အားကိုးအားထားပြုနိုင်မည့် သားကောင်းရတနာ ဖြစ်အောင် ငယ်စဉ်ကတည်းက ကြိုးစား တည်ဆောက်သွားကြရန် တိုက် တွန်းမှာကြားလိုကြောင်း။

လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် အသိပညာဗဟုသုတ လေ့လာလိုက်စားနိုင်ရေး နိုင်ငံတော်က ဘက်စုံပညာရေးစနစ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် အချိန်မတိုင်မီကျောင်းထွက်မှုများပြားပြီး မူလတန်း၊ အလယ်တန်းအဆင့်ဖြင့် ကျောင်းထွက်သွားကြသူ များပြားကြောင်း၊ အခြေခံပညာအထက်တန်းနှင့် အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်မှု ရာခိုင်နှုန်းနည်းပါးနေကြောင်း၊ ထို့ကြောင့်ပညာရေးကို မြှင့်တင်ရန်လိုအပ်သဖြင့် နိုင်ငံတော်အကြီးအကဲ အနေဖြင့် ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးတို့ကို ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများ စာပေဘာသာရပ် တတ်မြောက် ကျွမ်းကျင်ရုံမျှသာမဟုတ်ဘဲ အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝသည့် ဘက်စုံပြည့်ဝထူးချွန်သော လူငယ်များဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း။

ယနေ့ နိုင်ငံတော်တွင်ကြုံတွေ့နေရသည့် မတည်ငြိမ်မှုများ၊ ဆူပူအကြမ်းဖက်မှုများ၊ ဖျက်ဆီးနှောင့်ယှက်မှုများသည် အသိပညာစဉ်းစားဆင်ခြင်မှု အားနည်းသူများ၏ အကျိုးဆက်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး အသိပညာပြည့်ဝကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုကြရန် လိုအပ်ပြီး ဘဝတစ်လျှောက်လုံး လေ့လာဆည်းပူးသင်ယူသည့် လူအဖွဲ့အစည်းအဖြစ် တည်ဆောက်နိုင်မှသာ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်မည်ဖြစ်သည့်အတွက် ယနေ့လူငယ်ကျောင်းသား ကျောင်းသူများသည် အဓိကအခန်းကဏ္ဍမှပါဝင်နေကြောင်း နိုင်ငံတော်အကြီးအကဲက လူငယ်များအပါအဝင် ပြည်သူများလက်လှမ်းမီစွာ စာပေလေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးအလေးထား ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ စာပေလေ့လာဖတ်ရှုရေး တိုက်တွန်းအားပေးလျက်ရှိကြောင်း၊ သက်ရှည်ကျန်းမာပြီး နိုင်ငံ့အကျိုးသယ်ပိုးနိုင်ကြမည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်အောင်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးအတွက်လိုအပ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုသည်မှာ ယခုမှပြဋ္ဌာန်းထုတ်ပြန် အကောင်အထည်ဖော်ခြင်း မဟုတ်ကြောင်း၊ ၁၉­­၅၉ ခုနှစ်ကရှိပြီးဖြစ်သည့် ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းသာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသမိုင်းတွင် ပြည်တွင်းဆူပူအကြမ်းဖက်မှုများနှင့် ပြည်ပကျူးကျော်ရန်စမှုများကို ပြည်သူများပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာဖြင့်သာ ကာကွယ်ထိန်းသိမ်းခဲ့ကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅နှင့် ၃၈၆ အရ နိုင်ငံတော်လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်းနှင့် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့စစ်မဟာဗျူဟာကိုလေ့လာပြီး လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို နိုင်ငံသားတာဝန်အရ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုးမလိုလားသူများက အဖျက်အမှောက်မျိုးစုံဖြင့် ဤဥပဒေကို ဝေဖန်တိုက်ခိုက်နေခြင်းအပေါ် သတိထားကြရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရေအတွက်ဖြင့်သာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်သူများအကြား စိတ်ပူပန်မှုမများကြစေလိုကြောင်း၊ လိုအပ်သည့်အချိန်တွင် နိုင်ငံ့အကျိုးအတွက် ထမ်းဆောင်ကြရမည်ဟူသောစိတ်ထားဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပဲခူးတက္ကသိုလ်စာကြည့်တိုက်အတွက် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်အေးအေးခိုင်ထံသို့ စာအုပ်စာစောင်များနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် အားကစားပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် အခြေခံပညာ ကျောင်းများ အတွက် စာအုပ်/စာစောင်များနှင့် ပဲခူးတက္ကသိုလ်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့သော အားကစားပစ္စည်းများကို တိုင်းဒေသကြီး ပညာရေးမှူး ဦးမျိုးဝင်းအောင်ထံ ပေးအပ်သည်။

ထို့နောက် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသားကျောင်းသူများ နိုင်ငံ့ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရေး တိုက်တွန်းဆွေးနွေးသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်မှဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများ နှင့်လူငယ်များ၊ နွေရာသီအားကစား သင်တန်းများမှ လူငယ်မောင်မယ်များ စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)