ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပိဋကတ် ဘာသာပြန် စာတည်းကော်မတီအဖွဲ့နှင့် တွေ့ဆုံ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး သာသနိက အဆောက်အဦများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပိဋကတ် ဘာသာပြန် စာတည်းကော်မတီအဖွဲ့နှင့် တွေ့ဆုံ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး သာသနိက အဆောက်အဦများ ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၁၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မှ ရဟန်းတော်များ၊ ပိဋကတ် ဘာသာပြန်စာတည်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် ယမန်နေ့က ကမ္ဘာအေးကုန်းမြေရှိ ပိဋကတ်တိုက် အဆောက်အဦ ဗုဒ္ဓသုတေသနစာကြည့်တိုက်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန် စိစစ်တည်းဖြတ်ရေး လုပ်ငန်းသည် ခက်ခဲနက်နဲပြီး အချိန်အတိုင်းအတာတစ်ခုဖြင့် ဆောင်ရွက်ရသည်ဖြစ်၍ ထွက်ရှိလာသော ဘာသာပြန် ကျမ်းစာအုပ်များသည် လွန်စွာအဖိုးတန်ပါကြောင်း၊ ပိဋကသုံးပုံတွင် ပါဠိတော်အုပ်ရေ ၄၀ ရှိပြီး ကျမ်းအားဖြင့် ၅၃ ကျမ်းရှိသည့်အနက် ကျမ်း ၂၇ ကျမ်းမှ အင်္ဂလိပ်ဘာသာပြန် ၂၅ အုပ်ထုတ်ဝေထားပါကြောင်း၊ အဆိုပါစာအုပ် ၂၅ အုပ်သည် အရွယ်အစား အမျိုးမျိုးဖြစ်နေပြီး စာအုပ် ၁၆ အုပ်သည်လည်း Soft Copy မရှိသည့်အတွက် နောင်စာအုပ်ထုတ်ဝေ ရာတွင် စာအုပ်ဆိုဒ်များ ဆဋ္ဌမူဆိုဒ်နှင့်တစ်ပြေးညီဖြစ်စေရေး Optical Character Recognition Soft-ware ဖြင့် Soft Copy ရရှိရေးအတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ သာသနာပြုတာဝန်ထမ်းဆောင်နေသော ရဟန်းတော်တို့၏ ဝိုင်းဝန်းဆောင်ရွက်ပေးမှုဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုတည်းဖြတ် ပြီးသည့် ကျမ်း ခြောက်ကျမ်းကို စာအုပ်ထုတ်ဝေ နိုင်ရေးတည်းဖြတ်ဆဲ ကျမ်းသုံးကျမ်းနှင့် တည်းဖြတ်ရန်ကျန် ကျမ်းကိုးကျမ်းတို့ကို ပိဋကတ်ဘာသာပြန် စာတည်းကော်မတီမှ စိစစ်တည်းဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ ဘာသာပြန်ဆိုရန် ကျန်ရှိသေးသည့် ကျမ်းရှစ်ကျမ်းကို ဘာသာပြန်ဆို နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လျှောက်ထားသည်။

ထို့နောက် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန်လုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှု၊ တည်းဖြတ်ပြီးသည့် ကျမ်းခြောက်ကျမ်းကို စာအုပ်ထုတ်ဝေနိုင်ရေး၊ တည်းဖြတ်ဆဲ ကျမ်း ၁၂ ကျမ်းကို ပြီးစီးအောင်ဆောင်ရွက်ရေး၊ Soft Copy မရှိသည့် စာအုပ် ၁၆ အုပ်ကို Soft Copy ရရှိရေး၊ ထုတ်ဝေပြီး စာအုပ်များထဲမှ အရွယ်အစားမညီသည့် စာအုပ်များကို ဆဋ္ဌမူစာအုပ်အရွယ်အစား ပြောင်းလဲရေးနှင့် ဘာသာမပြန်ရသေးသည့် ကျမ်းရှစ်ကျမ်းကို ဘာသာပြန်နိုင်ရေး စသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရဟန်းတော်များကို နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ပညာရှင် ဆရာ/ ဆရာမကြီးများကို အလှူငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းဌာနသို့ရောက်ရှိပြီး ပါမောက္ခချုပ် ဆရာတော်ကြီးအမှူးပြုသော ဒုတိယပါမောက္ခချုပ် ဆရာတော်များနှင့် မော်ကွန်းထိန်း ဆရာတော်တို့ကို ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရက ပိဋကသုံးပုံဘာသာပြန် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနှင့် အဋ္ဌကထာ၊ ဋီကာ စာအုပ်များ ပြန်လည်ဆောင်ရွက်ရာတွင် ဆဋ္ဌမူအတိုင်း မူရင်းမပျက် ဘာသာပြန်ဆိုနိုင်ရေး၊ စာလုံး ပေါင်းသတ်ပုံ မှန်ကန်ရေး၊ ဝေါဟာရအသုံးအနှုန်း ဆီလျော်မှန်ကန်မှုရှိစေရေး၊ တည်းဖြတ်သည့် အဖွဲ့များအနေဖြင့် သေချာစိစစ်၍ အလေးထားဆောင်ရွက်ရန် ဩဝါဒမြွက်ကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပါမောက္ခချုပ် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ်ဟံသာသီရိကုန်းမြေသို့ရောက်ရှိပြီး ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင် ကျောင်းဆောင်နှင့် ကပ္ပိယကျောင်းဆောင်များ ပြုပြင်တည်ဆောက် ပြီးစီးမှု၊ ကားပါကင်၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေလှောင် ကန် ဆောင်ရွက်ထားမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှု၊ ပြင်ပလျှပ်စစ်မီးနှင့် အခြားဆက်စပ် လုပ်ငန်းများ၊ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေးကောင်းမွန်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)