မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်စာရေးဆရာများအသင်းမှ စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်စာရေးဆရာများအသင်းမှ စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

 



မင်္ဂလာဒုံ  ၊  မေ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းမှစာပေပြိုင်ပွဲ အသီးသီးတွင်ဆုများရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်ဖြစ်သည့် စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို မေ (၁၁) ရက်နေ့ နံနက်ပိုင်းက ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်၊ စွယ်တော်လမ်းရှိ Golden Dream Tea & Food Shop ဆိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားမှူးအဖြစ် မအေးသန္တာအောင်၊ တွဲဖက်အခမ်းအနားမှူးအဖြစ် ဆရာမခင်လေးစိန်(ဘိုကလေး)နှင့် ဆရာမကြွေဖယောင်းတို့က ဆောင်ရွက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း၏ ဂုဏ်ထူးဆောင်နာယကကြီး ဆရာကြီးအောင်ချိန်ဘွားက ဂုဏ်ပြုအဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင်က ဂုဏ်ပြုမုဒိတာစကားပြောကြားရာတွင် စာပေသည်နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုနှင့်အဆင့်အတန်းကို ဖော်ညွှန်းပြသနေပါကြောင်း၊ စာပေဖြင့်နိုင်ငံနှင့်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့်ဂုဏ်ဒြပ်များကိုလည်း မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် စာကြည့်တိုက်များဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်ကအားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စာပေ၏အကျိုးကျေးဇူးများကို ပြည်သူလူထုများကြား စာပေဟောပြောပွဲ၊ စာပေနှီးနှောဖလှယ်ပွဲ၊ စာပေဆိုင်ရာဆွေးနွေးပွဲ၊ စာပေစကားဝိုင်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်စာပေဖွံ့ဖြိုးရေးအတွက် အစဉ်တစိုက်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ယခုလို စာပေဆုများရရှိကြသောဆရာကြီး၊ ဆရာမကြီးတို့သည် ဦးနှောက်နှင့်နှလုံးသားကိုအရင်းအနှီးပြုပြီး ပြည်သူ့အကျိုးပြုစာပေများကို ရေးသားဖော်ထုတ်နိုင်ခဲ့ကြသူများပင်ဟုခံယူပါကြောင်း၊ မိမိတို့၏ နောင်မျိုးဆက်သစ်လူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် စာပေအဟာရများကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေ​ဟု ဆန္ဒပြုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာအသင်းနာယကကြီးနှင့် တာဝန်ရှိသူများက လူမှုထူးချွန်(ပထမ)ဆုရ ဆရာကြီး ကပ္ပိယစန်းလွင်အားလည်းကောင်း၊ စာပေဗိမာန်စာပေပထမဆုရ ဆရာမကြီးသက်ဦးခင်အားလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် နှစ်ဘာသာဂုဏ်ထူးဆုရ မဥမ္မာလွင်အားလည်းကောင်း တပ်မတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် ကဗျာဆုရ ဆရာမမြခြူးအိမ်အားလည်းကောင်း၊ လှိုင်မြို့နယ် စာရေးဆရာအသင်းမှပြုလုပ်သော စာပေပြိုင်ပွဲတွင် ဝတ္ထုတိုတတိယဆုရ ဆရာမလွမ်းနိုနို(ဘော်မြေ)အားလည်းကောင်း၊ အင်းစိန်မြို့နယ် စာရေးဆရာအသင်း၏ စာပေပြိုင်ပွဲတွင် ဝတ္ထုတိုဒုတိယဆုရ ဆရာမမြရည်နန္ဒာအားလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မင်္ဂလာကျော်သူနှင့် ဆရာတင်ညိုမင်း၊ ဆရာမကြွေဖယောင်းတို့က ထပ်ဆင့်ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအား ဆရာမလေးခိုင်ခိုင်(ခ)သဲသဲက အလှူငွေကျပ် တစ်သိန်း၊ ဆရာမကြီးသက်ဦးခင်က အလှူငွေကျပ် တစ်သိန်းနှင့် ဆရာမကြွေဖယောင်းက အလှူငွေကျပ် တစ်သိန်းငါးသောင်းအား အသီးသီးလှူဒါန်းကြရာ မြို့နယ်စာရေးဆရာအသင်း အမှုဆောင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။

ယင်းနောက် စာပေဆုရရှင်များကိုယ်စားပြုအနေဖြင့် ဆရာမကြီးသက်ဦးခင်က ဆုရရှိသူများအားလုံးသည် စာပေဖြင့်နိုင်ငံနှင့်လူမျိုးအတွက် အလုပ်အကျွေးပြုနေကြသူများဖြစ်ကြပါကြောင်း၊ ယခုလို ထပ်ဆင့်ဂုဏ်ပြုပွဲကို စီစဉ်ဆောင်ရွက်ပေးခြင်းကြောင့် စာပေသမားများ တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ကြည်မှုကို ရရှိစေခဲ့ပါကြောင်းစသည်ဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ငွေစိုး(ရွှေကြန့်မြေ)က နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


မင်းသိန်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)